မုံပီး (မဇ္ဈိမသတင်းဌာန)
အောက်တိုဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို မြန်မာစစ်အစိုးရက အကြမ်းဖက် နှိပ်ကွပ်မှုအပေါ် ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ပြင်းထန်စွာ ရှုတ်ချလိုက်ကာ မြန်မာပြည်တွင်း အခြေအနေများကို ချက်ချင်း စုံစမ်း စစ်ဆေးရန်အတွက် ခွင့်ပြုရန်လည်း တောင်းဆိုလိုက်သည်။
ကုလ လူ့အခွင့်အရေး ကောင်စီက မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေများ အပေါ် အထူးဆွေးနွေးပွဲ တရပ်ကို အင်္ဂါနေ့က ကျင်းပခဲ့ခြင်း ဖြစ်ပြီး၊ စုံစမ်းစစ်ဆေးရေး အတွက် အထူး ကိုယ်စားလှယ်ကို စေလွှတ်ခွင့်ပြုရန် နအဖ စစ်အစိုးရကို တောင်းဆိုသည့် ဆုံးဖြတ်ချက် ချမှတ်လိုက်ခြင်း ဖြစ်သည်။
ဆုံးဖြတ်ချက်တွင် “ဆက်လက် ကျူးလွန်နေသည့် အာဏာပိုင်များမှ အာဏာသုံး၍ ရိုက်နှက်မှုများ၊ သတ်ဖြတ်မှုများ၊ တဖက်သတ် ဖမ်းဆီးမှုများ အပါအဝင် မြန်မာပြည်တွင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အကြမ်းဖက် ဖိနှိပ်နေသည့်အပေါ် ပြင်းထန်စွာ ရှုတ်ချသည်”ဟု ဖော်ပြ ပါရှိသည်။
“လူ့အခွင့်အရေးဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ပေါ်ဆာဂျီယို ပီညဲရိုးကို မြန်မာပြည်ထဲ လာရောက်ခွင့်ပြုဖို့နဲ့ အခြေအနေတွေကို စုံစမ်း စစ်ဆေးနိုင်ဖို့ မြန်မာ အစိုးရကို တောင်းဆိုလိုက်တယ်” ဟု လူ့အခွင့်အရေးဆိုင်ရာ ပဉ္စမ အကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်ခဲ့သူ မြန်မာ လူ့အခွင့်အရေး လှုပ်ရှားသူ ကိုအောင်မျိုးမင်းက မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် သတင်းပတ်အတွင်း နအဖ စစ်အစိုးရက သံဃာတော်များ ဦးဆောင်သည့် ရန်ကုန်မြို့ရှိ ဆန္ဒပြပွဲများကို ပစ်ခတ်မှုများ ပြုလုပ်ခြင်းအားဖြင့် လူမဆန်စွာ နှိမ်နင်းခဲ့ပြီး၊ သန်းခေါင်ယံတွင် ဘုန်းတော်ကြီး ကျောင်းများသို့ ဝင်ရောက်စီးနင်းကာ သံဃာတော် အပါး ၂ဝဝ ထက်မနည်း ဖမ်းဆီးခဲ့သည်။
မြန်မာပြည်တွင် စစ်အုပ်ချုပ်ရေး သက်တမ်း နှစ်ပေါင်း ၂ဝ နီးပါးအတွင်း အကြီးမားဆုံး အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို နှိမ်နင်းစဉ်အတွင်း လူပေါင်း ၁ဝ ဦးမျှသာ သေဆုံးခဲ့သည်ဟု နအဖ စစ်အစိုးရက တရားဝင် ပြောဆိုခဲ့သော်လည်း ဒီမိုကရေစီရေး လှုပ်ရှားသူများကမူ ထောင်ပေါင်းများစွာ မဟုတ်လျှင်ပင် ရာချီ၍ သေဆုံးနိုင်သည်ဟု ပြောဆိုသည်။
ရန်ကုန်ရှိ သတင်း ရပ်ကွက်များက သံဃာတော်များ၏ ရုပ်အလောင်းများစွာကို ရန်ကုန်မြစ်အတွင်း မျောပါနေသည်ကို တွေ့ရှိခဲ့သည်ဟု ပြောဆိုကြကာ၊ ခန္ဓာကိုယ်များတွင် သေဆုံးသည်အထိ ရိုက်နှက် ခံထားရသည့် ဒဏ်ရာများကိုလည်း တွေ့မြင်ရသည်ဟု ဆိုသည်။
အဆိုပါ သတင်းရပ်ကွက်များက မြန်မာစစ်တပ်သည် သန်းခေါင်ယံတွင် အနည်းဆုံး ဘုန်းတော်ကြီးကျောင်း ၁၅ ကျောင်းကို ဝင်ရောက် စီးနင်းခဲ့ကာ အနည်းဆုံး သံဃာတော် အပါး ၂ဝဝဝ ခန့်ကို ဖမ်းဆီးသွားသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် ဒုတိယအကြီးဆုံး မြို့ဖြစ်သည့် မန္တလေးရှိ ဘုန်းတော်ကြီးကျောင်းများကို ဆက်လက် ပိတ်ဆို့ထားပြီး၊ အတိုက်အခံ ပါတီဝင်များ သာမက အခြား တက်ကြွသူများ၏ နေအိမ် အများအပြားသို့လည်း ညပိုင်းတွင် အာဏာပိုင်များက စီးနင်းမှုများ ပြုလုပ်ခဲ့သည်ဟု သတင်း ရပ်ကွက်များက ပြောသည်။
ကုလ လူ့အခွင့်အရေး ကောင်စီက အစိုးရတရပ်ကို မကြုံစဖူး ဝေဖန်လိုက်ပြီး စေလွှတ်မည့် အထူး ကိုယ်စားလှယ်သည် ရှာဖွေ တွေ့ရှိချက်များကို ကုလသမဂ္ဂ အထွေထွေ ညီလာခံနှင့် လုံခြုံရေး ကောင်စီသို့ တင်သွင်းမည် ဖြစ်ကာ တင်သွင်းချက်များကြောင့် ကုလ လုံခြုံရေး ကောင်စီတွင် မြန်မာ့အရေး ဆွေးနွေးရန်အတွက် အထောက်အကူ များစွာ ပံ့ပိုးပေးနိုင်မည်ဟု သုံးသပ်သူများက မျှော်လင့်ကြသည်။
သို့သော်လည်း ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) မှ ဒါရိုက်တာဖြစ်သူ ကိုအောင်မျိုးမင်းက လူ့အခွင့်အရေး ကောင်စီ၏ ဆုံးဖြတ်ချက်သည် လုပ်ပိုင်ခွင့် အာဏာ မရှိသည့်အတွက် စစ်အစိုးရက အထူး ကိုယ်စားလှယ်ကို ဝင်ရောက်ခွင့် မပြုပါက အကျိုးသက်ရောက်မှု နည်းပါးနိုင်သည်ဟု ပြောဆိုသည်။
“မေးခွန်းတင်တာက နအဖ စစ်အစိုးရက အထူး ကိုယ်စားလှယ်ကို နိုင်ငံအတွင်း ဝင်ရောက်ခွင့် မပြုရင် ဘာဆက်လုပ်ကြမလဲ။ တကယ်လို့ ဝင်ခွင့်ပြုတယ်ပဲ ထားအုံးတော့ အစိုးရက အခုအခါ သက်သေ အထောက်အထားတွေကို ဖျက်ဆီးနေတယ်လို့ ကြားတယ်။ ဒါကြောင့် အထူး ကိုယ်စားလှယ်အနေနဲ့ ဘယ်လောက် အတိုင်းအတာအထိ တိတိကျကျ စုံစမ်း ဖော်ထုတ်နိုင်မလဲ ဆိုတာလည်း မေးခွန်း ထုတ်စရာပါပဲ” ဟု ကိုအောင်မျိုးမင်းက ပြောသည်။
မြန်မာပြည်တွင်းသို့ ဝင်ရောက်ရန်အတွက် လွန်ခဲ့သည့် ၂ နှစ်ကျော်ကတည်းက ငြင်းပယ် ခံထားရသည့် မစ္စတာ ပီညဲရိုးသည် ပြီးခဲ့သည့် စက်တင်ဘာလ ၂၈ ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ ၆ ဦးနှင့်အတူ ဆန္ဒပြသူများကို အကြမ်းဖက် ဖြိုခွဲသည့် လုပ်ရပ်နှင့် ပတ်သက်ပြီး နအဖ စစ်အစိုးရကို ရှုတ်ချသည့် ကျေညာချက်တစောင် ထုတ်ပြန်ရာတွင် လူ့အခွင့်အရေးဆိုင်ရာ ကောင်စီအနေဖြင့် “မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာမှု ရှိလာစေရန်အတွက် လိုအပ်သည့် လုပ်ငန်း အဆင့်များကို ဆောင်ရွက်ရေးအတွက် ခိုင်မာသည့် ဆုံးဖြတ်ချက်များ ပြသရန်” လည်း ပြောဆိုထားသည်။