Thursday, May 15, 2008

ဆိုင်ကလုံးဒဏ်ခံ မြစ်ဝကျွန်းပေါ်ကို နအဖ က နောက်တဖန် အထီးကျန်အောင်လုပ်

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 22:40 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ နိုင်ငံရပ်ခြားနှင့် မြန်မာ အကူအညီပေးရေး လုပ်သားများ ဝင်ရောက်ခွင့်ကို မြန်မာစစ်အစိုးရက ကန့်သတ် ချုပ်ချယ်မှုများ အသစ်တဖန် ထပ်မံ ပြုလုပ်လိုက်သည်။ ယခုအခါ စာနယ်ဇင်းသမားများ သွားရောက်ခွင့်နှင့် ကင်မရာများ အသုံးပြုခွင့်ကိုပါ ပိတ်ပင်လိုက်ပြီ ဖြစ်သည်။

ရန်ကုန်နှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများ ပြန်လည် တည်ဆောက်ရေးအတွက် တာဝန် ပေးအပ်ခံရသည့် မြန်မာလူမျိုး စီးပွားရေး လုပ်ငန်းရှင်များကို ဤလျှို့ဝှက် အမိန့်အကြောင်း ဝန်ကြီးချုပ် သိန်းစိန်က ရန်ကုန်တိုင်း စစ်ဌာနချုပ်တွင် အင်္ဂါနေ့က ပြုလုပ်သည့် အစည်းအဝေး၌ ပြောပြခဲ့ခြင်း ဖြစ်သည်။

“ဘယ်နိုင်ငံခြားသားကိုမှ မြစ်ဝကျွန်းပေါ်ဒေသကို သွားခွင့်ပြုမှာ မဟုတ်ဘူးလို့ သိန်းစိန်က မနေ့က ပြောခဲ့တာ။ မြန်မာ ကုမ္ပဏီတွေတောင်မှ ကင်မရာယူခွင့် မပြုဘူး” ဟု စစ်တပ်နှင့် နီးစပ်သည့် သတင်းရပ်ကွက် တခုက မဇ္ဈိမကို ပြောသည်။

ဧရာဝတီတိုင်း ဘိုကလေးမြို့မှ မကြာသေးခင်က ပြန်လာခဲ့သည့် ဘတ်စ်ကားမောင်းသူ တဦးကလည်း ခရီးသည်များကို စစ်ဆေးမေးမြန်းရန် လမ်းတလျှောက် စစ်ဆေးရေးဂိတ်များ အစိုးရက ချထားသည်ဟု ဆိုသည်။

“နိုင်ငံခြားသားတွေကို ဒေသတွင်း ဝင်ရောက်ခွင့်ပြုတဲ့ ခွင့်ပြုချက်ပါမစ်တွေ ပြခိုင်းတယ်။ မြန်မာနိုင်ငံသားတွေ ကျတော့ ဘိုကလေးမှာရှိတဲ့ ဆွေမျိုးသားချင်းတွေရဲ့ နေရပ်လိပ်စာတွေနဲ့ သူတို့ရဲ့ နေရပ်လိပ်စာတွေကို မေးလို့ ပြောပြရတယ်” ဟု အဆိုပါ ဘတ်စ်ကားမောင်းသူက ပြောသည်။

အလားတူပင် မြစ်ဝကျွန်းပေါ်ဒေသမှ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ လေဘေး ဒုက္ခသည်များကို ကူညီလို၍ ရန်ကုန်မြို့မှ သွားရောက်ကြသည့် မြန်မာအလှူရှင် ၂ဝ ဦးပါ အဖွဲ့ကိုလည်း ဒေသခံ တပ်ရင်းတရင်းက ပြန်လှည့်သွားခိုင်း၍ လှူဒါန်းခွင့်မရဘဲ ပြန်ပို့ခံခဲ့ကြရသည်။

ရန်ကုန်မှ ဘိုကလေးသွား လမ်းပေါ်တွင် တပ်ရင်းအမှတ် ၆၆ နှင့် ၇၇ တို့က အဆိုပါ အလှူရှင်များကို ရပ်တန့်ခိုင်းခဲ့ခြင်း ဖြစ်သည်ဟု အလှူရှင်များနှင့် နီးစပ်သူတဦးက ပြန်ပြောပြသည်။ အလှူရှင်များက သောက်ရေသန့်များ၊ ဆေးဝါးများ၊ ဆန်များ၊ သကြားနှင့် သောက်သုံး ဓာတ်ဆားရည် ထုပ်များကို သယ်ယူသွားခဲ့ကြခြင်း ဖြစ်သည်။

“ဒေသခံ စစ်တိုင်းဌာနချုပ်က ထုတ်ပေးတဲ့ အထူးပါမစ်တွေပါမှ ဝင်ရောက်ခွင့် ပေးမယ်လို့ စစ်တပ်က အလှူရှင်တွေကို ပြောတယ်။ ပြီးတော့ ပြန်လှည့်သွားခိုင်းလိုက်တာပဲ” ဟု အဆိုပါ သတင်းရပ်ကွက်က မဇ္ဈိမကို ပြောသည်။

နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများကို ကန့်သတ်မှုများနှင့် တားမြစ်မှုများ ပြုလုပ်နေခြင်းကြောင့် မြစ်ဝကျွန်းပေါ် ဒေသသို့ အကူအညီ ပေးပို့ရေး လုပ်ငန်းများမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ရန်ကုန်ရှိ ကုလသမဂ္ဂရုံးနှင့် အကူအညီပေးရေး အေဂျင်စီများက ပြောဆိုကြသည်။

“ဒေသခံ ဝန်ထမ်းတွေပဲ အလုပ်လုပ်ခွင့် ပြုတယ်။ နိုင်ငံခြားသား ဝန်ထမ်းတွေကို ခွင့်မပြုဘူး” ဟု ရန်ကုန် ကုလသမဂ္ဂရုံး၏ ပြောရေးဆိုခွင့်ရှိသူ အေးဝင်း က ပြောသည်။ သို့သော် ကုလသမဂ္ဂ နိုင်ငံတကာ ဝန်ထမ်းများအတွက် ဗီဇာလျှောက်ထားရေး လုပ်ငန်းစဉ်ကို လွယ်ကူစေရန် လျှော့ပေါ့ပေးမည်ဟု အစိုးရက ကတိပြုကြောင်း သူက ပြောသည်။

“အစိုးရ တာဝန်ရှိသူ တယောက်က ကုလသမဂ္ဂကို အင်္ဂါနေ့က ဒီလို ကတိပေးသွားတာ” ဟု အေးဝင်းက ပြောဆိုသည်။

မြန်မာအစိုးရသည် လွန်ခဲ့သော ရက်သတ္တပတ်အတွင်း ကုလသမဂ္ဂ ဝန်ထမ်း လက်တဆုပ်စာကိုသာ ဗီဇာ ထုတ်ပေးခဲ့သည်။ ထိုအထဲတွင် နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (IFRC) မှ အနည်းဆုံး ၉ ဦး ပါဝင်သည်။ ကုလသမဂ္ဂ၏ အဓိကကျသော ဝန်ထမ်း ၆ဝ ကျော်မှာ မြန်မာနိုင်ငံတွင်းသို့ ဝင်ခွင့်မရသေးဘဲ ယခုထိ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရဆဲ ရှိသည်။

မြန်မာနိုင်ငံအနေဖြင့် မည်သည့် နေရာမှမဆို ပေးအပ်သည့် အကူအညီများကို လက်ခံကြိုဆိုမည် ဖြစ်ပြီး အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းများ ဝေငှရေးကိုမူ အစိုးရကိုသာ ခွင့်ပြုမည်ဟု တရားဝင် ထုတ်ပြန် ကြေညာချက်က ဆိုသည်။

“ဝင်ရောက်ခွင့်ဟာ တကယ့်ကို ပြဿနာကြီးပါပဲဗျာ” ဟု ကုလသမဂ္ဂ လူသားချင်း စောင့်ရှောက်မှုရေးရာ ညှိနှိုင်းရေးရုံး (UNOCHA) ဒေသဆိုင်ရာ အကြီးအကဲ Terje Skavadal ကလည်း ပြောဆိုသည်။

ကုလသမဂ္ဂ လျှို့ဝှက် အစီရင်ခံစာများအရ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) နှင့် စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) တို့လည်း မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် မြစ်ဝကျွန်းပေါ် အောက်ပိုင်းဒေသများသို့ ယင်းတို့၏ ဝန်ထမ်းများ သွားရောက်ခွင့် မရကြသေးဟု သိရသည်။

ဥရောပ အကူအညီပေးရေး အေဂျင်စီတခုဖြစ်သည့် နယ်စည်းမထား ဆရာဝန်များအဖွဲ့ (MSF) ကလည်း အရေးပေါ် အကူအညီများကို ယင်းတို့၏ ဝန်ထမ်းများမှ တဆင့်သာ ဖြန့်ဖြူးပေးနေသည်ဟု ဆိုသည်။ သို့သော် သူတို့၏ အဆိုပါ ဝန်ထမ်းများသည်လည်း မြစ်ဝကျွန်းပေါ်ဒေသတွင် ‘ချုပ်ချယ်မှုများတိုး၍’ ခံလာနေရသည်ဟု အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသွားသည်။

“ဥပမာ ဘိုကလေးမှာဆိုရင် အစားအစာနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အလွန်ကြီးမား များပြားစွာ လိုအပ်နေတာကို လိုအပ်သလောက် သူတို့ မပေးနိုင်ခဲ့ဘူး” ဟု အဆိုပါ အကူအညီပေးရေး အုပ်စုက ပြောဆိုလိုက်သည်။

ဤသို့ဒုက္ခသည်များကို အကူအညီပေးရန် စစ်အစိုးရဘက်မှ ပျက်ကွက်ခြင်းအတွက် ရန်ကုန်မြို့နေ လူထုကလည်း အလွန်အမင်း စိတ်ဆိုး ဒေါသထွက်လျက် ရှိသည်။ “သူတို့ဟာ ဗမာပြည်အတွက်လည်း ရှက်စရာ၊ ဗုဒ္ဓဘာသာဝင်တွေ အတွက်လည်း ရှက်စရာ၊ သူတို့ကိုယ် သူတို့အတွက်လည်း ရှက်စရာပဲ” ဟု မြန်မာ ပညာတတ်တဦးက မဇ္ဈိမကို အီးမေးလ်ဖြင့် ဆက်သွယ် ပြောကြားသည်။

(ဆော်လမွန်၊ ဟွိုင်ပီ၊ လာရီရေဂင်နှင့် ရန်ကုန်မြို့မှ သတင်းထောက်တို့က သတင်းပေးပို့၍ မုံပီးက သတင်းအဖြစ် ပြန်လည် ရေးသားသည်။)


မုန်တိုင်းမှလွတ်သော်လည်း ပစ္စည်းခိုးခံရပြန်

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 17:59 - မြန်မာစံတော်ချိန်

ရန်ကုန်။ ။ မုန်တိုင်းမှ အသက်ရှင်လွတ်မြောက်လာသူ ဒုက္ခသည်များ ကျန်ရစ်သည့် ပစ္စည်းများကို လိုက်လံ ခိုးယူမှုများ ဧရာဝတီတိုင်း လပွတ္တာတွင် ဖြစ်ပွားခဲ့သည်။

လေမုန်တိုင်းကြောင့် ရွာပျက်သွားသည့် အခါတွင် ရွာသားများသည် ကြောက်အားလန့်အားဖြင့် ဒုက္ခသည်အဖြစ် မြို့ပေါ်သို့ တက်ပြေးကြရာ ကျန်ရှိသော မပျက်စီးသော ပစ္စည်းများကို ခိုးသူများက လာရောက် ယူဆောင်ကြခြင်း ဖြစ်သည်။

"ဒုက္ခသည်စခန်းမှာ သုံးရက်လောက်နေပြီးတော့ လှေကြုံရှိတာနဲ့ ရွာကို ပြန်လာကြည့်တာ စက်တွေ တစ်လုံးမှ မရှိတော့ဘူး၊ ကျန်တဲ့ပစ္စည်းတွေကိုလဲ မွှေနှောက်ပြီး ရှာထားတာကို တွေ့ရတယ်" ဟု လပွတ္တာမြို့နယ် သင်္ကန်းကြီးရွာသားတဦးက ပြောသည်။

သူ၏ မိန်းမနှင့် ကလေးသည် မုန်တိုင်းကြောင့် ရေကြီးရာတွင် ရေနစ်သေဆုံးခဲ့သည်။

လပွတ္တာမြို့နယ်အတွင်းတွင် ကျေးရွာအုပ်စု ပေါင်းငါးဆယ်ကျော်ရှိပြီး၊ ကျေးရွာပေါင်း တထောင်ဝန်းကျင်ခန့်ရှိရာ ခြောက်ဆယ်ရာခိုင်နှုန်းခန့်သည် ရွာလုံးကျွတ်နီးပါး ပျက်စီးသွားခြင်း ဖြစ်သည်။

ယင်းသို့ ပျက်စီးသွားသော ရွာများတွင် လောဘသားများက ကျန်ရစ်သည့် စက်များ၊ ငါးဖမ်း ပိုက်များ၊ ရွာဝင်အိုးများ နှင့် မသေဘဲ ကျန်ရစ်သည့် ကျွဲနွားများကို လိုက်လံ ခိုးယူလျှက် ရှိကြသည်။


ကျန်ဆန္ဒခံယူပွဲများအတွက် စစ်အစိုးရမဲဆွယ်မှုများဆက်လုပ်နေ

နန်းဒေ၀ီ
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 17:21 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နိုင်ငံပိုင်ရုပ်သံများမှ မုန်တိုင်းဒါဏ်သင့် ဒေသများတွင် ပြုလုပ်မည့်အခြေခံဥပဒေ ဆန္ဒခံယူပွဲအတွက် မဲဆွယ်မှုများကို လေလှိုင်းမှတဆင့် အဆက်မပြတ် ထုတ်လွှင့်နေသည်။

မဲပေးနိုင်ခွင့်ရှိသူ လူဦးရေ ၄ သန်းရှိသော ရန်ကုန်မြို့နယ်များအား ရည်ရွယ်၍ မဲဆွယ်စည်းရုံးရေးသီချင်းများကို မြန်မာ့ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်နေသည်။

နာဂစ်မုန်တိုင်းဒါဏ် အပြင်းအထန်ခံရသော ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၄၇ မြို့နယ်မှလွဲ၍ တနိုင်ငံလုံးအနှံ့အပြားတွင် မေလ ၁၀ ရက်နေ့တွင် မဲပေးပြီးဖြစ်သည်။ ကျန်ရှိနေသေးသော မဲပေးရမည့်သူများမှာ မေလ ၂၄ ရက်နေ့တွင် မဲပေးရမည် ဖြစ်သည်။

'ကိုင်ဇာနဲ့နန်းစုရတီစိုး တို့ဆိုတဲ့ မဲဆွယ်စည်းရုံးရေး သီချင်းတွေကို ရုပ်မြင်သံကြားက လွှင့်နေသည်။ ဆန္ဒခံယူပွဲအတွက် အမှန်ခြစ်ဖို့သီချင်းများက တိုက်တွန်းပြောနေ ကြတယ်။

'ကျနော်တို့ ဒီဗီဒီနဲ့ မြန်မာရုပ်ရှင်ကလွဲလို့ ဘာမှမကြည့်ဖြစ်ဘူး၊ ရုပ်မြင်သံကြားမှာလာတာက ဘာမှ စိတ်ဝင်စားစရာ မရှိဘူး' ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

မေလ ၁၀ ရက်နေ့ ဆန္ဒခံယူပွဲ မတိုင်မှီ နိုင်ငံပိုင်သတင်းစာများနှင့် ပုဂ္ဂလိကပိုင် အပါတ်စဉ် ဂျာနယ်များကို ပြည်သူလူထုအား စစ်အစိုးရ၏ အခြေခံဥပဒေ မူကြမ်းအား ထောက်ခံကြရန် တောင်းဆိုသည့် ဆောင်ပုဒ်များ ထည့်သွင်းရန် ဖိအားပေးခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအား အတည်ပြုရေးသည် နိုင်ငံသားအားလုံး၏ တာဝန်ဖြစ် သည်ဟု ဆောင်ပုဒ်များက ဆိုသည်၊ ၎င်းအခြေခံဥပဒေသည် အရပ်သား အစိုးရတရပ်အတွင်း စစ်တပ်မှ ဥပဒေပြုခွင့် ၂၅ ရာနှုန်းရမည် ဆိုသည်ကို အာမခံထားသည်။

သို့သော် မေလ ၁၀ ရက်နေ့မှစ၍ ပုံနှိပ်ထုတ်ဝေသော မီဒီယာများ၌ မဲဆွယ်မှုများ ပြုလုပ်ရန် မလိုတော့ပေ။

'ပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ဝေဖန်အပြစ်တင်တာတွေကို ရှောင်ဖို့ သူတို့တိတ်တိတ်နေတာ ဖြစ်နိုင်တယ်' ဟု အယ်ဒီတာက ပြောသည်။

အမေရိကန် စစ်လေယာဉ် စီ-၁၃၀ ဆိုက်ရောက်ပုံ နှင့် ဒေသခံကုမ္ပဏီများမှ မုန်တိုင်းဒါဏ်မှအသက်ရှင် လွှတ်မြောက်လာသူများအား ငွေလှူဒါန်း နေပုံများကို အင်္ဂါနေ့ထုတ် အစိုးရ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

မုန်တိုင်းကြောင့် သေဆုံးသူ ၃၁,၉၃၈ ဦး၊ ပျောက်ဆုံးသူ ၂၉,၇၇၀ ဦးနှင့် ဒါဏ်ရာ ရရှိသူ ၁,၄၀၃ ဦး ရှိကြောင်း မြန်မာ့အလင်းသတင်းစာက ဖော်ပြသည်။ သို့သော် ကုလသမဂ္ဂနှင့် လွတ်လပ်သော အကူအညီပေး အေဂျင်စီများက သေဆုံးသူဦးရေမှာ ၁၀၀,၀၀၀ အထိ ရောက်ရှိနိုင်ပြီး ထိုထက်များသော လူဦးရေမှာ ရောဂါဘယများ၊ စားဝတ်နေရေး အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု ဆိုသည်။


မန်မာသို့ပေးပို့သည့် အကူအညီများ တရုတ်ငလျင်ကြောင့် ထိခိုက်မှုရှိမည် မဟုတ်

ဆော်လမွန် နှင့် လာရီဂျေဂင်
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 16:34 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ တရုတ်နိုင်ငံတွင် ဖြစ်ပွားသော ငလျင်ကြောင့် အကူအညီများစွာ လိုနေသေးသော မြန်မာနိုင်ငံအတွက် အကူအညီများမှာ လမ်းကြောင်း ပြောင်းသွားနိုင် မည်မဟုတ်ဟု အကူအညီပေးသည့် အဖွဲ့အစည်းများက အင်္ဂါနေ့တွင် ပြောသည်။

ရစ်ချက်တာစကေး ၇.၈ ရှိသော ငလျင်သည် တရုတ်နိုင်ငံအနောက်ပိုင်း စီချွင်ပြည်နယ်တွင် တနင်္လာနေ့၌ ဖြစ်ပွားရာ လူ ၁၂၀၀၀ ကျော်သေဆုံးပြီး သေဆုံးစာရင်းမှာ မြှင့်တက်လျှက် ရှိသည်။

'နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများသည် မြန်မာမှ တရုတ်နိုင်ငံသို့ ပြောင်းသွားလိမ့်မည်မဟုတ်' ဟု မြန်မာနိုင်ငံရှိ ကုလသမဂ္ဂအေဂျင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအေးဝင်းက ပြောသည်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နှင့် လခြမ်းနီအဖွဲ့တို့မှ ကယ်ဆယ်ရေးအသင်းအဖွဲ့ဝင်များသည် တရုတ်ကြက်ခြေနီများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင် နေကြသည်။ သက်ဆိုင်ရာ နိုင်ငံအလိုက် လခြမ်းနီအဖွဲ့များရှိသဖြင့် နိုင်ငံတခု၏သဘာဝ ဘေးအန္တရာယ်ကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ ထိခိုက်နိုင်မည်မဟုတ်ဟု သူက ဆိုသည်။

'မနေ့ညက ရှေးဦးအကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ ၂၃၅,၀၀၀ ကို (တရုတ်နိုင်ငံ) ပေးခဲ့ပြီးပါပြီ' ဟု ခိုခရိမ်းက ပြောသည်။ ဘေဂျင်းမှာ ရှိတဲ့ဒေသဆိုင်ရာ ကိုယ်စားလှယ်က နိုင်ငံတကာ အကူအညီနှင့် ပူးပေါင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်' ဟု သူက ဆက်ပြောသည်။

လခြမ်းနီအဖွဲ့သည် ယခုအချိန်တွင် ကယ်ဆယ်ရေး အထောက်အပံ့များကို မြန်မာနိုင်ငံသို့ ဆက်လက်ပေးပို့နေဆဲဖြစ်သည်၊ ' ကျနော်တို့ အနည်းဆုံး ၁၀ ခေါက်ကို လေယာဉ်နဲ့ ပို့ပေးပြီးပါပြီ ဖြစ်နိုင်လျင် ဒီအပါတ်ကုန်မှာ ၁၇ ခေါက် ရန်ကုန်ကို ပို့ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်' ဟု ဆိုသည်။

ပေးပို့ထားသော ပစ္စည်းများတွင် ခြင်ထောင်များ၊ အမိုးအကာ ဆောက်လုပ်ရေးပစ္စည်းများ၊ ရေသန့်ဆေးပြားများ၊ အိမ်သာတွင်းတူးရန် ပုဆိန်များနှင့် ဆပ်ပြာ အ၀တ်အစား များနှင့် မီးဖိုချောင်သုံး ပစ္စည်းများကဲ့သို့သော မိသားစုသုံး ပစ္စည်းများ ပါဝင်ပါသည်၊

လမ်းတံတားများမှာ မုန်တိုင်းကြောင့် ပျက်စီးသွားသောကြောင့် အကူအညီပေးသည့် အေဂျင်စီများ အနေဖြင့် အထိခိုက်ဆုံး ဒေသများသို့ ကယ်ဆယ်ရေးပစ္စည်းများ အလျင်အမြန်ရောက်ရှိရန် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

ကယ်ဆယ်ရေးပစ္စည်းတစု ဧရာဝတီသို့ရောက်ရန် ၆ ရက်ကြာသည် ဟု အေးဝင်းဆိုသည်။ လမ်းများမှာ ကားကြီးများဝန်ကို ခံနိုင်ရည်မရှိသောကြောင့် ၆ တန် ၀န်ဆောင် နိုင်သော ကားများကိုသာ ကယ်ဆယ်ရေးပစ္စည်းများ ဧရာဝတီသို့ သယ်ယူရန် အသုံးပြုနေရသည်။

ယခုအချိန်တွင် ရဟတ်ယာဉ်များကို ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်ရာတွင် အစိုးရမှ အသုံးပြုနေသော်လည်း ကုလအေဂျင်စီများမှာ ကုန်းလမ်းနှင့် ရေလမ်းများ ကိုသာ အသုံးပြုနေရသည်၊

အကူအညီများကို နိုင်ငံသို့ စတင်ဖြန့်ဝေနေပါပြီ။ လွန်ခဲ့သည့် ၂ ရက်က အမေရိကန်လေယာဉ်များ ထောက်ပံ့ရေးကုန်များ မချနိုင်ခဲ့ပါ။ အဆိုပါကုန်များမှာ လေပြင်းကြောင့် များစွာ ပျက်စီးသွားခဲ့သည်။

ထောင်ပေါင်းများစွာသော သောက်ရေသန့်ဘူးများကို ဖြန့်ဝေရန်အတွက် စစ်အစိုးရအား အပ်နှံပြီးပါပြီ၊ ထို့အပြင် နားခိုရန်များ ဆောက်လုပ်ရန် အတွက်လိုအပ်သော ပစ္စည်းများဖြစ်သည့် သစ်၊ ရေပုန်း၊ သံချောင်း၊ အိပ်ယာများ နှင့် ပလတ်စတစ် တာပေါ်လင်များသည် လမ်းမှာပင် ရှိနေသေးသည်။

တရုတ်၊ ဂျပန်၊ အိန္ဒိယ၊ စင်ကာပူ၊ ထိုင်းနှင့်ရုရှားမှ ကယ်ဆယ်ရေးပစ္စည်းများ ရှိနေပါသေးသည်၊ ဆေးဝါးဆိုင်ရာ ပစ္စည်းများ၊ တဲများ၊ စောင်များ၊ ဂျင်နရေတာများ၊ ကာကွယ်ဆေးများ၊ အနာပါတ်ပိတ်စများ နှင့် အစားအသောက်များ ကို မော်စကိုမှ တင်ဆောင်လာသော လေယာဉ် ၂ စင်း ရောက်ရှိသွားပါပြီ။ ဤပစ္စည်းအများစုကို မြန်မာအာဏာပိုင်များသို့ တိုက်ရိုက်လွှဲပြောင်းပေးလိုက်သည်။

ဥရောပမှ အကူအညီပေးရေး အေဂျင်စီတခုဖြစ်သည့် နယ်ခြားမဲ့ဆရာဝန်များအဖွဲ့ (MSF) မှ ၀မ်းရောဂါနှင့် ငှက်ဖျားရောဂါ ကုသရန်ဆေးဝါးများ၊ ချက်ချင်းစားသုံးနိုင်သော အစားအသောက်များ၊ ပလတ်စတစ်အခင်းများ၊ ရေထည့်ရန်ဘူးများ၊ ရေစုပ်စက်များနှင့် ၈ ယောက်စီး လှေများကို လေယာဉ်တစီးစာ ပေးအပ်ပြီး ဖြစ်သည်။ အခြား လေယာဉ် ၃ စင်းမှာ အခြားကယ်ဆယ်ရေးပစ္စည်းများနှင့် ရန်ကုန်သို့လာနေပြီ ဖြစ်သည်။

ကုလအေဂျင်စီမှလည်း မြန်မာနိုင်ငံတွင် သိုလှောင်ထားသော အစားအသောက်များ၊ ပစ္စည်းအသုံးအဆောင်များနှင့် ဆေးဝါးပစ္စည်းများကို အသုံးပြုပြီး ဖြစ်သည်။ သို့သော် လိုအပ်ချက်၏ ၂၀ ရာနှုန်းအောက်သာ ဧရာဝတီသို့ ဖြန့်ဖြူးနိုင်သေးသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က သတိပေးသည်။

သို့သော် အခြေအနေ ဖြစ်တည်နေမှုမှာ ဤ ရိုးရှင်းသော အစားအသောက်နှင့် အထောက်အပံ့များ မဟုတ်ပါ။

'ကျနော်တို့ လိုအပ်နေသည်မှာ ကုလနှင့်နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများမှ ကျွမ်းကျင်သူများ ပေးနိုင်ရေးပင် ဖြစ်သည်' ဟု ကမ္ဘာ့စားနပ် ရိက္ခာ အဖွဲ့မှ အရာရှိဖြစ်သူ မားကပ်ပရီအောရာ က ဆိုသည်၊ ယခုလက်ရှိတွင် ဤကယ်ဆယ်ရေး လုပ်ငန်းတရပ်လုံးအား လုပ်ဆောင်နိုင်ရန် ကျွမ်းကျင် သူများ၏ အရေအတွက်မှာ ၁၀ ရာနှုန်းပင် မပြည့်ပါ၊ ဤအေ၇အတွက်မှာ ရန်ကုန်တခုတည်းအတွက်ပင် ဖြစ်သည်။

မြန်မာစစ်အစိုးရသည် ပြင်ပကမ္ဘာအား အထူးပင် သံသယ ပြင်းထန်လွန်းသည်၊ သဘာဝ ဘေးဒါဏ်ခံရသူများအား ကူညီရာတွင် ကျွမ်းကျင်သူများနှင့် နိုင်ငံခြားသား ကျွမ်းကျင်သူများအား နိုင်ငံတွင်းသို့ ၀င်ရောက်ခွင့်ပေးရန် ငြင်းဆန်ခဲ့သည်။

မြန်မာအာဏာပိုင်များနှင့် အဆက်အသွယ်ကောင်းပြီး ၎င်းတို့အား နောက်ကွယ်မှ စည်းရုံးသိမ်းသွင်းနေသော ထိုင်းစစ်တပ်အရာရှိများကမူ ကုလမှ ပုဂ္ဂိုလ်များ မြန်မာနိုင်ငံ တွင်းသို့ လာမည့်ရက်အနည်းငယ်အတွင်း ၀င်ရောက်ခွင့်ရနိုင်သည် ဟု ယုံကြည်မှု အပြည့်ရှိသော်လည်း ကယ်ဆယ်ရေး အရာရှိများကမူ ယုံကြည်မှုကင်းမဲ့နေသည်၊


ကုလ အေဂျင်စီမှ အချို့ဝန်ထမ်းများမှာ မြစ်ဝကျွန်းပေါ်သို့ သွားရောက်ရန် တရားဝင်ခွင့်ပြုချက် ရရှိထားသော်လည်း အဆိုးဝါးဆုံးထိခိုက်ခံရသည့် နယ်မြေများအနီး ရောက်မှ နောက်ပြန်လှည့်ခဲ့ရသည် ။

အခြားနိုင်ငံများမှ အကူအညီများနှင့် ပတ်သက်၍ စစ်အစိုးရသည် အခွင့်ကောင်းယူ နေသည်။

နိုင်ငံခြား အစိုးရများမှပေးသော အစားအသောက်ထုပ်ပိုးပစ္စည်းများမှာ စစ်သားများ၏ စီမံရာအောက်တွင်ရောက်ရှိနေပြီး ၎င်းထုပ်ပိုးပစ္စည်းများသည် စစ်ဗိုလ်ချုပ်များမှ လှူဒါန်းသည်ဟူ၍ ပြန်လည် ကမ္မည်းထိုး နေသည်၊ ဤလုပ်ရပ်သည် ထိုင်းအစိုးရအား ဒေါသထွက်စေခဲ့သည်။

ရန်ကုန်ပြင်ပရှိ ဆင်းရဲသူများထံသို့ အစားအသောက်များဖြန့်ဝေရန် ကြိုးစားသောဒေသခံလူမှုအဖွဲ့အစည်းများသည်လည်း အတင်းအကြပ် ရပ်တန့်ခံရပြီး သူတို့၏ ဆန်အိတ်များလည်း သိမ်းယူခြင်းခံရသည်။


ဆိုင်ကလုံးမုန်တိုင်းဆိုသည်မှာ

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 16:04 - မြန်မာစံတော်ချိန်

နာဂစ်မုန်တိုင်းသည် အင်အားပြင်းထန်သော အပူပိုင်းမုန်တိုင်းတခု ဖြစ်ပြီး အင်အားကြီးမား၍ အဖျက်စွမ်းအား ပြင်းထန်သော ရာသီဥတုစနစ်များထဲမှ ဆိုင်ကလုံးဟု လူအများသိကြသော မုန်တိုင်းအမျိုးအစားတခု ဖြစ်သည်။

အပူပိုင်းဆိုင်ကလုံးမုန်တိုင်း ဆိုသည်မှာ အပူပိုင်း သို့မဟုတ် အပူလျော့ပိုင်းပင်လယ်ပြင်များတွင် ဖြစ်ပေါ်လေ့ရှိသည့် လေဖိအားနည်းရပ်ဝန်းကို ယေဘုယျခေါ်သည့် အမည် ဖြစ်သည်။ အပူပိုင်းဒေသ ပင်လယ်ပြင်များ၌ အဆိုပါမုန်တိုင်းမျိုး တနှစ်လျှင် ကမ္ဘာတဝှမ်းလုံး၌ ၈ဝ မှ ၁ဝဝ အထိ ဖြစ်ပေါ်လေ့ရှိသည်။ ရေခိုးရေငွေ့ပါသော လေပူများအထက်သို့ ပျံတက်သွားပြီး အဆိုပါရေငွေ့များ ငွေ့ရည်ဖွဲ့၍ အပူများထုတ်လွှတ်သောအခါတွင် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါငွေ့ရည်များသည် အများအားဖြင့်အောက်သို့ ပြန်ကျလာပြီး အလွန်ပြင်းထန်သော လေပြင်းများ၊ တော်နေဒိုးမုန်တိုင်းများ၊ အလွန်ကြီးမားသော လှိုင်းလုံးကြီးများ နှင့် မုန်တိုင်းဒီရေများကို ဖြစ်ပေါ်စေကာ လူတို့၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာများကို အကြီးအကျယ် ဖျက်ဆီးနိုင်သည်။ သည်းထန်သောမိုးနှင့် မုန်တိုင်းဒီရေများကြောင့် အကြီးအကျယ် ရေလွှမ်းမိုးခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်သည်။

ဆိုင်ကလုံးဟူသော အမည်၏ အဓိပ္ပါယ်မှာ မြောက်ကမ္ဘာခြမ်းတွင် မုန်တိုင်းထဲမှလေများ နာရီလက်တံ ပြောင်းပြန်အတိုင်း လှည့်ပတ်နေခြင်းကို အစွဲပြုခေါ်ဝေါ်ခြင်း ဖြစ်သည်။ မုန်တိုင်းဖြစ်ပေါ်ရာ အရပ်နှင့် အင်အားပေါ်မူတည်ပြီး ဆိုင်ကလုံးကို ဟာရီကိန်း၊ တိုင်ဖုံး၊ အပူပိုင်းမုန်တိုင်း၊ ဆိုင်ကလုံးမုန်တိုင်း၊ အပူပိုင်း လေဖိအားနည်းရပ်ဝန်း အစရှိသဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြသည်။

အပူပိုင်းဆိုင်ကလုံးကြောင့် ဖြစ်ပေါ်လာသော မြေပြင်ရေပြင်လေသည် အများဆုံး တနာရီလျှင် ၃၉ မိုင်နှုံးထက် မပိုလျှင် အဆိုပါ အပူပိုင်းဆိုင်ကလုံး မုန်တိုင်းကို အပူပိုင်း လေဖိအားနည်းရပ်ဝန်းဟု ခေါ်သည်။ အပူပိုင်းဆိုင်ကလုံး၏ ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်နေသော လေပြင်း၏အလျင်သည် အနည်းဆုံး တနာရီလျှင် ၃၉ မိုင်နှုံးခန့်ရှိလျှင် အပူပိုင်းမုန်တိုင်းဟု ခေါ်၍ အမည်တခု သတ်မှတ်ဖေါ်ပြသည်။ မြေပြင်ရေပြင်လေသည် တနာရီလျှင် ၇၄ မိုင်နှုံးအထိရှိ၍ မြောက်အတ္တလန်တိတ် သမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာ အရှေ့မြောက်တွင် ဖြစ်ပေါ်လျှင် ဟာရီကိန်းမုန်တိုင်း ဟုခေါ်သည်။

အဆိုပါဟာရီကိန်းမုန်တိုင်း ဖြစ်ပေါ်ရာဒေသသည် နိုင်ငံတကာရက်စွဲမျဉ်း၏ အရှေ့ဘက်တွင် ရှိသည်။ ပစိဖိတ်သမုဒ္ဒရာ အနောက်မြောက်ဘက် နိုင်ငံတကာ ရက်စွဲမျဉ်း၏ အနောက်ဘက်တွင်ရှိလျှင် တိုင်ဖုံးမုန်တိုင်းဟုခေါ်သည်။ အိန္ဒိယ သမုဒ္ဒရာနှင့်ပစိဖိတ်သမုဒ္ဒရာ အပါအဝင် အခြားဒေသများတွင် ဖြစ်ပေါ်လျှင် အပူပိုင်းဆိုင်ကလုံးမုန်တိုင်းဟု ခေါ်သည်။

လူအသေအပျောက် အများဆုံး အပူပိုင်းဆိုင်ကလုံးမုန်တိုင်းသည် ၁၉၇ဝ ခုနှစ်တွင်တိုက်ခတ်သွားခဲ့ပြီး ထိုမုန်တိုင်းဒဏ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခန့်မှန်းခြေ လူ ၃ သိန်း သေဆုံးခဲ့ရသည်။


အသက်ဘေးမှလွတ်မြောက်ခဲ့သူများ မြောက်အရပ်သို့ထွက်ခွါ၊ ကလေးသူငယ်များ အန္တရာယ်နှင့်ကြုံ

လာရီ ဂျေဂင်
ဗုဒ္ဓဟူးနေ့၊ မေလ 14 2008 14:18 - မြန်မာစံတော်ချိန်

ဆိုင်ကလုံးမုန်တိုင်းဒဏ်မှ အသက်မသေ လွတ်မြောက်ခဲ့သူများ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ပြောင်းရွှေ့သွားလာနေကြသဖြင့် နိုင်ငံတကာ ကယ်ဆယ်ရေး လုပ်သားများ သူတို့ထံ အရောက်သွား၍ ကူညီကယ်ဆယ်နိုင်ရေးတွင် စိန်ခေါ်မှုများနှင့် ကြုံနေရသည်။

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း မြန်မာနိုင်ငံသည် လူသားချင်း စောင့်ရှောက်မှုဆိုင်ရာ ကြီးမားသောအကြပ်အတည်းကြီးနှင့်ရင်ဆိုင်ကြုံတွေ့ ရနိုင်သည်ဟု သတိပေး ထားသည်။ ဆိုင်ကလုံးအပြီး ကလေးသူငယ်များမှာ ပြန်ပေးဆွဲခံရမည့်အန္တရာယ်၊ လူကုန်ကူးခံရမည့် အန္တရာယ်နှင့်လည်း ရင်ဆိုင်နေရသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ် အောက်ပိုင်းဒေသများရှိ ကျေးရွာသားများ ဘေးကင်းလုံခြုံရာ မြောက်ဘက်အရပ်ဆီသို့ ဦးတည်ရွေ့ရှားနေသည်ကို တွေ့ခဲ့ရသည်ဟု ကိုယ်တိုင် မြင်တွေ့ခဲ့ရသူများက ပြောဆိုကြသည်။ အများအပြားမှာ မြို့တော်ဟောင်းရန်ကုန်သို့ ဦးတည်ပြောင်းရွှေ့နေကြခြင်း ဖြစ်သည်။

"ပျက်သုဉ်းကြေပြုန်းသွားရမဲ့ အန္တရာယ်ကလွတ်အောင် သူတို့ ဒီလိုရွှေ့ပြောင်းနေကြတယ်လို့ နားလည်ပါတယ်" ဟု ကုလသမဂ္ဂ လူသားချင်း စောင့်ရှောက်မှု ရေးရာညှိနှိုင်းရေးရုံး (OCHA) ၏ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ်ဟိုဆေး (Richard Horsey) ကမဇ္ဈိမသို့ ပြောဆိုသွားပါသည်။ "အဲဒီလိုရွှေ့ပြောင်းနေကြတော့ နေရာပျောက်သွားတဲ့ ဒုက္ခသည်တွေကို ရှာဖွေ ကယ်ဆယ်ဘို့ကိစ္စနဲ့ သူတို့လိုအပ်ချက်တွေကို ခန့်မှန်းတွက်ချက် အကဲဖြတ်ဘို့က ပိုခက်ခဲသွားတာပေါ့"။

ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရံပုံငွေအဖွဲ့ (UNICEF) ၏ဒေသဆိုင်ရာ အကြီးအကဲ ရစ်ချတ်ဘရိုင်ဒယ်လ် (Richard Bridal) ကလည်း အထူးသဖြင့် ကလေးသူငယ်များ အတွက် အန္တရာယ်ပိုကြီးသည်ဟု သတိပေးသွားသည်။

"အသက်မသေ ကျန်ခဲ့တဲ့ထဲက တော်တော်များများက ကလေးသူငယ်တွေဆိုတော့ သူတို့အတွက် ပြန်ပေးဆွဲခံရမဲ့ အန္တရာယ်၊ လူကုန်ကူးခံရမဲ့ အန္တရယ်တွေ ရှိနေတာပေါ့။ ဒီကလေးတွေအတွက် အာဟာရချို့တဲ့ တဲ့ရောဂါ ခံစားရမဲ့အန္တရာယ်လည်း ရှိတယ်။ သူတို့ကို ရှာဖွေကုသပေးဘို့ လိုတယ်။ ဒီလိုမကုပေးရင် သူတို့မုချ သေမှာဘဲ" ဟု ဘရိုင်ဒယ်လ် ကပြောဆိုသွားပါသည်။

ကယ်ဆယ်ရေးပစ္စည်းများနှင့် အကူအညီများ လက်ခံရေးတွင် မြန်မာစစ်အစိုးရက ခေါင်းမာနေခြင်းကြောင့် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် တိုး၍သာ အလွန်အမင်း စိတ်မရှည် ဖြစ်လာနေသည်။ ကုလအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက 'ဆိုင်ကလုံးမုန်တိုင်းဒဏ်ခံ ပြည်သူများ ကယ်ဆယ်ရေးကိစ္စကို တပတ်ကြာသည်အထိ တုံ့ပြန်ပုံ အလွန်အမင်းနှေးကွေးခြင်းကြောင့် ဒအလွန့်အလွန် မချင့်မရဲ' ဖြစ်မိပါကြောင်း တနင်္လာနေ့က ထုတ်ဖေါ် ပြောဆိုသွားသည်။

"တကယ်တော့ ဒါ မြန်မာပြည်ရဲ့ ဆူနာမီပါဘဲ" ဟု (UNOCHA) ၏ ဒေသဆိုင်ရာရုံးအကြီးအကဲ Terje Skavadal ကပြောဆိုသွားပါသည်။

"ဒါဟာ တခါမှမကြုံဖူးတဲ့ သဘာဝကပ်ဘေး အန္တရာယ်ကြီးပါဘဲ။ သန်းပေါင်းများစွာသော လူတွေ သူတို့ရဲ့ အိမ်တွေ၊ အစားအစာတွေ၊ သူတို့စားဝတ်နေရေး ဘဝတွေ တခုမှမကျန်အောင် အကုန်ဆုံးရှုံးသွားခဲ့ကြရတာ။ သူတို့အတွက် တခုခုအမြန်မလုပ်ပေးရင် သူတို့အားလုံး သေကုန်ကြလိမ့်မယ်။ ရောဂါဘယဒဏ်နဲ့ အဟာရချို့တဲ့လို့ ဒုတိယအကြိမ် သေကြရမဲ့ အရေအတွက်က မုန်တိုင်းကြောင့်သေသွားတဲ့ လူအရေအတွက်ထက် ပိုများလိမ့်မယ်" ဟု သူက မဇ္ဈိမသို့ ပြောသွားပါသည်။

ဧရာဝတီမြစ်ဝကျွန်းပေါ်ရှိ အပျက်အစီးများကို သွားရောက် ခန့်မှန်းတွက်ချက်နေသော ကယ်ဆယ်ရေးလုပ်သားများ၏အဆိုအရ ဆိုင်ကလုံးမုန်တိုင်း ကြောင့် လူပေါင်း ၁၂၅ဝဝဝ ခန့် သေဆုံးဖွယ်ရှိပြီး နောက်ထပ်လူပေါင်း တသိန်းခန့်လည်း ပျောက်ဆုံးနေသည်ဟု ဆိုသည်။ သို့သော် အစိုးရကမူ လူပေါင်း ၃၁၉၃ဝ ခန့်သာ သေဆုံး၍ ၁၄ဝ၃ ဒဏ်ရာရကာ ၂၉၇၇ဝ ပျောက်ဆုံးနေသည်ဟုသာ ဇွတ်မှိတ် ပြောဆိုနေသည်။


ပြည်ပအကူ လက်မခံရင် လမ်းပေါ်ထွက် ဆန္ဒပြရန် သံဃာအဖွဲ့ကြီးများ ပြောဆို

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ မေလ 13 2008 18:58 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ လေဘေး ဒုက္ခသည်များအတွက် ပြည်တွင်းပြည်ပ ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေး ပစ္စည်းများကို လက်မခံပါက သံဃာနှင့် ပြည်သူများ လမ်းပေါ်ထွက်ကာ အပြင်းအထန် ဆန္ဒပြရန် သံဃာတော်အဖွဲ့ကြီး နှစ်ဖွဲ့က ယမန်နေ့တွင် တိုက်တွန်းလိုက်သည်။

အရေးပေါ် အကူအညီများ လက်ခံရယူရေးအပြင် တောင်းဆိုချက် ၄ ချက်အတိုင်း နအဖ စစ်အာဏာရှင်များက လိုက်နာခြင်း မရှိလျှင် ယခုလ ၂၃ ရက်နေ့မှ စတင်ကာ သံဃာ၊ ပြည်သူ ပူးပေါင်း၍ လမ်းပေါ်ထွက် ဆန္ဒပြပါရန် သာသနာ့ ဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ (ထိုင်းနိုင်ငံ) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစုအဖွဲ့ချုပ်ကြီးက ပူးတွဲ ကြေညာချက်ထုတ်ကာ တိုက်တွန်းလိုက်ခြင်း ဖြစ်သည်။

နအဖသည် အာဏာတည်မြဲရေးသာ ဦးစားပေးပြီး ပြည်သူ့ကျန်းမာရေးနှင့် စားဝတ်နေရေး အကျပ်အတည်းများကို မသိကျိုးကျွံပြုကာ ပြည်တွင်းပြည်ပ အထောက်အပံ့ များကို တားမြစ် ပိတ်ဆို့ခြင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများတွင် ကျွမ်းကျင်သူ နိုင်ငံခြားသားများ ပြည်ဝင်ခွင့် မပေးခြင်းကြောင့် ဒုက္ခသည်များ မသေသင့်ဘဲ သေဆုံးသွား နိုင်သည်ဟု အစချီကာ သံဃာ့တပ်ပေါင်းစု အဖွဲ့ချုပ်ကြီး (ပြည်ပ) မှ ဦးဆောင်တာဝန်ခံ ဆရာတော် ဦးပညာဇောတက ကြေညာချက် ထုတ်ပြန်ရသည့် ရည်ရွယ်ချက်ကို ယခုလို ဆက်မိန့်ကြားသည်။

"အစိုးရရဲ့ လုပ်ပိုင်ခွင့်တွေ အစိုးရနဲ့ မတိုက်တန်ပါဘူး၊ အစိုးရနေရာမှာ ထားလို့ မဖြစ်တော့တဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့က ဆန့်ကျင်ပြီးတော့၊ လမ်းပေါ်မှာ ထွက်ပြီးတော့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကို 'ကျနော်တို့ရဲ့ အသက်အိုးအိမ် စည်းစိမ်တွေ၊ နေရေးထိုင်ရေးတွေကို ကူညီပါ' ဆိုပြီးတော့ အော်ဟစ်ကြဖို့၊ ပြည်ပအကူအညီတွေ တမ်းတကြဖို့ တောင်းဆိုတာ ဖြစ်တယ်' ဟု ဆရာတော်က မိန့်ဆိုသည်။

တောင်းဆိုချက် ၄ ချက်အဖြစ် နိုင်ငံတကာ ကယ်ဆယ်ရေး ဝန်ထမ်းများကို မြန်မာနိုင်ငံအတွင်း အမြန်ဆုံး ဝင်ရောက်ခွင့်ပြုရန်၊ ပြည်တွင်းပြည်ပမှ ကယ်ဆယ်ရေးနှင့် အထောက်အပံ့ ပစ္စည်းများကို အမြန်ဆုံး လက်ခံခွင့်ပြုရန်၊ စေတနာရှင်များ၊ အဖွဲ့အစည်းများအားလုံး လွတ်လပ်စွာ ကူညီခွင့်နှင့် ထောက်ပံ့ပစ္စည်းများကို ဒုက္ခသည်များ လက်ထဲ ပို့ဆောင်ပေးရန် ကြေညာချက်ထဲတွင် ရေးသားထားသည်။

ထို့အပြင် မုန်တိုင်းကြောင့် အိုးအိမ်မဲ့ ပြည်သူများကို လျစ်လျှူရှုပြီး အာဏာခိုင်မြဲရေး ဦးစားပေးကာ ဆန္ဒခံယူပွဲကို အတင်းအကျပ် လုပ်ခြင်း၊ ဒုက္ခသည်များကို ကိုယ်ချင်းစာစိတ်ဖြင့် အပြည့်အဝ ကူညီမှု မပြုသည့်အပြင် ကုလနှင့် ပြည်ပနိုင်ငံများ၏ ရိုင်းပင်းကူညီမှု မရယူဘဲ ပိတ်ပင်တားဆီးခြင်း၊ ပြည်ပက အကူအညီကို ဒုက္ခသည်များထံ တိုက်ရိုက်ပေးခြင်းမရှိဘဲ မိမိလှူဒါန်းမှုအဖြစ် အမည်ပြောင်းခြင်းကြောင့် ဒုက္ခသည်များသည် အဝတ်အထည်၊ အစားအစာနှင့် ရေများ ငတ်မွတ်ခေါင်းပါးနေရသလို ကူးစက်ရောဂါများ ခံစားရကာ နေ့စဉ် သေဆုံးနေရသည်ဟု ရေးသားထားသည်။

ဆရာတော် ဦးပညာဇောတက "ရွာတရွာကို ဝင်လိုက်ရင်၊ ဒုက္ခသည်စခန်းကို ဝင်လိုက်ရင် မေးခွန်းတွေ မေးတယ်။ 'ခင်ဗျားတို့ ဘာလာလုပ်တာလဲ၊ ဘာလုပ်မှာလဲ၊ ကျနော်တို့ကို လှူခဲ့၊ ခင်ဗျားတို့ နာမည်ပြော' ဆိုပြီး မေးတော့ လာလှူတဲ့ လူတွေမှာ အနှောင့်အယှက်တွေ ဖြစ်ကုန်ရော။ အဲဒါလည်း ပိတ်ပင်မှု တမျိုးပဲလေ။ လှူဒါန်းတဲ့ ပုဂ္ဂိုလ်က ဘယ်သူ့ကိုပဲ လှူလှူ၊ လွတ်လွတ်လပ်လပ် လှူခွင့်ရှိရမယ်။ ဒီလိုမျိုး လုပ်နေတာဟာ ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ညှဉ်းပမ်း နှိပ်စက်နေတာ ဖြစ်တယ်။ စေတနာရှင်တွေရဲ့ စိတ်ဓာတ်ကိုလည်းပဲ ပျက်ပြားသွားစေတယ်။ ပိတ်ဆို့မှု တမျိုးပါပဲ" ဟု မိန့်ကြားသည်။

ယခုလ ၉ ရက်နေ့တွင် မန္တလေးမှ သံဃာတော်အချို့က အလှူကောက်ခံရသမျှကို ပစ္စည်းများ ဝယ်ကာ မန္တလေးမှ ရန်ကုန်သို့ ပို့ဆောင်ရန် မန္တလေးဘူတာသို့အရောက် ပိတ်ပင်ခံရသဖြင့် သံဃာများက တိုင်းမှူးကို သွားပြောရာ သံဃာ ၄ ပါး သွားရောက် ခွင့်ပြုခဲ့သည်။


နာဂစ် ဒုက္ခသည်များအတွက် ဗန်းမော်အာဏာပိုင်များ အလှူငွေ ကောက်ခံ

မျိုးကြီး
အင်္ဂါနေ့၊ မေလ 13 2008 16:47 - မြန်မာစံတော်ချိန်

ရွှေလီ။ ။ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ဒေသအာဏာပိုင်များက နာဂစ် မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအတွက်ဟု ဆိုကာ ယနေ့မှ စတင်၍ ခရီးသွားများထံက အလှူငွေ များ ကောက်ခံနေသည်။

မြို့ပေါ် လူစည်ကားရာ နေရာများ ဖြစ်သည့် ဈေးနှင့် စက်လှေဆိပ်အနီးရှိ ကုန်သည်များအသင်းရှေ့တွင် ယမန်နေ့ညပိုင်းက အလှူခံမဏ္ဍပ် ၂ လုံးကို အားချင်းဆောက်လုပ် ကာ ကြံ့ဖွံ့၊ ကြက်ခြေနီ၊ မီးသတ်အဖွဲ့များက အသံချဲ့စက်နှင့် အော်၍ အလှူငွေ ကောက်နေခြင်း ဖြစ်သည်။

"ဗန်းမော် မယက ခိုင်းတာလို့ ပြောတယ်။ မနေ့က မဏ္ဍပ် ၂ လုံး ထိုးပြီး ဒီနေ့ စကောက်တယ်။ ထိုင်နေတာတော့ ကြံ့ဖွံ့၊ ကြက်ခြေနီ၊ မီးသတ်၊ ဝတ်စုံတွေနဲ့ ဖလားတလုံးချပြီး ထိုင်နေကြတယ်။ ကုန်သည်များရုံး ရှေ့မှာတော့ ဦးပါကြီးဆိုတဲ့ လူက အသံချဲ့စက်နဲ့ အော်နေတယ်။ 'ခရီးသွား ပြည်သူများခင်ဗျာ၊ လေဘေးရေဘေးအတွက် ဘယ်သူမဆို သဒ္ဓါတတ်အားသရွေ့ အလှူငွေ ထည့်ဝင်ကြပါ' လို့ အော်နေတယ်" ဟု ဗန်းမော် ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အာဏာပိုင်များက ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းဘက်မှ လေဘေးနှင့် ရေဘေးဒုက္ခသည်များအတွက် တလတာကြာ လုပ်ဆောင်မည့် အလှူငွေ ကောက်နေသော်လည်း မြို့ပေါ်ရှိ ဒေသခံအများစုက အယုံအကြည် နည်းနေကြသည်။

"ဒုက္ခရောက်နေတဲ့ သူတွေဆီ ရောက်မယ်လို့ မယုံလို့လား မသိဘူး၊ လှူတဲ့သူ သိပ်မရှိဘူး။ ရွာဘက်ကလာတဲ့ တယောက်စ နှစ်ယောက်စပဲ ၂ဝဝ တန်တို့၊ ၅ဝဝ တန်တို့ ထည့်သွားတာ တွေ့တယ်။ အထုပ်အထည် လိုက်လာလှူတာတော့ မတွေ့ရသေးဘူး" ဟု သူက ဆိုသည်၊၊

လွန်ခဲ့သည့် ၄ ရက်ခန့်က တသီးပုဂ္ဂလ စေတနာရှင်များက စုပေါင်း၍ ဗန်းမော်မြို့တွင်း၌ ဒုက္ခသည်များအတွက် အဝတ်အထည်များ လိုက်လံ ကောက်ခံခဲ့သေးသည်။

ရှမ်းပြည် (မြောက်ပိုင်း) မူဆယ်တွင်မူ အရှေ့မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွတ် ကိုယ်တိုင် ယခုလ ၃ ရက်နေ့က ရောက်ရှိလာပြီး မူဆယ်ကုန်သည်များ အသင်းထံမှ လေဘေး ဒုက္ခသည်များအတွက် အလှူငွေနှင့် မိုးကာ အပါအဝင် အခြား ထောက်ပံ့ရေးပစ္စည်းများ ကောက်ခံခဲ့သေးသည်။

အာဏာပိုင်များက အများပြည်သူထံမှ ကောက်ခံရရှိသည့် အလှူငွေများဖြင့် သေလုမျောပါး ခံစားနေရသည့် ဒုက္ခသည်များကို သူတို့အိတ်စိုက် ပေးလှူနေသယောင် အမြတ်ထုတ်နေခြင်းများ ရှိနေသည်ဟု မူဆယ်ကုန်သည်များက ပြောဆိုကြသည်။


မြန်မာဂျာနယ်များ ဆိုင်ကလုန်းသတင်း ကန့်သတ်မှုများ ကြုံနေရ

နန်းဒေဝီ
အင်္ဂါနေ့၊ မေလ 13 2008 15:05 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ကြောက်မက်ဘွယ် ဆိုင်ကလုံး မုန်တိုင်းကြီး ဝင်ရောက် တိုက်ခတ်သွားသည်ကို သတင်းရေးသား တင်ပြရာတွင် မြန်မာ စာနယ်ဇင်းသမားများအား မြန်မာ အာဏာပိုင်များက ကန့်သတ်မှုများ ပြုလုပ်နေသည်။ သို့သော် မြန်မာစာနယ်ဇင်းသမားများမှာ နိုင်ငံခြားသားများထက် ပြည်တွင်းတွင် ပိုမို လွတ်လပ်စွာ သွားလာ သတင်းယူခွင့် ရှိသည်။

မြန်မာ စာနယ်ဇင်းဆရာများသည် မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော ဒေသများသို့ လွတ်လပ်စွာ သွားလာခွင့် ရှိသော်လည်း မုန်တိုင်းဒဏ်မှ အသက်မသေ လွတ်မြောက်ခဲ့သူများ အကူအညီ လုံလောက်စွာ ရရှိခြင်းမရှိ ဆိုသော သတင်းများနှင့် အလောင်းများ၏ အသေးစိတ် အနီးကပ် ဓာတ်ပုံများကိုမူ ဖေါ်ပြခွင့်မပြုဟု သိရသည်။

"ဂျာနယ်တွေမှာ ရန်ကုန်နဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က ဆိုက်ကလုံးမုန်တိုင်း ဝင်ပြီး ဖျက်ဆီးသွားတဲ့ ပုံတွေကို ဖော်ပြနေတယ်ဗျ။ ဒါပေမဲ့ မြစ်ဝကျွန်းပေါ်မှာ ဆိုင်ကလုံးဒဏ်ခံ ဒုက္ခသည်တွေ အကူအညီ လုံလုံလောက်လောက် မရဘူးဆိုတဲ့ သတင်းတွေ၊ အလောင်းတွေရဲ့ အနီးကပ် ဓာတ်ပုံတွေကိုတော့ ကျနော်တို့ဂျာနယ်တွေထဲမှာ ဖော်ပြလို့ မရဘူး" ဟု အမည်မဖော်လိုသူ အပတ်စဉ်ထုတ် ဂျာနယ်တစောင်၏ အယ်ဒီတာတဦးက ပြောသည်။

မြန်မာ ဂျာနယ်လစ်များကို အာဏာပိုင်များက အနီးကပ် စောင့်ကြည့်နေသဖြင့် အသက်မသေ ကျန်ရစ်သူများကို လူတွေ့ မေးမြန်းမှုများ ပြုလုပ်ရန်နှင့် မုန်တိုင်းမြင်ကွင်း ဓာတ်ပုံများ ရိုက်ကူး ရယူရန် အခက်အခဲများ ရှိနေသည်ဟု ဆိုသည်။ သူတို့အနေနှင့် အစိုးရ၏ မီဒီယာများတွင် ဖော်ပြနေသည့် တရားဝင် အသေအပျောက် စာရင်းကိုသာ ဖော်ပြခွင့် ရှိသည်ဟု ဆိုသည်။

"ခင်ဗျားမှာ ကင်မရာ ပါလာမယ်ဆိုရင် အာဏာပိုင်တွေက လာမေးတော့တာပဲ။ သူတို့ ထွက်သွားမှ ကျနော်တို့လည်း ဓာတ်ပုံ ရိုက်လို့ရတယ်" ဟုရန်ကုန်မြို့နှင့် မဝေးလှသည့် ကွမ်းခြံကုန်းနှင့် ကော့မှူးမြို့များသို့ သွားရောက်ပြီး တနင်္ဂနွေနေ့က ပြန်လာခဲ့သည့် အယ်ဒီတာတဦးက ပြောသည်။

"ရန်ကုန်မှာ မုန်တိုင်း ဝင်ဖျက်ဆီးသွားတဲ့ သာမန်ပုံတချို့ပဲ တွေ့ရသေးတယ်။ အပြင်ကလူတွေ ပြောနေတဲ့ မြစ်ဝကျွန်းပေါ်က အလောင်းတွေ ပုံတွေနဲ့ တကယ့် အခြေအနေ တွေကိုတော့ မမြင်ရသေးဘူး" ဟု အပတ်စဉ်ဂျာနယ်ဖတ် လူငယ် ပရိသတ်တဦးက ပြောသည်။

ဆိုင်ကလုံး မုန်တိုင်း တိုက်ခတ်သွားရာ၌ အထိအနာဆုံး ဒေသမှာ မြစ်ဝကျွန်းပေါ် အနောက်တောင်ဒေသ ဖြစ်ပြီး လူပေါင်း သောင်းနှင့်ချီသေ၍ အများအပြား ပျောက်ဆုံး နေသည်။

"ဂျာနယ်တွေမှာ အခုလောက်ပဲ သာမန် ဖော်ပြထားတဲ့ သတင်းတွေ ဖတ်ရတာ ကျေနပ်မှု မရှိပါဘူး" ဟု အဆိုပါ လူငယ် စာဖတ်ပရိသတ်က ပြောသည်။

သို့သော် လွန်ခဲ့သော ၅ နှစ်ကနှင့် စာလျှင် မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့် ပိုမိုရရှိလာသည်ဟု အချို့သော ကျွမ်းကျင်သူများနှင့် လေ့လာသုံးသပ်သူများက ပြောဆိုသည်။ ထိုအချိန်က ဂျာနယ်လစ်များအနေနှင့် ယခုကဲ့သို့သော သဘာဝ ကပ်ဘေး အန္တရာယ်များနှင့် ရာဇဝတ် မှုခင်းများအကြောင်း လုံးဝ ဖော်ပြခွင့် မရခဲ့ကြပါ။

"အခုဂျာနယ်တွေမှာ ဆိုင်ကလုံးအကြောင်း သူတို့ ရေးချင်သလောက် ရေးလို့ ရနေတာပဲ။ အရင်က လုံးဝ ရေးခွင့် မရခဲ့တာနဲ့စာရင် အခုဟာက မဆိုးပါဘူး" ဟု အမည်မဖော်လိုသူ ဒေသခံ မဂ္ဂဇင်းတခု၏ အယ်ဒီတာတဦးက ပြောသည်။ "ဒါပေမဲ့ မြစ်ဝကျွန်းပေါ်ဒေသက ဒုက္ခသည်တွေရဲ့ အခြေအနေမှန် ကိုတော့ ရေးလို့ မရဘူး။ အဲဒီဒေသက ပုံတွေ အသေးစိတ်ကို ဖော်ပြလို့တော့ မရဘူး" ဟု သူက ဆက်ပြောသည်။

မုန်တိုင်း ချဉ်းကပ်လာနေသည်ကို ပြည်သူလူထုသို့ ပြည့်စုံ သေချာစွာ သတိပေးခြင်း မပြုလုပ်ခဲ့သည့်အတွက် ပြည်သူလူထုက အစိုးရကို အလွန်စိတ်ဆိုး ဒေါသထွက် ကြသည်ဟုလည်း ဆိုသည်။

"ဆိုင်ကလုံး ဖျက်လို့ ရွာတွေကတော့ ပျက်မှာပေါ့ဗျာ။ ဒါပေမဲ့ လူတွေတော့ အခုလို မသေသင့်ပါဘူး။ ဆိုင်ကလုံး မဝင်ခင် အစိုးရက လူတွေကို ဘေးလွတ်ရာ တခြားမြို့ရွာ တွေဆီ ရွှေ့ပေးထားနိုင်ရင် သူတို့ အသက်တွေကို ကယ်နိုင်မှာ" ဟု သူကပြောသည်။


မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များ လမ်းပေါ်ထွက် တောင်းရမ်းနေရ

ဖနိဒါ
အင်္ဂါနေ့၊ မေလ 13 2008 12:29 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းရှိ မုန်တိုင်းနှင့် ရေလှိုင်းဒဏ်သင့် ကျေးရွာများတွင် ကူညီထောက်ပံ့မှု မရသဖြင့် ဒုက္ခသည် ရွာသားများသည် ကားလမ်းပေါ် ထွက်ကာ တောင်းခံနေရသည်။

ရန်ကုန်တိုင်း ကော့မှူးမြို့နယ် ဘုရားလမ်း ရပ်ကွက်ရှိ ဘုရားလမ်းထိပ်မှ ကွမ်းခြံကုန်းမြို့သို့ သွားသည့် ကားလမ်းဘေးတွင် လေဘေး ဒုက္ခသည် ၆ဝ ခန့်သည် 'ဒုက္ခသည်များကို ကူညီပါ' ဆိုသည့် ဆိုင်းဘုတ်ကို ကိုင်ဆောင်ကာ လမ်းပေါ်ထွက် တောင်းခံနေရခြင်း ဖြစ်သည်။

"တနင်္ဂနွေနေ့မှာ ကော့မှူးမြို့ ဘုရားလမ်းထိပ်မှာ ကျမတို့ ရွာသား ၆ဝ လောက် ထွက်ပြီးတော့ ကွမ်းခြံကုန်းကို သွားတဲ့ အလှူရှင် ကားတွေပေါ့။ ကျမတို့က 'ရေဘေးဒုက္ခသည်များကို ကူညီပါ' ဆိုတဲ့ ဆိုင်းဘုတ် ကိုင်ပြီးတော့ စောင့်နေကြတာ။ အလှူရှင်တွေက ဆန် ၁ဝ အိတ်နဲ့ ပဲ ၂ အိတ် ချပေးသွားတယ်" ဟု ဒုက္ခသည် အမျိုးသမီးတဦးက ပြောသည်။

အလှူရှင် ကားများပေါ်တွင် လိုက်ပါလာသည့် အစ္စလာမ် ဘာသာဝင်များက ကျပ်ငွေ ၂ သိန်းခွဲနှင့် သန့် စိုက်ပျိုးရေး မိသားစုမှ အဆိုပါ ဆန်အိတ်နှင့်
ပဲအိတ်များကို ကူညီ ထောက်ပံ့သွားခြင်းဖြစ်သည်။

ဒုက္ခသည်များက လမ်းဘေးတွင် ယခုလို ထိုင်စောင့်ကာ အလှူခံနေခြင်းကို ရယက အတွင်းရေးမှူး ကိုသန်းကြိုင်က 'မင်းတို့ တော်တော်ရူးနေ ကြပြီလား။ မင်းတို့ တောင်းတာ အရေးမကြီးဘူး။ အစိုးရ သိက္ခာကျတယ်' ဟု ဆိုကာ ကော့မှူးရဲစခန်းသို့ သွားရောက် တိုင်ကြားသဖြင့် ကော့မှူး ရဲစခန်းမှူးနှင့် ရဲသား ၁၅ ဦးက လက်နက်များ ကိုင်ဆောင်ကာ ရွာသားများကို မတောင်းခံရန် ခြိမ်းခြောက်သွားသေးသည်။

ကျေးရွာသား ၃ဝဝ ခန့်သည် မုန်တိုင်းဒဏ်ကြောင့် စားစရာမရှိ၍ ကော့မှူးမြို့နယ်ရှိ သံတာ ရာမကျောင်း၊ ဆုတောင်းပြည့် တောရကျောင်း၊ ဝိဇောဓိရ ကျောင်းများမှ ဘုန်းကြီးကျောင်းများတွင် နေထိုင်နေကာ ဘုန်းကြီးကျောင်းများရှိ သီတင်းသုံးနေသည့် သံဃာ ၆၃ ပါးက နေ့စဉ် ဆွမ်းခံထွက်ကာ ကျွေးမွေးစောင့်ရှောက်နေရသည်။

ဘုန်းကြီးကျောင်းများက ဆန်၊ ဆီ၊ ဆား လှူရန် ဒေသတွင်း၌ ထုတ်ဖော် ကြေညာထားသော်လည်း ယနေ့တိုင် လှူဒါန်းပစ္စည်းများ မရရှိသေးပါ။

"ကော့မှူးမြို့နယ် သံဃနာယက ဥက္ကဋ္ဌ ဆရာတော် ဦးဝိသုဒ္ဓက အခုလို မြင်တွေ့နေရတာကို ကမ္ဘာသိအောင် မီဒီယာကနေ ပြောပေးပါလို့ ပြောတယ်။ အခုတော့ ရဟန်း၊ သံဃာတွေ နေ့တိုင်း ဆွမ်းခံ ထွက်နေရတယ်လေ။ မယက တွေက ပြောကြတယ်။ ဒီအကြောင်းတွေကို သတင်းကနေ မအော်ပါနဲ့ နေ့တိုင်း ကြက်ဥရယ်၊ ဆန်ရယ်၊ ဆီရယ်ကို ဘုန်းကြီးကျောင်းတွေကို ပေးမယ်လို့ ပြောပြီး အခုထိ မရရှိသေးဘူးလို့ ဆရာတော်က ပြောပါတယ်။ ပြီးတော့ ဒကာ၊ ဒကာမတွေကို ကျွေးနေရတယ်။ အဲဒါကြောင့် နိုင်ငံတကာက အမြန် ကူညီပါတော့လို့ ကျမ ပြောချင်ပါတယ်။ အခုအချိန်မှာ မကူညီနိုင်ဘူးဆိုရင် ပြည်သူတွေကို ဆင်းရဲဒုက္ခတွေကနေ လုံးဝ မကယ်နိုင် တော့ဘူးလို့ ကျမ အပြည့်အဝ ယုံကြည်တယ်" ဟု ဒေသခံ အမျိုးသမီးတဦးကလည်း ပြောသည်။

ဧရာဝတီတိုင်း ဖျာပုံခရိုင် ကျိုက်လတ်မြို့နယ် အရှေ့ဆင်းရဲအုပ်စု ကျေးရွာများနှင့် 'ရေကြိုကျေးရွာများရှိ အိမ်ခြေ ၅ဝ ခန့်အနက် ၄ဝ ခန့်မှာ နာဂစ် လေမုန်တိုင်းကြောင့် ပျက်စီးနေသော်လည်း ထောက်ပံ့ကူညီမှု တစုံတရာ မရောက်ရှိသေးကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (ဗဟို) မှ ပြန်ကြားရေး တာဝန်ခံတဦးက ပြောသည်။

ရွာသူရွာသားများ အိုးမဲ့အိမ်မဲ့ ဖြစ်ကာ ယခုအချိန်အထိ ဒုက္ခစခန်း ဖွင့်လှစ်ခြင်း၊ ရေဘေးဒုက္ခ ကယ်ဆယ်သူမှ လာရောက် ဆက်သွယ်ခြင်း၊ ကူညီထောက်ပံ့ခြင်းများ မရှိသေးပါ။

ထို့အပြင် လေမုန်တိုင်း တိုက်ခိုက်မှုကြောင့် ကျေးရွာပတ်လည်ရှိ ရေသွင်း ရေကန်အားလုံးမှာ ရေဆိုးရေညစ်များ ဖြစ်နေသဖြင့် သောက်သုံးရေ သန့်ရှင်းမှု မရှိ၍ ယခုချိန်တွင် ဝမ်းရောဂါများ စတင်ဖြစ်ပေါ်နေပြီ ဖြစ်သည်။

ဒုက္ခများသည် ယခုထိ မည်သည့် အကူအညီမှ မရသဖြင့် ရေကောင်းရေသန့် မရှိခြင်း၊ စားဝတ်နေရေး ပြဿနာ ရင်ဆိုင်နေရခြင်းကြောင့် ကျေးသားများသည် နောက်ထပ် ၄-၅ ရက်ကြာလျှင် အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်သဖြင့် လိုအပ်သည် ရေကောင်းရေသန့်များနှင့် ဆေးဝါးများကို ကူညီ ထောက်ပံ့ကြစေလိုကြောင်း အဆိုပါ ဒေသရှိ ရွာသားတဦးက ပြောသည်။

"အကူအညီ ဝင်နေတာတော့ သိတယ်။ ကြားမှာ ပျောက်နေတဲ့ နေရာတွေမှာ ဆက်သွယ်ပြီးတော့ သေသေချာချာ ပြောတာကို မရဘူး ဖြစ်နေတယ်။ အကူအညီ မရဘူး ဖြစ်နေတယ်။ ကြားထဲမှာ လုပ်စားတဲ့ လူရှိမယ်လို့ ကျနော် ထင်တယ်" ဟု အဆိုပါ ရွာသားက ဆက်ပြောသည်။


အကူအညီများ ရန်ကုန် ထပ်ရောက်၊ မြစ်ဝကျွန်းပေါ် မရောက်သေး

ဆော်လမွန်
အင်္ဂါနေ့၊ မေလ 13 2008 15:47 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ အမေရိကန်မှ လေယာဉ်တစီး အပါအဝင် နောက်ထပ် အကူအညီများ မြန်မာနိုင်ငံတွင်းသို့ တနင်္လာနေ့က ပေးပို့ နိုင်ခဲ့သော်လည်း အဆိုပါ အကူအညီနှင့် ကယ်ဆယ်ရေး ပစ္စည်းများသည် အသက်မသေ ကျန်ရစ်သူများထံ အချိန်မီ ရောက်ပ့ါမလားဟု ကုလအေဂျင်စီများနှင့် အန်ဂျီအိုများက သံသယ ဖြစ်နေသည်။

နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (IFRC) မှ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်လာသည့် အနည်းဆုံး လေယဉ် ၁ဝ စီးသည် ယနေ့တွင် မြန်မာနိုင်ငံ၏ မြို့တော်ဟောင်း ရန်ကုန်သို့ ဆင်းသက် ရောက်ရှိခဲ့သည်။ အမေရိကန် ကြည်းတပ်မတော်၏ အလားတူ ပထမဆုံး လေယာဉ်တစီးလည်း ယနေ့တွင် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပျံသန်း ထွက်ခွါသွားသည်။

ကယ်ဆယ်ရေး ပစ္စည်းများကို လေယာဉ် ၃ စီးဖြင့် စနေနေ့က ပေးပို့ခဲ့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း ပြောဆိုသွားသည်။

"အကူအညီတွေ လေယာဉ် ၁ဝ စီးစာ ဒီနေ့ ကျနော်တို့ ရန်ကုန်ကို ပို့ခဲ့တယ်။ ဒီအပတ်ထဲမှာ နောက်ထပ်လည်း ထပ်ပို့ဖို့ ရှိသေးတယ်။ သောကြာနေ့မှာ အနည်းဆုံး လေယာဉ် ၉ စီးစာ ရောက်မယ်" ဟု (IFRC) ၏ မီဒီယာ ပြောရေးဆိုခွင့်ရှိသူ Matt Cochrane က ပြောသည်။

"ကျနော်တို့ ကယ်ဆယ်ရေး ပစ္စည်းတွေတော့ ပို့နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရတဲ့ ဒေသတွေကို ဒီပစ္စည်းတွေ ရောက်မှ ရောက်ရဲ့လားဆိုတာက တကယ့် စိန်ခေါ်မှုပါပဲ" ဟု Matt Cochrane က ပြောသည်။

လေယာဉ်ဖြင့် တင်ပို့ပေးခဲ့သော ကယ်ဆယ်ရေး ပစ္စည်းအချို့မှာ တာပေါ်လင်၊ ရေသယ်ရန် သံပုံးများ၊ ခြင်ထောင်များ၊ အရေးပေါ်တဲများနှင့် သန့်ရှင်းရေး သေတ္တာများ ပါရှိသည်။ သူတို့အနေနှင့် အနည်းဆုံး ကျွမ်းကျင်သူ ၉ ဦးကို မြန်မာနိုင်ငံသို့ စေလွှတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်းလည်း သူက ဆက်ပြောသည်။

"ကျနော်တို့ဆီက ကျွမ်းကျင်သူတချို့ မြန်မာနိုင်ငံထဲ ရောက်သွားပါပြီ။ သူတို့က အကူအညီ လိုအပ်မှုကို တွက်ချက် အကဲဖြတ်တာ လုပ်ပါမယ်။ ဘာတွေလိုသလဲ ဆိုတာ သိရင် လိုနေတဲ့သူတွေဆီ လိုနေတဲ့ ပစ္စည်းတွေ အရောက်ပို့ဖို့ပါပဲ" ဟု သူက ဖြည့်စွက်ပြောသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့နှင့် တွဲဖက် လုပ်ဆောင်နေပြီး ကျွမ်းကျင်သူ အနည်းငယ်ကို ပေးပို့နိုင်ခဲ့ လင့်ကစား မြစ်ဝကျွန်းပေါ်၏ အသဲနှလုံးဒေသတွင် နေထိုင်ကြသည့် လူထုထံသို့ အဆိုပါ ကယ်ဆယ်ရေး ပစ္စည်းများ အရောက်ပေးပို့ရန်မှာ ယခုထက်တိုင် ပြဿနာတရပ် ဖြစ်နေသေးသည်။

ထိုသို့ ဖြစ်ရခြင်း၏ အခြခံအကြောင်းရင်းတခုမှာ ထိုဒေသရှိ အခြေခံအဆောက်အဦများ လုံးဝနီးပါး ပျက်စီးနေခြင်းပင် ဖြစ်သည်။ လမ်းများ ပျက်စီးနေပြီး တံတားများ ကျိုးနေသောကြောင့် ဆက်သွယ်ရေးမှာ အလွန်ခက်ခဲလျက် ရှိသည်ဟု Cochrane က ဆိုသည်။

"ဒါကြောင့် ကယ်ဆယ်ရေး ပစ္စည်းတွေကို ကျနော်တို့ မော်တော်တွေနဲ့ ပို့ပေးနေပါတယ်" ဟု သူက ပြောသည်။

ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်သွားသော (IFRC) ၏ မော်တော်တစီး ရေထဲနစ်မြုပ်နေသော သစ်ပင်တပင်နှင့် တိုက်မိပြီး တနင်္ဂနွေနေ့က ဘိုကလေးမြို့အနီး ဧရာဝတီမြစ်ထဲတွင် နစ်မြုပ်သွားသည်။

"မနေ့က ကျနော်တို့ မော်တော်တစီး ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှာ နစ်မြုပ်သွားပါတယ်။ ကံကောင်းလို့ တယောက်မှတော့ သေဆုံး ထိခိုက် ဒဏ်ရာရတာ မရှိခဲ့ပါဘူး" ဟု Cochrane က ပြောသည်။

ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားသော သူတို့၏ စီ-၁၃ဝ စစ်တပ် သယ်ယူပို့ဆောင်ရေး လေယာဉ်တစီးကို မြန်မာအစိုးရက ဝင်ခွင့်ပြုခဲ့ သော်လည်း သူတို့၏ ကျွမ်းကျင်သူများနှင့် အကူအညီပေးရေး လုပ်သားများမှာ ယခုထိ ဗီဇာမရသေးပါဟု ဘန်ကောက်ရှိ အမေရိကန် သံရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

"သူတို့ အခုထိ ဗီဇာ မရသေးပါဘူး" ဟု အမည်မဖော်လိုသူ အမေရိကန် သံရုံး ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားသည်။ ဤသို့ မုန်တိုင်းဒဏ်ခံ ဒေသများသို့ ကျွမ်းကျင်သူများ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခြင်းသည် အကူအညီ အရေးတကြီး လိုအပ်နေသူများထံသို့ အဆိုပါ ကယ်ဆယ်ရေး ပစ္စည်းများ ရောက်ရှိရေးကို နှောင့်နှေး ကြန့်ကြာစေသည်ဟုလည်း သူက ဆက်လက် ပြောဆိုသွားသည်။


လပွတ္တာ ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါဖြစ်ပွားမှု စတင

မောင်ဒီး
အင်္ဂါနေ့၊ မေလ 13 2008 11:02 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ နာဂစ်မုန်တိုင်းအလွန် လပွတ္တာမြို့ပေါ်ရှိ လေဘေးဒုက္ခသည်စခန်း တစခန်းလျှင် ၁ဝ ဦးထက်မနည်း ဝမ်းရောဂါ ဖြစ်ပွားနေသဖြင့် အသက် အန္တရာယ် စိုးရိမ်ရသည့် အခြေအနေ ရောက်ရှိနေပြီဟု ကြားသိရသည်။

သောက်သုံးရေ မသန့်ရှင်းခြင်း၊ အနေအထိုင် ကျပ်တည်းခြင်းတို့ကြောင့် လပွတ္တာမြို့ရှိ လေဘေး ဒုက္ခသည်စခန်း ၃၂ စခန်းတွင် စခန်းတခု၌ လူ ၁ဝ ဦးကျော် ဝမ်းပျက်နေကြပြီး အခြေအနေမှာ ပိုမိုဆိုးရွားလာမည့် အနေအထား ရှိသည်။

“ဝမ်းရောဂါ စနေပြီ။ စခန်းတခုမှာ လူတွေက အနည်းဆုံး ၂ ထောင်လောက် ရှိတာဆိုတော့ အိမ်သာ သုံးတဲ့အခါမျိုးမှာ ကူးစက်ကုန်တာပေါ့။ ဒီအတိုင်းဆိုရင် နောက်နောင် အခြေအနေ ပိုဆိုးလာနိုင်တယ်” ဟု လေဘေး ဒုက္ခသည်များကို ကူညီပေးနေသူ လပွတ္တာမြို့မှ ဆရာဝန်တဦးက ပြောသည်။

ပင်လယ်နှင့်နီးသော မြို့တခြမ်းလုံးလုံး ပျက်စီးကုန်သော လပွတ္တာမြို့ပေါ်တွင် လေဘေး ဒုက္ခသည်များမှာ ၈ သောင်းကျော် ရှိပြီး စေတီ ဘုရားတန်ဆောင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်း၊ ဗလီကျောင်း အစရှိသည့် မိုးရိပ်ခိုရာ နေရာ ၃၂ နေရာတို့တွင် ဖြန့်ကျက် နေထိုင်ကြရပြီး တနေရာတွင် အနည်းဆုံး ၂ ထောင်နှင့် ၃ ထောင်ကြားတွင် ရှိသည်

“စားရတာလည်း နေ့တိုင်း ဆန်ပြုတ်၊ နေရတာကလည်း သမံသလင်းပေါ်မှာ အေးစက်နေတာပဲ။ ဘုရားတန်ဇောင်းတို့မှာ အမိုးကလည်း သိပ်မလုံတော့ ဒီကနေ့လို မိုးရွာတဲ့ နေ့တွေမှာဆို မိုးရွာထဲ ငုတ်တုတ်ထိုင်နေရတာ ဟု လပွတ္တာမြို့မှ ဆရာဝန်က ဆက်ပြောသည်။

လေဘေးဒုက္ခသည်များ၏ ကျန်းမာရေးကို စောင့်ရှောက်ရန်အတွက် မြောင်းမြနှင့် လပွတ္တာမြို့ပေါ်ရှိ ဆရာဝန်များ စုပေါင်းကာ စေတနာရှင် ဆရာဝန်များ အသင်းကို ဖွဲ့စည်းကာ ဒုက္ခသည်များကို ဓါတ်ဆားထုပ်များ ဝေငှခြင်း၊ အခမဲ့ ဆေးခန်းဖွင့်ကာ ဆေးဝါး ကုသပေးခြင်း စသည့် ဝမ်းရောဂါ ကာကွယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ဟု သိရသည်။

ဝမ်းရောဂါကြောင့် လပွတ္တာမြို့ ဘုရားကြီး အရပ်ရှိ လူ ၄ ဦး သေဆုံးသွားခဲ့သည်ဟု ကြားသိရကြောင်း ကိုယ်တိုင် ကွင်းဆင်း လေ့လာခဲ့သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင် တဦးက ပြောသော်လည်း သတင်းနှင့် ပတ်သက်၍ မဇ္ဈိမ အနေဖြင့် သီးခြား အတည်ပြုချက် မရခဲ့ပါ။

၈ သောင်းခန့် ရှိသော လေဘေး ဒုက္ခသည်များ အတွက်ဟုဆိုကာ ရန်ကုန်မြို့မှ အလှူရှင်များ၊ စင်ကာပူနိုင်ငံရောက် မြန်မာများက ငွေကြေး၊ ရေသန့်ဗူး၊ ဆေးဝါးနှင့် ဆန်ဆီဆားများကို လှူဒါန်းခြင်းများသာ တွေ့ရပြီး ဒေသအာဏာပိုင်များ လာရောက် လှူဒါန်းခြင်းများကို ယနေ့ထိ မရရှိသေးဟု ဒေသခံများက ညီးတွားနေကြသည်။

နိုင်ငံတကာမှ လှူဒါန်းသည့် ကယ်ဆယ်ရေး ပစ္စည်းများ၊ အစားအသောက်များကို ဒေသအာဏာပိုင်များက လပွတ္တာ ဒုက္ခသည်များကို ထုတ်ပေးခြင်း မရှိဘဲ ကွပ်ကဲ ထိန်းသိမ်းရေးစခန်း ဂိုဒေါင်၌သာ ထိန်းသိမ်းထားပြီး အခြား အလှူရှင်များ၏ ပစ္စည်းများကို သိမ်းယူသဖြင့် ဆန်ဆီဆား၊ ခေါက်ဆွဲခြောက်၊ ရေသန့် အစရှိသည့် အစားအစာများ တင်ဆောင်လာသည့် ကား ၁ဝ စီးမက မြို့ပြင်၌ ရပ်နားကာ အခြေအနေ စောင့်ကြည့်နေသည်ဟု လပွတ္တာ ဆရာဝန်က ပြောသည်။

ဧရာဝတီနှင့် ရန်ကုန်တိုင်း အတွင်းရှိ လေဘေး ဒုက္ခသည်များ၏ ကျန်းမာရေးနှင့် ပတ်သက်၍ နအဖ အနေဖြင့် ထိထိရောက်ရောက် ပြုစုပေးနိုင်မည့် အခြေအနေ မရှိသောကြောင့် နားလည် တတ်ကျွမ်းသော နိုင်ငံတကာမှ ကယ်ဆယ်ရေး သမားများကို ဝင်ရောက်ခွင့်ပေးပြီး နိုင်ငံတကာ၏ အကူအညီများကို လက်ခံပေးပါရန် နိုင်ငံတကာရှိ မြန်မာဆရာဝန်များ စုပေါင်းထားသည့် မြန်မာ ဆေးပညာရှင်များ အစည်းအရုံးက ယမန်နေ့က ကြေညာချက် ထုတ်ပြန် တောင်းဆိုထားသည်။

“လုပ်သင့်လုပ်ထိုက်တာကို လုပ်ခွင့်မပေးဘဲ၊ Aid workers တွေကို မသွားခိုင်းဘဲနဲ့ သူတို့ပဲ ပစ္စည်းတွေ ဝေငှနေတယ် ဆိုတာက အင်မတန် မှားယွင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ Disaster ကို ကိုင်တွယ်ဖို့ သူတို့မှာ အခြေအနေ မရှိပါဘူး။ သင်ကြားထားပြီးသား၊ လေ့ကျင့်ထားပြီးသား လူတွေ၊ Facility နဲ့ လုပ်နိုင်ကိုင်နိုင်တာတွေ မရှိတော့ နိုင်ငံတကာက ကူညီတာကို လက်ခံသင့်ပါတယ်” ဟု သြစတေးလျ နိုင်ငံရောက် ဒေါက်တာ Raymond Tint Way က ပြောသည်။

မိသားစုတစုလုံး သေဆုံးပြီး ကျန်ရစ်ခဲ့သည့် ကလေးငယ်များ၊ မုဆိုးမများ၏ ပူဆွေးဒုက္ခများကို စောင်တထည်၊ ဆန်တပြည်၊ စားစရာ တထုတ် ပေးရုံဖြင့် ပြေလည်သွားမည် မဟုတ်သလို နိုင်ငံတော် ဝန်ကြီးချုပ် ကိုယ်တိုင် ထမင်းထုပ် ဝေငှနေပုံကို ရုပ်မြင်သံကြားနှင့် သတင်းစာတို့တွင် ဖော်ပြကာ ဝါဒ ဖြန့်နေခြင်းများကို ရပ်တန့်ကာ အမှန်တကယ် ထိရောက်သည့် လုပ်ဆောင်ချက်များ လုပ်ဆောင်သင့်ပြီဟု သူက ဆက်ပြောသည်။

“ကျနော်တို့တွေ စောင့်ကြည့်နေရင်း နာရီပိုင်းနဲ့အမျှ လူတွေသေနေတယ်။ De-hydration ဖြစ်နေတယ်။ အစာရေစာ ငတ်ပြတ်နေတယ်။ ဝမ်းသွားပြီး သေနေတယ်။ ဝမ်းရောဂါ၊ တိုက်ဖိုက်၊ ငှက်ဖျား။ ဒီလို အင်မတန် ကြီးမားတဲ့ Disaster ကြီးကို ကိုင်တွယ်ဖို့က အင်မတန် ခက်ခဲပါတယ်။ နိုင်ငံတကာက ဝိုင်းကူရမယ့် အခြေအနေမှာ ရှိတဲ့အတွက်ကြောင့် အစိုးရ အနေနဲ့ အဲဒါကို အမြန်ဆုံး လက်ခံပေးပါလို့ အနူးအညွတ် ပန်ကြားလိုပါတယ်” ဟု ဒေါက်တာ Raymond Tint Way က ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အစိုးရများ အနေဖြင့်လည်း မြန်မာ စစ်အစိုးရ၏ ပိတ်ပင် တားဆီးခြင်းများကို ဂရုစိုက်မနေတော့ဘဲ မြန်မာပြည်သို့ အမြန်ဆုံးဝင်ရောက်ပြီး တရက်ထက် တရက် သေနေ့ကို စောင့်နေကြသည့် မြန်မာလေဘေး ဒုက္ခသည်များကို အကူအညီများ ပေးရန်အချိန် ကျရောက်နေပြီဟု မြန်မာဆေးပညာရှင်များ အစည်းအရုံးက တောင်းဆိုထားသည်။


ကြက်ခြေနီသင်္ဘော ကယ်ဆယ်ရေး ပစ္စည်းများ သယ်ယူစဉ် နစ်မြုပ်

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မေလ 12 2008 17:34 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဆိုင်ကလုံး လေဘေးဒဏ်ခံ ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်သွားသော ကြက်ခြေနီ သင်္ဘောတစင်း မြန်မာနိုင်ငံ ဧရာဝတီ မြဝ်ဝကျွန်းပေါ် ဒေသတွင် တနင်္ဂနွေနေ့က နစ်မြုပ်ခဲ့သည်။

အစားအစာ၊ အ၀တ်အစားနှင့် အခြား ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်သွားသော သင်္ဘောသည် ရေအောက်တွင် နစ်မြုပ်နေသော သစ်ပင်တပင်နှင့် တိုက်မိပြီး နစ်မြုပ်သွားခြင်း ဖြစ်သည်။

သင်္ဘောပေါ်တွင် လိုက်ပါသွားသော နိုင်ငံတကာ ကြက်ခြေနီအဖွဲ့မှ ဝန်ထမ်း ၄ ဦးလုံး အသက်မသေ လွတ်မြောက်ခဲ့သည်ဟု ထိုအဖွဲ့မှ ပြောသည်။

“ဒီသင်္ဘောက မြစ်ဝကျွန်းပေါ်ဒေသကို ပို့တဲ့ ကျနော်တို့ရဲ့ ပထမဆုံး သင်္ဘောပါ။ သင်္ဘောပေါ်ပါတဲ့ ကယ်ဆယ်ရေး ပစ္စည်းအများစု ဆုံးရှုံးသွားခဲ့ပေမယ့် ကျနော်တို့ ဝန်ထမ်းတွေတော့ ဘေးအန္တရာယ် ကင်းကြပါတယ်” ဟု နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ IFRC ၏ မီဒီယာအရာရှိ အဲရစ်ပေါ်တာဖီးလ်ဒ် (Eric Porterfield) က ပြောကြားသည်။

သင်္ဘောသည် မေလ ၂ ရက်နေ့က မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ် ဒေသသို့ ဖြတ်သန်းတိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ် အပြင်းထန်ဆုံး ခံခဲ့ရသည့် ဒေသတခု ဖြစ်သော ဘိုကလေးမြို့သို့ ရန်ကုန်မြို့မှ ထွက်ခွါသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

သင်္ဘောပေါ်တွင် ဆန်အိတ် ၁ဝဝ၊ သောက်ရေသန့် လီတာ ၅ဝဝဝ၊ ရေသန့်ဆေးပြား တသောင်း၊ ရေသယ်ပုံး ၂ဝဝ၊ ထမ်းစင် ၁ဝ ခု၊ အဝတ်အစားပုံး ၃ဝ၊ တခုလျှင် အိမ်ထောင်စုသုံး ပစ္စည်း ၂၂ မျိုးပါဝင်သည့် မိသားစုသေတ္တာ ၃ဝ၊ ဆပ်ပြာချောင်း ၁ဝဝဝ၊ သားရေလက်အိတ် ၈ဝဝ နှင့် ခွဲစိတ်ခန်းသုံး မျက်နှာဖုံး ၁ဝဝဝ တို့ ပါဝင်သည် ဟု (IFRC) က ထုတ်ပြန်သော သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates