Friday, December 12, 2008

လွှတ်တော်အမတ် ဦးအုန်းကြိုင် ပြန်လွတ်လာ

သန်းထိုက်ဦး
သောကြာနေ့၊ ဒီဇင်ဘာလ 12 2008 19:29 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနှင့် ပါတီအကြောင်းကို အာဏာပိုင်များက ၂ လကြာ ဖမ်းဆီးမေးမြန်း ပြီးနောက် မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ် ဦးအုန်းကြိုင်ကို ယမန်နေ့က အင်းစိန်ထောင်မှ ပြန်လွှတ်ပေးလိုက်သည်။

အသက် ၆၃ နှစ်အရွယ် ဦးအုန်းကြိုင်သည် မန္တလေးတိုင်း အရှေ့တောင်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ လွှတ်တော် ကိုယ်စားလှယ်နှင့် ပါတီ၏ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးအဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ကာ ရှိထားသည့် အချက်အလက်များနှင့် ကွဲလွဲနေသည်ဟုဆိုကာ ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

"သူတို့ (အာဏာပိုင်) သိထားတဲ့ အကြောင်းတွေလည်း ရှိမှာပေါ့ဗျ။ အဲဒါတွေ ကျနော်နဲ့ ဆွေးနွေးကြည့်တဲ့ အခါကျတော့ ကျနော့်အပေါ်မှာ သူတို့ သိထားတာတွေဟာ အကုန်လုံး ဘာမှ မဟုတ်တာတွေ သိသွားလို့ ပြန်လွှတ်ပေးခဲ့တာပါ" ဟု ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

အာဏာပိုင်ဘက်က သိရှိထားသည့် အချက်အလက်များ ဆိုသည်ကိုမူ သူက ပြောဆိုရန် ငြင်းဆိုခဲ့သည်။

သူ့ကို လက်ရှိနေထိုင်ရာ ရန်ကုန်တိုင်း တောင်ဥက္ကလာပ နေအိမ်မှ ဖမ်းဆီးသွားပြီး ညတွင်းချင်းပင် ပဲခူးထောင်သို့ ပို့ဆောင်ကာ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ရန်ကုန် အင်းစိန်ထောင်သို့ ပို့ဆောင်ချုပ်နှောင်ထားခဲ့သည်။

ယခုလို ပြန်လွှတ်ပေးမည်ဟု ထင်မှတ်မထားသော်လည်း အင်းစိန်ထောင်မှူးတဦးက ပစ္စည်းများ သိမ်းဆည်းရန် နံနက် ၁၁ နာရီခန့်တွင် ပြောဆိုပြီးနောက် နေအိမ်သို့ ပြန်ပို့ပေးခဲ့ကြသည်။

"ကျနော်ဟာ မြစ်ဝကျွန်းပေါ်က မော်လမြိုင်ကျွန်းသားဖြစ်တယ်။ ကျနော့်ကို လူကြီးတွေက တာဝန်ပေးတယ်။ နာဂစ်အပြီးမှာ အဲဒီဒေသကို ရောက်သွားတဲ့အခါ အလွန်ကြီးမားတဲ့ ဒုက္ခတွေကို တွေ့လိုက်ရတော့ ရင်ထဲမှာ အတော်ကို ခံစားရတယ်။ အလွန်ကြီးမားတဲ့ ဂရုဏာနဲ့၊ စေတနာနဲ့ အစွမ်းကုန် ဆောင်ရွက်တာပေါ့လေ။ ကျနော့် ကော်မတီနဲ့တကွ အားလုံးပဲ ဆောင်ရွက်ကြပါတယ်" ဟု သူက ပြောသည်။

၁၉၉ဝ ခုနှစ် စက်တင်ဘာလတွင် အာဏာပိုင်များက နိုင်ငံတော် အကြည်ညိုပျက်စေရန် ရေးသားဖြန့်ဝေမှုနှင့် နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်သည်ဟု စွပ်စွဲခဲ့ကာ ထောင်ဒဏ် ၁၇ နှစ် ပြစ်ဒဏ်ပေးပြီးနောက် ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၃ ရက်တွင် ပဲခူးတိုင်း တောင်ငူထောင်မှ ပြန်လွတ်လာခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်သည်။

ဦးအုန်းကြိုင်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့သူဖြစ်ကာ ဗဟိုကော်မတီအဖွဲ့ဝင် ဖြစ်ခဲ့သည်။ သူသည် သတင်းထောက်တဦးလည်း ဖြစ်ခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates