ဖနီဒါ (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၁၁ ရက်၊ ၂ဝဝ၇ ခုနှစ်။
နိုင်ငံတဝှမ်း ဆန္ဒပြပွဲများ ဖြစ်ပွားစဉ်က ဖမ်းဆီး ခံရသူများ အနက် ၄၅ ဦးကို ယမန်နေ့က သရက်ထောင်သို့ ဆက်လက် ပို့ဆောင်လိုက်ကြောင်း မျက်မြင် သက်သေများက ပြောသည်။
ရဲဝန်ထမ်း ၂ဝ ခန့် စောင့်ကြပ် လိုက်ပါလာသည့် ဖမ်းဆီးခံ သံဃာတော်များနှင့် အမျိုးသမီးများ အပါအဝင် ၂၉ ဦး ကို အောင်လံ-သရက် မော်တော်ဆိပ်မှတဆင့် သရက်မြို့သို့ စက်လှေများဖြင့် ဗုဒ္ဓဟူးနေ့ နံနက်က ပို့ဆောင်ခဲ့သလို ၁၆ ဦးပါ နောက်တသုတ်ကိုလည်း ညဘက်တွင် ဆက်လက် ပို့ဆောင်ခဲ့သည်။
“ရဟန်း သံဃာလို့ ယူဆရတဲ့ ကတုံးတွေလည်း ပါတယ်။ ဒါပေမဲ့ သူတို့က လူဝတ်တွေပဲ။ အမျိုးသမီးလည်း ပါတယ်။ သူတို့ကို ဇက်နဲ့ တိုက်ရိုက်ပို့တာ မဟုတ်ဘူး။ စစ်လှေဘုတ်ပေါ့နော်။ ဒါတွေနဲ့ ပို့လိုက်တာ။ ဘတ်စ်ကား တစီးက မင်းဘူး-အန်း ဆိုပြီး ရေးထားတယ်။ အဲဒီ ကားတွေမှာ လုံခြုံရေး အပြည့်ပါတယ်။ သူတို့က ရဲယူနီဖောင်း အပြည့်အစုံနဲ့ ပါလာတယ်” ဟု မျက်မြင် သက်သေ တဦးက ပြောသည်။
ညဘက် ပို့လိုက်သည့် အသုတ်တွင် မကွေး၊ တောင်တွင်းကြီး၊ နတ်မောက်၊ ကျောက်ပန်းတောင်းဘက် ဆန္ဒပြပွဲများတွင် ပါဝင်၍ ဖမ်းဆီး ခံခဲ့ရသူများ ဖြစ်သည်။
သရက်ထောင်တွင် ထောင်ဖွင့်ချိန် နံနက် ၅ နာရီနှင့် ထောင်ပိတ်ချိန်အဖြစ် ညနေ ၆ နာရီကြားတွင် သတ်မှတ် ထားသော်လည်း ယခုအခါ ခရိုင် ခယက ဥက္ကဌ အမိန့်ဖြင့် အချုပ်သား၊ အကျဉ်းသားများ လာရောက် ပေးပို့သည်ကို အချိန်မရွေး လက်ခံရမည်ဟု အာဏာပိုင်များက ညွှန်ကြားထားကြောင်း စုံစမ်း သိရှိရသည်။