Wednesday, October 17, 2007

အင်တာနက် ၂၄ နာရီ ပြန်သုံးခွင့်ရပြီ
မဇ္ဈိမသတင်းဌာန
အောက်တိုဘာလ ၁၅ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာပြည်အတွင်း စက်တင်ဘာ လကုန်ပိုင်းတွင် ပြတ်တောက်သွားပြီး ယခု လဆန်းပိုင်းက အချိန်ပိုင်းသာ ပြန်လည် အသုံးပြုနိုင်သော အင်တာနက် ဆက်သွယ်ရေးလိုင်းကို ယမန်နေ့မှ စတင်ကာ ၂၄ နာရီ သုံးစွဲလာနိုင်ပြီဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း သံဃာတော်များနှင့် ပြည်သူများ၏ ဆန္ဒပြပွဲများ ဖြစ်ပေါ်နေပုံကို သတင်း အချက်အလက်၊ ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများ အဓိက စီးဆင်းသွားလာရာ လမ်းကြောင်းဖြစ်သည့် အင်တာနက် ဆက်သွယ်ရေးလိုင်းကို နအဖ စစ်အစိုးရက လကုန်ပိုင်းတွင် ဖြတ်တောက်ခဲ့ပြီး ယခုလဆန်းပိုင်း၌ ပွင့်ချီပိတ်ချီ အတန်တန် ပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့က ၂၄ နာရီကြာ သုံးစွဲနိုင်ခြင်း ဖြစ်သည်။

“ရပြီ။ မနေ့က စရတယ်။ မြို့ထဲက ကျနော့်ဆိုင်ကိုတော့ ပိတ်ထားသလို၊ တခြားဆိုင်တွေလည်း ပိတ်ထားတာတွေ ရှိတယ်။ အင်တာနက် လာသုံးတဲ့ လူတွေလည်း အေးအေးဆေးဆေး သုံးလို့ ရပါတယ်။ အခုထိတော့ အေးဆေးတယ်လို့ ပြောရမှာပေါ့” ဟု အင်တာနက် ဆိုင်ပိုင်ရှင် လူငယ်တဦးက ပြောသည်။

ယခုလို ပြန်လည် ဖွင့်ပေးလိုက်ခြင်းသည် တိုင်းပြည်အတွင်း အခြေအနေများ တည်ငြိမ်သွားပြီဟူသည့် သဘောကို နအဖ စစ်အစိုးရမှ ပြသလိုခြင်းကြောင့် ဖြစ်နိုင်သည်ဟု သူက ပြောဆိုသည်။

အင်တာနက် ကဖေးဆိုင်များတွင် သုံးစွဲသူများကို စောင့်ကြည့်ရန် အတွက် ရဲအိုင်တီ (ရဲနည်းပညာ) အဖွဲ့ကို စစ်အစိုးရက ဖွဲ့စည်းထားပြီး မသင်္ကာသည့် ဆိုင်များတွင် လာရောက် စောင့်ကြည့်ခြင်း၊ လာရောက် သုံးစွဲသူများ အနေဖြင့် နိုင်ငံရေးနှင့် ပတ်သက်သည့် အင်တာနက် စာမျက်နှာများအတွင်း ဝင်ရောက် ကြည့်ရှူပါက မှတ်သားထားနိုင်ရန်အတွက် ကွန်ပြူတာ Screen Shot နည်းပညာကိုလည်း အချို့ဆိုင်များတွင် ထည့်သွင်းထားသည်ဟု သိရသည်။

“သူတို့ ပြောထားတာကတော့ လုပ်ထားရမယ် ပြောတာပဲ။ ကျနော့် ဆိုင်မှာတော့ မလုပ်ထားပါဘူး။ လုပ်တဲ့ ဆိုင်တွေလည်း လုပ်ထားကြတယ်။ အခုထိတော့ မလုပ်ဘဲ နေလို့တော့ ရသေးတယ်ဗျ” ဟု အင်တာနက် ကဖေးပိုင်ရှင် လူငယ်က ဆက်ပြောသည်။

ယခုလို အင်တာနက်လိုင်းများ ပြန်လည် ဖွင့်ပေးလိုက်သလို၊ ဆန္ဒပြပွဲများ ဖြစ်ပွားစဉ်ကပင် လုံခြုံရေး တင်းကျပ်ခဲ့သည့် ရန်ကုန်မြို့တွင် ယခုအခါ ညမထွက်ရ အမိန့်ကို ည ၁၁ နာရီမှ နံနက် ၃ နာရီအထိ ၁ နာရီကြာစီ လျှော့ချလိုက်ပြီး၊ လုံထိန်းများကို နေရာအနှံ့ မတွေ့ရသော်လည်း အရပ်ဝတ်နှင့် ထောက်လှမ်းရေးများက လူစည်ကားရာ နေရာများ၌ ရှိနေသေးကြောင်း ရန်ကုန်မြို့ခံများက ပြောဆိုကြသည်။

“ကျမတို့ဘက်ကိုလည်း ညတိုင်း စစ်ကားတွေ လှည့်နေတာ ရှိသေးတယ်။ ၃ စီးလောက်လာပြီး နောက် ၁ နာရီလောက် ဆိုရင် ၅ စီးလာရင် လာသွားတယ်။ ညတိုင်းတော့ ပတ်နေတာပဲ။ တခုရှိသေးတာက စွမ်းအားရှင်တွေကိုလည်း စက်ဘီး တယောက်တစီး ဝေပေးထားတယ်တဲ့။ ညတိုင်း ၁၁ နာရီ ကျော်ပြီဆိုရင် လျှောက်ပတ်နေတာပဲ” ဟု လှိုင်သာယာမြို့နယ်မှ ကျောင်းသူတဦးက ပြောသည်။

နေ့ခင်းအချိန်များတွင် မြို့တွင်း၌ လုံခြုံရေး စောင့်ကျပ်မှုများ လျော့ပါးသွားသော်လည်း အာဏာပိုင်များက လူဖမ်းပွဲကို ဆက်လက် ကျင်းပနေဆဲ ဖြစ်ကြောင်းနှင့် ယခုလ ၁၁ ရက်နေ့ ညက လှိုင်သာယာမြို့နယ် ၁ ရပ်ကွက် မြခွာညိုလမ်းမှ အနောက်ပိုင်း တက� သိုလ် ဓာတုဗေဒ ကျောင်းသား တဦးကိုလည်း နေအိမ်သို့ လာရောက်ရှာဖွေကာ ဖမ်းဆီး သွားခဲ့သည်ဟု သူက ဆက်ပြောသည်။

“ကိုရဲတံခွန်ကို ၁၁ ရက်၊ ၁ဝ လ မနက် ၃ နာရီလောက်မှာ အိမ်ထဲ ဝင်ဖမ်းသွားတယ်။ လာဖမ်းတဲ့ လူတွေက မယက ဥက� ဌ ခင်သိန်းမောင်။ ရယက အတွင်းရေးမှူး ကိုတင်စိုးနီနဲ့ အောင်ဆန်းဦး။ စအဖတွေ ပါတယ်။ အားလုံး ၈ ယောက်လောက် ရှိတယ်” ဟု သူက ပြောသည်။

ကိုရဲတံခွန် ဖမ်းဆီးခံရသည့် သတင်းနှင့် ပတ်သက်၍ မဇ္ဈိမ အနေဖြင့် သီခြား အတည်ပြုချက် မရသေးပါ။

မြန်မာပြည်၏ ဒုတိယမြို့ကြီးတခုဖြစ်သော မန္တလေးမြို့တွင်လည်း ရန်ကုန်မြို့ကဲ့သို့ လုံခြုံရေး စောင့်ကြပ်သူများကို လျှော့ချခြင်း၊ ပိတ်ထားသည့်လမ်းများ ပြန်ဖွင့်ပေးခြင်း လုပ်ဆောင်နေသည်ကို တွေ့နေရသည်ဟု မန္တလေးမြို့ခံ တဦးကလည်း ပြောသည်။

“အခုအခြေအနေကတော့ ငြိမ်သွားပြီလို့ သူတို့ မတွက်ထားလောက်ဘူး။ သို့သော် သူတို့ဘက်က နိုင်နင်းသွားတဲ့ အနေအထား ရှိခဲ့တယ် ဆိုတော့ အခုအခြေအနေမှာ စစ်သားတွေ ဒီလောက်သုံးစရာ မလိုလို့ ခဏပြန် ဖြုတ်ထားတဲ့ သဘောပါပဲ။ ဗြုန်းခနဲ တခုခု ဖြစ်လာတယ်ဆိုရင် ပြန်ခေါ်လို့ရအောင် အဆင်သင့် လုပ်ထားမှာပဲ” ဟု သူက ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates