Saturday, October 13, 2007

စစ်အစိုးရက ညမထွက်ရ အမိန့်နှင့် လူမစုဝေးရ အမိန့်ကို ပြန်လည်ရုပ်သိမ်းဘွယ်ရှိနေခြင်း

မုံးပီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁၁ ရက်၊ ၂ဝဝ၇ ခုနှစ်။

မြန်မာစစ်အစိုးရ ထိပ်တန်း အရာရှိကြီးများလည်း မြန်မာနိုင်ငံ၏ အကြီးဆုံးမြို့ကြီး ၂ မြို့တွင် ထုတ်ပြန်ထားသော ညမထွက်ရ အမိန့်ကို ပြန်လည် ရုပ်သိမ်းသင့်မသင့် ခေါင်းချင်းရိုက် တိုင်ပင်လျက် ရှိသည်ဟု ရန်ကုန်ရှိ သတင်း ရပ်ကွက်များက ဆိုသည်။

'ညမထွက်ရ အမိန့် ကာဖျူးက ခုထိ ပြန်မရုပ်သိမ်း ရသေးဘူးဗျ၊ ဒါပေမဲ့ ပြန်ရုပ်သိမ်းဘို့တော့ စဉ်းစားနေတယ်လို့ သိရတယ်' ဟု အမည် မဖေါ်လိုသူ ရဲအရာရှိ တဦးက မဇ္ဈိမသို့ ပြောသည်။

ညမထွက်ရ အမိန့်နှင့် လူ ၅ ဦးထက် ပို၍ မစုဝေးရ ဆိုသော အမိန့်များကို ရုပ်သိမ်းရန် စဉ်းစားရခြင်းမှာ မကြာမီကျ ရောက်တော့မည့် သီတင်းကျွတ် မီးထွန်းပွဲတော်ကြောင့် ဖြစ်ဘွယ်ရှိသည်ဟု အဆိုပါ အရာရှိကပင် ဆက်လက် ပြောကြား ခဲ့ပါသည်။

သီတင်းကျွတ် မီးထွန်းပွဲတော်သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုး အများဆုံး နေထိုင်သော မြန်မာပြည်တွင် အကြီးဆုံးသော ဘာသာရေး ပွဲတော်တခု ဖြစ်သည်။ ထိုပွဲတော်သည် အောက်တိုဘာ ၂၅ ရက်နေ့တွင် စတင်မည် ဖြစ်သည်။

သို့သော် မည်သည့် အကြောင်းကြောင့် ရုပ်သိမ်းမည် ဆိုသည်မှာမူ ယခုအထိ သဲကွဲခြင်း မရှိသေးဟုလည်း ဆိုသည်။

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ခေါင်းဆောင်သည့် ဆန္ဒပြပွဲများ ဖြစ်ပွါးနေစဉ် အတွင်း ညမထွက်ရ အမိန့်နှင့် လူ ၅ ဦးထက် ပိုမစုဝေးရ အမိန့်များကို စက်တင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တားဆီး ကန့်သတ်မိန့်များ ထုတ်ပြန်ပြီးနောက် စက်တင်ဘာလ ၂၆ ရက်နေ့တွင် စစ်အစိုးရက ဆန္ဒပြသူများကို အကြမ်းဘက် နှိမ်နင်းခဲ့သည်။ လူပေါင်းများစွာ အဖမ်းခံခဲ့ရသည်၊ သေဆုံးခဲ့ရသည်။ ယင်းနောက် ညသန်းခေါင်ယံ ဘုန်းကြီးကျောင်းများ နှင့် တက်ကြွ လှုပ်ရှားသူများ၏ နေအိမ်များကို ဝင်စီးခြင်းစသည့် နှိမ်နင်းရေး လုပ်ငန်းများကိုဆက်လက် လုပ်ဆောင်ခဲ့သည်၊

စစ်အစိုးရ၏ တရားဝင် ထုတ်ပြန်ချက်များ အရ ဆန္ဒပြပွဲများအတွင်း လူ ၁ဝ ဦး သေဆုံးပြီး လူ ၂ဝဝဝ ခန့်ကို ဖမ်းဆီး ထိန်းသိမ်း ခဲ့သည်ဟု ဆိုသော်လည်း အတိုက်အခံများ နှင့် သံတမန်များကမူ ထိုကိန်းဂဏန်းများထက် အများကြီး ပိုဘွယ်ရှိသည်ဟု ဆိုသည်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေသော လူအုပ်အား အသစ်တဖန် နှိမ်နင်းမှုများ ထပ်မံ ပြုလုပ်နေသည့် ရက်သတ္တပတ် အတွင်း စစ်အစိုးရ အုပ်စိုးနေသော မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ၏ အထူး သံတမန် မစ္စတာ အီဗရာဟင် ဂမ်ဘာရီ သွားရောက် လည်ပတ်ခဲ့သည်။ စစ်အစိုးရကို ကန့်သတ်မှုများ ချက်ချင်း ရုပ်သိမ်းပေးရန်တောင်းဆိုခဲ့သည်။

'ခုတော့ အခြေအနေတွေက ပုံမှန်အတိုင်း ပြန်ဖြစ်နေပြီဗျာ၊ ခုအချိန် ကန့်သတ်မှုတွေကို ရုပ်သိမ်းဘို့ သင့်ပြီလို့ အစိုးရကလဲ စဉ်းစားကောင်း စဉ်းစားနိုင်ပါတယ်' ဟု အထက်ပါ အရာရှိကပင် ဆက်လက်ပြောဆိုခဲ့ပါသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates