မုံပီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာ ၁၁ ရက်၊ ၂ဝဝ၇ ခုနှစ်။
မကြာသေးမီက မြန်မာပြည်တွင် ဖြစ်ပွါးခဲ့သော ဆန္ဒပြပွဲများသည် အိန္ဒိယ နိုင်ငံသို့လည်း ဂယက် ရိုက်ခတ်ခဲ့သည်။ အိန္ဒိယ အရှေ့မြောက် ပြည်နယ် မဏိပူတွင် လူ ၅ဝဝဝ ခန့်က ကြာသပတေးနေ့တွင် လမ်းမများပေါ်သို့ ထွက်ဆန္ဒပြခဲ့ကြပြီး စစ်အစိုးရကို ရှုတ်ချခဲ့ကြပြီး အိန္ဒိယ အစိုးရကိုလည်း မြန်မာပြည် အရေးတွင် ကြားဝင် ဆောင်ရွက်ပေးရန်လည်း တောင်းဆို ခဲ့ကြသည်။
ဇိုမီး ကျောင်းသား သမဂ္ဂက ဦးစီး စီစဉ်သည့် ဆန္ဒပြပွဲတွင် မဏိပူပြည်နယ် ချုရာချန်ပူ မြို့မှ နိုင်ငံသားများ ပါဝင် ချီတက် ဆန္ဒပြခဲ့ကြပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ခေါင်းဆောင်သည့် ဆန္ဒပြပွဲများကို စစ်အစိုးရက အင်အားသုံး အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းကို ကန့်ကွက် ဆန္ဒပြခဲ့ကြသည်။
'ဆန္ဒပြပွဲ အတွင်းနဲ့ ဆန္ဒပြပွဲ အပြီး ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရတဲ့ သူအားလုံးကို စစ်အစိုးရ အနေနဲ့ ချက်ချင်း လွှတ်ပေးဘို့ ကျနော်တို့ တောင်းဆိုပါတယ်။ အိန္ဒိယ အစိုးရ အနေနဲ့လည်း အခြား နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ မြန်မာပြည် ပြဿနာကို ဖြေရှင်းရာမှာ အတူတကွ ကြားဝင် ဆောင်ရွက်ပေးဖို့လည်း တောင်းဆိုပါတယ်' ဟု ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သူ တဦးက မဇ္ဈိမသို့ ပြောပြသည်။
ဆန္ဒပြသူများသည် 'မြန်မာပြည် လွတ်လပ်ရေး' 'ဒေါ်အောင်ဆန်းကြည် လွှတ်ပေးရေး' 'နိုင်ငံရေး အကျဉ်းသား အားလုံး လွှတ်ပေးရေး' စသော ပိုစတာများကို ကိုင်ဆောင်ကာ မြို့အတွင်း လှည့်လည် ဆန္ဒပြခဲ့ကြပြီး ဒေသခံ ရဲအရာရှိများကိုလည်း စာတစောင် ပေးအပ်ခဲ့သည်ဟု သိရသည်။
မြန်မာပြည်အတွင်း အပြောင်းအလဲများ လုပ်ဆောင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဖိအားများ တိုးပွါး လာသည့်နောက် ယခု ဆန္ဒပြပွဲသည် အိန္ဒိယ-မြန်မာ နယ်စပ်ပြည်နယ် ဖြစ်သော မဏိပူတွင် အကြီးဆုံး ဆန္ဒပြပွဲ ဖြစ်သည်။
ဗုဒ္ဓဟူးနေ့ကလည်း ကမ္ဘာတဝှမ်းမှ လွှတ်တော် ကိုယ်စားလှယ်များက စစ်အစိုးရက လူ့အခွင့်အရေး ချိုးဖောက်မှုများကို ဆက်လက် ကျူးလွန်နေသည့် အတွက် ပြစ်တင် ရှုတ်ချခဲ့ကြပြီး မြန်မာပြည်၏ အခြေအနေများ ပိုမို ဆိုးရွားလာခဲ့ပါက လက်နက် တင်ပို့မှု ပိတ်ဆို့ရေး အပါအဝင် ပိတ်ဆို့မှုများ ပိုမို မြှင့်တင်ရန် တောင်းဆို ခဲ့ကြသည်။
နိုင်ငံပေါင်း ၁၄၇ နိုင်ငံမှ ပါလီမန် အမတ် ၄ဝဝဝဝ ကျော်ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာ ပါလီမန် အမတ်များ သမဂ္ဂ IPU ကလည်း မြန်မာ စစ်တပ်နှင့် ရဲတပ်ဖွဲ့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ခေါင်းဆောင်သည့် ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို စစ်အစိုးရ ဆက်လက် ရက်စက်စွာ အကြမ်းဖက် နှိမ်နင်းနေခြင်း အတွက် အကြီးအကျယ် စိုးရိမ် ပူပန်မိကြောင်း ဗုဒ္ဓဟူးနေ့က အဆို တင်သွင်းခဲ့သေးသည်။
ပါလီမန် အမတ်များ အပေါ် အကြမ်းဖက်မှုများကို ကိုင်တွယ်နေသည့် အိုင်ပီယူ၏ လူ့အခွင့်အရေး ကော်မတီက မြန်မာ စစ်အစိုးရ၏ ဖမ်းဆီး ထိန်းသိမ်းခြင်းကို ခံနေရသည့် မြန်မာ လွှတ်တော်အမတ် အနည်းဆုံး ၂၆ ဦး ရှိသည်ဟု မှတ်တမ်း တင်ထားသည်။ ထိုလွှတ်တော် အမတ်များ၏ ကျန်းမာရေး အတွက် စိုးရိမ် ပူပန်ကြောင်းနှင့် သူတို့ကို ချက်ချင်း လွှတ်ပေးရန်လည်း တောင်းဆိုခဲ့သည်။
စစ်အစိုးရနှင့် အတိုက်အခံ ဒီမိုကရေစီ အင်အားစုများ အကြား အဆိုပြု ကမ်းလှမ်းထားသော ဆွေးနွေးပွဲများ အမှန်တကယ် တိုးတက်မှု ရှိလာသည် အထိ အဖွဲ့ဝင် ၁ဝ နိုင်ငံ ပါဝင်သော အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) ၏ အဖွဲ့ဝင်နိုင်ငံ အဖြစ်မှ ရပ်ဆိုင်းထားရန်ကို အဆိုပါ အရေးပေါ် အဆိုက နိုင်ငံတကာ အသိုင်းအဝိုင်းအား တောင်းဆိုထားသည်။
ထိုအတောအတွင်း အမေရိကန် နိုင်ငံကလည်း ဗြိတိန်၊ ပြင်သစ်တို့နှင့် အတူ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက် မူကြမ်းကို လွန်ခဲ့သော သောကြာနေ့က ကြီးမှူး တင်သွင်းခဲ့သည်။ အဆိုပါ မူကြမ်းတွင် အကယ်၍ မြန်မာ စစ်အစိုးရက ကုလသမဂ္ဂ၏ ကြားဝင် ဖြန်ဖြေမှုကို လိုက်နာရန် ပျက်ကွက်ပါက နိုင်ငံတကာ ပိတ်ဆို့မှုများကို ပိုမို ပြုလုပ်ရန် တွန်းအား ပေးသွားရေး ပါရှိသည်။
သို့သော် မြန်မာ စစ်အစိုးရ၏ အကြီးဆုံး ကုန်သွယ်ဘက် ဖြစ်ပြီး ကာလရှည်ကြာ မဟာမိတ် ဖြစ်ခဲ့သည့် တရုတ်နိုင်ငံကမူ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက် မူကြမ်းပါ စာသားကို ပြင်ဆင်ရန် ကြိုးပမ်းခဲ့သည်။ မြန်မာ စစ်အစိုးရသို့ ပေးပို့မည့် သတင်းစကားနှင့် စပ်လျဉ်း၍ လုံခြုံရေး ကောင်စီ၏ ၁၅ နိုင်ငံ အဖွဲ့ဝင်များ အတွင်း သဘောတူညီချက် မရသေးကြောင်း သိရသည်။
အမေရိကန်က ကြီးမှူး တင်သွင်းသော ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကို တရုတ်နှင့်ရုရှက ယခုနှစ် ဇန်နဝါ ရီလက ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီးနောက် တက်ကြွ လှုပ်ရှားသူများနှင့် စည်းရုံး လှုံ့ဆော်သူများက ပီကင်းတွင် ၂ဝဝ၈ ခုနှစ် ကျင်းပမည့် အိုလံပစ်ပွဲကို သပိတ်မှောက်ရန် ဦးတည် ကြိုးပမ်းနေကြသည်။
အောက်တိုဘာလ ၅ ရက်နေ့ကလည်း မြန်မာ စစ်အစိုးရနှင့် အတိုက်အခံများ အကြား ဆွေးနွေးမှုများ စတင်ပြီး အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းသို့ တက်လှမ်းနိုင်ရေး အတွက် မိမိ၏ သြဇာ အရှိန်အဝါကို အသုံးချကာ မြန်မာ စစ်အစိုးရကို ဖိအားပေးပါရန် ကမ္ဘာ့ ခေါင်းဆောင်ဟောင်း ၂၁ ဦးက တရုတ် အစိုးရကို တောင်းဆိုခဲ့သည်။
အဆိုပါ ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများက တရုတ်သမတ ဟူကျင်းတောင် သို့ ပေးပို့ခဲ့သော အိတ်ဖွင့် ပေးစာတွင် ယင်း၏ မြန်မာပြည်ဆိုင်ရာ မူဝါဒများကို ပြန်လည် သုံးသပ်ရန်နှင့် အထိန်းသိမ်းခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် အခြား နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေး အတွက် တောင်းဆိုနေမှုများကို ထောက်ခံပါရန် တရုတ် အစိုးရအား တောင်းဆိုခဲ့သည်။
မြန်မာနိုင်ငံကို လက်နက် တင်ပို့မှုများ ချက်ချင်း ပိတ်ဆို့ အရေးယူရေးနှင့် နိုင်ငံစုံ အကျိုးတူ နိုင်ငံရေးအရ ကြိုးပမ်းမှုများကို ပိုမို ခိုင်မာ အင်အား တောင့်တင်းရေး အတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် ငြိမ်းချမ်းပြီး စည်းနှောင်မှု ရှိသည့် (မလိုက်နာ မနေရသည့်) ဆုံးဖြတ်ချက်တရပ် ချမှတ်နိုင်ရေး သဘော တူညီချက် ရရှိရန် ဆောင်ရွက်မှုများကို တရုတ်အစိုးရ အနေဖြင့် ထောက်ခံပါရန်လည်း အဆိုပါ သမတဟောင်းများနှင့် ဝန်ကြီးချုပ်ဟောင်းများက တရုတ်အစိုးရ ကို တိုက်တွန်း ပြောကြားခဲ့သည်။