Thursday, October 11, 2007

အမ်အေအိုင် ခရီးစဉ်များ အရေးပေါ် ဖျက်သိမ်း

မဇ္ဈိမသတင်းဌာန
အောက်တိုဘာ ၁ဝ ရက်၊ ၂ဝဝ၇ ခုနှစ်

နိုင်ငံပိုင် မြန်မာ အဲယားဝေး အင်တာနေရှင်နယ် (အမ်အေအိုင်) ခရီးစဉ်များ ဖျက်သိမ်းပြီး လေယာဉ်စီးမည့် ခရီးသည်များကို ကြာသာပတေး နေ့မှစ၍ ထိုင်းလေကြောင်း လိုင်းများသို့ ပြောင်းလွှဲ တင်ပေးရမည် ဖြစ်သည်။

မည်သည့် အကြောင်းကြောင့် အမ်အေအိုင်၏ ဘန်ကောက်-ရန်ကုန် ခရီးစဉ်များကို ဖျက်သိမ်းရသည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း လေကြောင်းလိုင်း အရာရှိက ဟုတ်မှန်ကြောင်း ဝန်ခံ ပြောကြားသွားသည်။

“ဘာကြောင့်လဲ ဆိုတာတော့ သေချာတဲ့ သတင်းမရဘူး။ ကျနော့်မှာ ပြောလို့ရတဲ့ အနေအထားလည်း မရှိဘူး။ ခရီးစဉ် ဖျက်သိမ်းရတယ်လို့ ပြောတော့ မြန်မာပြည်သွားတဲ့ ခရီးသည်တွေ အဆင်ပြေအောင် ချောမွေ့အောင် ကျနော်တို့ လုပ်ဆောင် ပေးနေရပါတယ်။” ဟု အမ်အေအိုင်မှ ဝါရင့် အရာရှိ တဦးက ပြောသည်။

အများပြည်သူသို့ ထုတ်ပြန် ကြေညာခြင်း မရှိသော ခရီးစဉ် ဖျက်သိမ်းမှုသည် မည်မျှ ကြာမြင့်မည်ကို လေကြောင်းလိုင်း အဆင့်မြင့် အရာရှိများပင် မသိနိုင်အောင် ဖြစ်နေသည်။

“နောက်ရက်တွေလည်း (ခရီးသည်များကို လေယာဉ်) ပြောင်းရဖို့ ရှိနေတယ်။ ဒါပေမယ့် ပြောဖို့ ခက်နေတယ်။” ဟု သူက ထပ်ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates