Tuesday, November 13, 2007

ကုလအရာရှိများက အစိုးရ အကြမ်းဖက် နှိမ်နင်းမှုကို စတင်စုံစမ်း

မဇ္ဈိမသတင်းဌာန
Monday, 12 November 2007 21:40 - မြန်မာစံတော်ချိန်

ဘုန်းကြီးကျောင်းတိုက် နှစ်ခုကို ယမန်နေ့က သွားရောက် လည်ပတ်လိုက်ခြင်းအားဖြင့် သူ၏ လေ့လာ စုံစမ်းမှုကို မစ္စတာ ပေါ်လိုဆာဂျီယို ပီညဲရိုးသည် စတင်လိုက်ပြီ ဖြစ်သည်။ စက်တင်ဘာလအတွင်းက အစိုးရမှ အကြမ်းဖက် နှိမ်နင်းမှုကို သူသည် နိုင်ငံရေး အကျဉ်းသားများထံ သွားရောက် လည်ပတ်ရေးနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်း စစ်ဆေးရန် မျှော်လင့်ထားသည်။

ယမန်နေ့က ရန်ကုန်သို့ ရောက်ရှိလာပြီးနောက် မစ္စတာ ပီညဲရိုးသည် ရန်ကုန်မြို့ရှိ မြရိပ်ညိုဟိုတယ်တွင် ဝင်ရောက် တည်းခိုခဲ့သည်။

ရန်ကုန်မြောက်ပိုင်း ပဲခူးမြို့ရှိ ကြခတ်ဝိုင်း ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ သူ၏ အချက်အလက် ရှာဖွေရေး ခရီးစဉ်ကို စတင်ခဲ့သည်။ ကျောင်းတိုက် ဆရာတော်ကို တွေ့ဆုံ လျှောက်ထားပြီးနောက် ရွှေတိဂုံဘုရားရှိ အရာရှိများနှင့် အစည်းအဝေး ပြုလုပ်ရန်အတွက် ရန်ကုန်သို့ ပြန်လာသည်ဟု ကုလကျေညာချက် တခုတွင် ပြောထားသည်။ ရွှေတိဂုံဘုရားသည် စက်တင်ဘာ အကြမ်းဖက် နှိမ်နင်းမှုတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများ စုရပ်အဖြစ် စုရုံးခဲ့သည့် နေရာတခု ဖြစ်သည်။

နိုင်ငံတဝှမ်းတွင် သံဃာတော်များ ဦးဆောင်သည့် ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို စစ်တပ်မှ လက်နက်ဖြင့် တုံ့ပြန်မှုတွင် လူ ၁ဝ ဦး သေဆုံးခဲ့သည်ဟု အစိုးရ အရာရှိများက ပြောဆိုခဲ့သည်။ သို့သော် သံတမန်များနှင့် ဒေသခံများကို ဤအရေအတွက်သည် ဖြစ်ရပ်မှန်နှင့် အလှမ်းဝေးလွန်းသည်ဟု ပြောဆိုကြသည်။

နအဖ ပြန်ကြားရေးဝန်ကြီး ဗိုလ်ချုပ်ကျော်ဆန်းက ဆန္ဒပြပွဲများအတွင်း ပါဝင် လုပ်ဆောင်ခဲ့သည်ဟု သံသယ ဖြစ်ဖွယ်ရာ လူပေါင်း ၂၉၂၇ ဦးကို ထိန်းသိမ်းထားသည် ဟုဆိုသည်။ သို့သော် ၉၁ ဦးမှအပ အားလုံး ပြန်လည် လွတ်မြောက်လာခဲ့ပြီ ဟူ၍လည်း ပြောဆိုခဲ့သည်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့က နိုင်ငံရေး အကျဉ်းသား ၇ဝဝ ခန့် ဆက်လက် ထိန်းသိမ်း ခံထားရဆဲ ဖြစ်သည်ဟု ပြီးခဲ့သည့် သောကြာနေ့က ပြောဆိုခဲ့သည်။

မြန်မာ စစ်အစိုးရများ အပေါ် ရပ်တည်မှု တင်းမာသည် ဘရာဇီး နိုင်ငံသား ပီညဲရိုးသည် အမှန်တရားကို ထုတ်ဖေါ်ရန် ဆန္ဒ ပြင်းပြနေသည်။ သူ့၏ စုံစမ်းစစ်ဆေးမှု ရလဒ်များကို နောက်လတွင် ဂျနီဗာရှိ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မတီတွင် ပြန်လည် တင်ပြမည် ဖြစ်သည်။

“ကျနော့်ရဲ့ စုံစမ်း စစ်ဆေးမှုများကနေ ကောင်းတဲ့ရလဒ်တွေ ရရှိနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု သူက တနင်္ဂနွေနေ့တွင် ရန်ကုန်သို့ ရောက်ရှိပြီးနောက် သတင်းထောက်များကို ပြောဆိုခဲ့သည်။ လွန်ခဲ့သည့် ၄ နှစ်ခန့်က မြန်မာပြည်တွင် ရောက်ရှိနေစဉ်က သူသည် ချောမော ပြေပြစ်စွာ သွားလာခွင့် မရခဲ့ပေ။ နိုင်ငံရေး အကျဉ်းသား တဦးနှင့် တွေ့ဆုံ မေးမြန်းစဉ် သူထိုင်နေသည့် စားပွဲအောက်တွင် တပ်ဆင်ထားသော ကြိုးမဲ့ စကားပြောခွက်ကို ရှာဖွေ တွေ့ရှိခဲ့ချိန်တွင် သူ၏ စုံစမ်း စစ်ဆေးမှုများကို ရုတ်ချည်း ရပ်တန့်ပစ်ခဲ့သည်။ ထိုအချိန်ကတည်းက သူ့ကို မြန်မာပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ခွင့် မပြုတော့ပေ။

မစ္စတာ ပီညဲရိုးသည် ခရီးစဉ် အသေးစိတ်ကိုမူ ပြောဆိုခြင်း မရှိသော်လည်း ကြာသပတေးနေ့အထိ မြန်မာပြည်တွင် နေထိုင်သွားရန် စီစဉ်ထားသည်။ ယခုတိုင် ဆွေးနွေးမှုများ ပြုလုပ်နေဆဲ ဖြစ်သည်။ သူ၏ လှုပ်ရှားမှုများကို မလိုလားအပ်သော ကန့်သတ်မှုများ ထားရှိလာပါက ပြန်လည် ထွက်ခွါသွားမည်ဟု သူက ပြောသည်။



တိုက်ရိုက် သက်ဆိုင်သူများနှင့် တွေ့သင့်သည်ဟု မစ္စတာ ပီညဲရိုး ကို ပြောဆိုကြ

မဇ္ဈိမသတင်းဌာန
Monday, 12 November 2007 21:32 - မြန်မာစံတော်ချိန်

ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် အနေဖြင့် နအဖ စီစဉ်ပေးသည့်အတိုင်း လိုက်မကြည့်ဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံရသူများနှင့် လွတ်လပ်စွာ တွေ့ဆုံခွင့် ရမှသာလျှင် ခရီးစဉ်၏ ရည်ရွယ်ချက် အောင်မြင်လိမ့်မည်ဟု အတိုက်အခံများက ပြောဆိုလိုက်သည်။

ကုလ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ မစ္စတာပီညဲရိုးသည် ယမန်နေ့က ရန်ကုန်သို့ ရောက်ရှိလာပြီးနောက် နအဖ စစ်အာဏာပိုင်များ၏ စီစဉ်ပေးချက်အရ စက်တင်ဘာ သံဃာလူထု လှုပ်ရှားမှုနှင့် မပတ်သက်သည့် ကြခတ်ဝိုင်း ကျောင်းတိုက်သို့ သွားရောက်ခြင်း၊ ရွှေတိဂုံဘုရား ဂေါပကများနှင့် တွေ့ဆုံခြင်းများ လုပ်ဆောင်ခဲ့သဖြင့် အတိုက်အခံများက ယခုလို ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ နေရာတွေကို တကယ် သွားရတယ်ဆိုရင် မဆိုးပါဘူးဗျာ။ ဒါပေမဲ့ သူတို့ (နအဖ) ပြတဲ့ နေရာတွေကို လျှောက်သွားပြီး သူ့လူတွေနဲ့ တွေ့ပြီးတော့ သူ့စကားတွေကိုပဲ ယုံရတော့မှာပဲ။ ဗမာပြည်မှာ အဲလို ခွဲခြားဆက်ဆံလို့ပဲ အဲဒီ ပြဿနာတွေ ဖြစ်နေတာပဲဗျ” ဟု ပြည်တွင်းမှ လူ့အခွင့်အရေး ကာကွယ် မြင့်တင်သူ ဦးမြင့်အေးက ပြောသည်။

ကျောက်တန်းရဲတပ်ရင်း ၇ တွင် ရက်ပေါင်း ၇ဝ အထိန်းသိမ်းခံခဲ့ရပြီး ယခုလ ၁ ရက်နေ့က ပြန်လွတ်လာသူ ဦးမြင့်အေးက မစ္စတာ ပီညဲရိုး အနေဖြင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသူများ၊ လူ့အခွင့်အရေး အကြောင်း အသိပညာ ဖြန့်ဝေမှုကြောင့် ထောင်ကျသွားသူ ဟင်္သာတမှ ကိုမြင့်နိုင်၊ လူ့အခွင့်အရေး လုပ်ဆောင်ခဲ့သဖြင့် လုပ်ကြံ တရားစွဲခံရသူ ပြည်မြို့မှ ကျူရှင်ဆရာ ကိုမင်းမင်း အစရှိသူများ၏ မိသားစုဝင်များနှင့်လည်း တွေ့ဆုံ မေးမြန်း သင့်သည်ဟု ဆက်ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ) မှ ကိုတိတ်နိုင်က “အတိုက်အခံတွေက ကျောင်းတိုက်ကို ခဲနဲ့ ဝိုင်းပေါက်ခံရတယ် ဆိုတဲ့ အထောက်အထားတွေ အဲဒီ ကျောင်းတိုက်က ပီညဲရိုးကို ပြချင်တာလား မသိဘူး။ အဲဒါဆိုရင်တော့ ပီညဲရိုး ဖြစ်စေချင်တဲ့၊ လေ့လာချင်နေတဲ့ အရာတွေနဲ့ သူတို့ ပြတာတွေနဲ့က တော်တော်ကို ဆန့်ကျင်ဘက် ဖြစ်သွားပြီ။ ဒါကြောင့် ဒီလိုသာ အစိုးက ကြိုတင် ပြင်ဆင်ထားတဲ့ နေရာတွေကို သွားရောက်မယ် ဆိုလို့ရှိရင် သူ့ခရီးစဉ်ဟာ အောင်မြင်မှာ မဟုတ်ဘူး” ဟု ပြောသည်။

လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းများ ထွက်ပေါ်နေရာ မြန်မာပြည်၏ လူ့အခွင့်အရေး အခြေအနေ အမှန်ကို စုံစမ်း လေ့လာလိုပါက နအဖ၏ ဦးဆောင် စီစဉ်ပေးသည်ကို လက်မခံဘဲ ရန်ကုန်အခြေစိုက် ယူအန်ဒီပီ၊ ယူနီဆက်ဖ် အစရှိသည့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၏ ဦးဆောင် စီစဉ်ပေးမှုကို ရယူပြီး ပူးပေါင်း လုပ်ဆောင်ပြီး ခရီစဉ် ပြီးဆုံးချိန် လူ့အခွင့်အရေး ချိုးဖောက်မှုကို လွတ်လွတ်လပ်လပ် တိုင်းကြားနိုင်မည့် အခင်းအကျင်း တရပ်ကို ဖန်တီးနိုင်ရန်အတွက် ကြိုးစားနိုင်မှသာလျှင် သူ၏ ခရီးစဉ် အောင်မြင်သည်ဟု ပြောနိုင်ကြောင်း ကိုတိတ်နိုင်က ဆက်လက်၍ သုံးသပ်ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း မစ္စတာ ပီညဲရိုး အနေဖြင့် စက်တင်ဘာလ အရေးအခင်းမှ ရရှိလာသော အကြိတ်အခဲတခု ပြည်သူလူထု ရင်ထဲတွင် တည်ရှိနေကြောင်း၊ ပီညဲရိုး၏ စုံစမ်းလေ့လာမှုက ထိုအကြိတ်အခဲကို ဖြေရှင်းပေးနိုင်မည်ဟု ယူဆကြောင်း ပြောသည်။

“စက်တင်ဘာ အရေးအခင်းနဲ့ ပတ်သက်ပြီးတော့ လူအများမှာ အကြိတ်အခဲပေါ့နော်။ တကယ် ဖြစ်ပျက်တာနဲ့ အစိုးရက ထုတ်ဖော်တာနဲ့ သိပ်ပြီး ကိုက်ညီမှု မရှိဘူးလို့ လူအများမှာ အကြိတ်အခဲ ရှိတာပေါ့နော်။ အဲဒီတော့ မစ္စတာ ပီညဲရိုးရဲ့ လူ့အခွင့်အရေးဆိုင်ရာ လေ့လာစုံစမ်းမှုက အမှန်တကယ် ဖြစ်ပျက်ခဲ့တာကို လေ့လာ စုံစမ်းခွင့်ရရင် ပြည်သူတွေရဲ့ အကြိတ်အခဲက ကျေနပ်သင့်သလောက် ကျေနပ်သွားမယ်၊ ပြေသင့်သလောက် ပြေသွားမယ်လို့ ထင်ပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

မစ္စတာ ပီညဲရိုးသည် သူ၏ ခရီးစဉ် အသေးစိတ်ကို ထုတ်ဖော် ပြောဆိုထားခြင်း မရှိသော်လည်း ယနေ့တွင် အင်းစိန်ထောင်သို့ သွားရောက်ကာ ဆန္ဒပြသဖြင့် အကျဉ်းကျ ခံနေရသူများနှင့် ၂ နာရီကြာ တွေ့ဆုံခဲ့သည်ဟု သတင်းများအရ သိရသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates