Friday 12 December 2008

ဒေါ်အောင်ဆန်းစုကြည်ကို ရှေ့နေနှင့် တွေ့ခွင့်မပြု


Print E-mail
နန်းဒေ၀ီ
ကြာသပတေးနေ့၊ ဒီဇင်ဘာလ 11 2008 20:15 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ နေအိမ်အကျယ်ချုပ် ကျခံနေရသော အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမ၏ ရှေ့နေတို့ တွေ့ဆုံခွင့်ကို စစ်အစိုးရက တားမြစ်လိုက်သည်။

တရားမ၀င် ရက်လွန် ချုပ်နှောင်ထားသည်ဟု နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင်ဘက်က အာဏာပိုင်များထံ အယူခံလွှာ တင်သွင်းထားသည့် ကိစ္စနှင့်ပတ်သက်၍ ရှေ့နေဦးကြည်ဝင်းက သူ၏ အမှုသည်နှင့် ဒီဇင်ဘာ ၈ ရက်နေ့ သို့မဟုတ် ၁၀ ရက်နေ့တွင် တွေ့ဆုံလိုကြောင်း တင်ပြခဲ့ရာ ယမန်နေ့က ငြင်းပယ်သည့် အကြောင်းပြန်ကြားချက် ရခဲ့သည်။

အယူခံလွှာအား ၀န်ကြီးအဖွဲ့က ကိုင်တွယ်နေပြီဖြစ်ကြောင်း အသိပေးခဲ့သည်ဟု ဦးကြည်ဝင်းကို ကိုးကား၍ သူမ၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

"အယူခံလွှာကို ၀န်ကြီးအဖွဲ့ ကိုင်တွယ်နေပြီလို့ အကြောင်းပြချက်နဲ့ ဦးကြည်ဝင်းကို မနေ့က ပြောလိုက်တယ်"

"ကိုင်တွယ်တယ်ဆိုတဲ့ စကားက အဓိပ္ပာယ် အများကြီးရှိပါတယ်။ ဒါကြောင့် ဒီအပေါ်မှာ အန်ကယ်တို့ အဓိပ္ပာယ်ဖော်ရ ခက်ပါတယ်" ဟု သူက ဆက်ပြောသည်။

ကုန်လွန်ခဲ့သည့် ၁၉ နှစ်တာကာလအတွင်း ၁၃ နှစ်ကျော်ကာလကို အချုပ်နှောင်ခံဘ၀ဖြင့် ဖြတ်သန်းခဲ့ရသူ ဒေါ်အောင်ဆန်းစုကြည်က သူမသည် မတရားသဖြင့် နေအိမ်အကျယ်ချုပ် ကျခံနေရတာဖြစ်ပြီး ထိန်းသိမ်းသည့် ကာလကလည်း ကျော်လွန်နေသည်ဟု နေပြည်တော်အစိုးရကို အောက်တိုဘာ ၉ ရက်နေ့ကတည်းက အယူခံလွှာ တင်သွားထားသည်။

အမှုအတွက် ရှေ့နေနှင့် ယခင်က သုံးကြိမ် ဆွေးနွေးခွင့်ရခဲ့ပြီးဖြစ်သည်။ ဥပဒေအရ ခွင့်ပြုထိုက်သည့်အရာကို အစိုးရက ငြင်းပယ်ခြင်းဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

"ဥပဒေအရ ခွင့်ပြုထိုက်သည့်အရာကို ငြင်းပယ်ထားတယ်လို့ အန်ကယ် မြင်တယ်။ ရှေ့နေနဲ့ အမှုသည်ဟာ လွတ်လွတ်လပ်လပ် တွေ့ဆိုခွင့် ရှိသင့်တယ်။ ဥပဒေ သဘောအရလည်း ရှိတယ်။ ဒါကို တွေ့ခွင့် ငြင်းပယ်ခံထားတယ်လို့ အန်ကယ်မြင်တယ်"

"တွေ့ဖို့ဆိုတာ အယူခံကို လျှောက်လဲချက် ပေးလို့ရှိရင် ဘယ်အချက်အလက်တွေ ဒေါ်အောင်ဆန်းစုကြည်က ပါစေချင်လဲ။ ဘယ်အချက်အလက်တွေတော့ မပါစေချင်ဘူးဆိုတာကို ကာယကံရှင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်ပင်သင့်တာပေါ့" ဟု သူက ပြောသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးသူများ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေဖြင့် ကန့်သတ်ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲအပြတ်သတ်ဖြင့် အနိုင်ရခဲ့သော်လည်း အာဏာအပ်နှင်းရန် စစ်ခေါင်းဆောင်များက ငြင်းဆန်ထားခဲ့ကြသည်။

0 Comments:

Post a Comment

Subscribe to Post Comments [Atom]

Links to this post:

Create a Link

<< Home