Saturday, September 22, 2007

ရန်ကုန်မှာ ရေကြီး

ရန်ကုန် မုံရွာ မိုးကုတ် ရွှေဘို ပခုက္ကူနှင့် ဒိုက်ဦးတွင် သံဃာတော်များ ဆန္ဒပြနေပြီ

ဆွမ်းမလောင်းရဘူး ရယက က ပြောတယ်

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ ၂၁ ရက်၊ ၂၀၀၇ ခုနှစ်။

ရန်ကုန်ဆန္ဒပြ သတင်းများ

6:15 PM
ရန်ကုန်မြို့ ယနေ့ သံဃာတော်များ ဆန္ဒပြပွဲနှင့် ပတ်သက်၍

ယနေ့ နေ့လည် ၁၂ နာရီခန့်က တာမွေ မြို့နယ်ဘက်မှ သံဃာတော်များ လမ်းလျှောက် ဆန္ဒပြရာတွင် ရန်ကုန် မြို့တော်ခန်းမ ရှေ့တွင် မေတ္တာသုတ် ရွတ်ဖတ်ပြီးနောက် ပြန်လည် ထွက်ခွါလာပုံကို မျက်မြင် တွေ့ရှိသူ ဒေသခံတဦးက ယခုလို ပြောဆိုသည်။

သံဃာ အင်အားကတော့ ၂ဝဝဝ လောက် ရှိတယ်။ လူထုကတော့ သောင်းဂဏန်းမှာ ရှိတယ်။ မိုးတွေရွာနေတာ သည်းကြီးမဲကြီးပဲ။

“မြို့တော်ခမ်းမ ရှေ့မှာ မေတ္တာသုတ် ရွတ်ပြီးတော့ ၁ဝ မိနစ်လောက် နားပြီး မဟာဗန္ဓုလ လမ်းအတိုင်းလျှောက်လာပြီး ဗိုလ်တထောင် ဘုရားမှာ မေတ္တာသုတ် ရွတ်တယ်။ ဗိုလ်တထောင် ၄၆ ကနေပြီးတော့ သာကေတ ကုန်းတံတားကနေ မင်္ဂလာဈေး၊ မင်္ဂလာတောင်ညွှန့်၊ မင်္ဂလာဈေး လမ်းတလျှောက် ဆက်လျှောက်နေတာ သံဃာ အင်အားကတော့ ၂ဝဝဝ လောက် ရှိတယ်။ လူထုကတော့ သောင်းဂဏန်းမှာ ရှိတယ်။ မိုးတွေရွာနေတာ သည်းကြီးမဲကြီးပဲ။

လမ်းမတလျှောက်က ရုံးတွေတော့ တံခါးတွေ ပိတ်ထားတယ်။ ရုံးတော့ ဖွင့်တယ်။ ဝန်ထမ်းတွေထွက် အားမပေးရအောင် ပိတ်ထားတာ ထင်တယ်။ မြို့တော်ခန်းမမှာလည်း ရုံးတခါးတွေ ပိတ်ထားတယ်။ ဒါပေမဲ့ ဝန်ထမ်းတွေက အပေါက် သေးသေးလေးတွေကနေ လက်တွေထုတ်ပြီး အားပေးကြတယ်။ ယူနီဖောင်းတွေနဲ့ စောင့်နေတာမျိုးတော့ မတွေ့မိဘူး။

လာတုန်းလည်း တာမွေဘက်ကနေ၊ ၁၂ နာရီလောက်ကနေ ထွက်လာကြတာ။ အခု ပြန်နေတာပေါ့။ တာမွေဘက်ကိုပဲ ပြန်နေတာပေါ့။ လူထုကလည်း လက်ခုပ်သြဘာ ပေးကြတယ်၊ တလမ်းလုံးပါပဲ။

5:20 PM
ရန်ကုန်ဆန္ဒပြသူများ လူစုခွဲလိုက်ပြီးဖြစ်သည်။

4:45 PM
ဆန္ဒပြ သံဃာတော်များ ဆူးလေဘုရားမှသည် မဟာဗန္ဓုလ လမ်းအတိုင်း ဆက်လက် ချီတက် သွားကြသည်။ မဟာဗန္ဓုလ လမ်းပေါ်တွင် ရေကြီးနေသည်။

3:45 PM
သံဃာတော် အပါး ၁ဝဝဝ ကျော်သည် ဆူးလေ ဘုရားသို့ ချီတက် သွားနေကြသည်။

3:15 PM
"မနက် ကိုးနာရီလောက်က စပြီး ဘုန်းကြီးတွေ စုရပ်စီကို သွားနေကြပါတယ်။ စုရပ်ကတော့ ဗဟန်း ဘုန်းကြီးကျောင်းများ အစု၊ အလုံနဲ့ ကြည့်မြင်တိုင်တို့ ဖြစ်ပါတယ်။ တခြား မြို့နယ်တွေက ဘုန်းကြီးတွေကပါ အလုံနဲ့ ဗဟန်းကို လာနေပါတယ်။ ဘတ်စကားတစီး ဆိုက်လိုက်တိုင်း ထီးကိုင်ထားပြီး သပိတ်မပါဘဲ ခရီးသွားပုံစံ ဘုန်းကြီးတွေ ဖြစ်ပါတယ်။ သူတို့နဲ့ သက်ဆိုင်တဲ့ ကျောင်းရောက်မှ ဆွမ်းဘုန်းပေးပြီး နေ့လယ်နဲ့ ညနေကို ဆက်လက် ချီတက်ကြမယ် ဖြစ်ပါတယ်။" ဟု အခြေအနေကို စောင့်ကြည့် လေ့လာနေသူ တဦးက ပြောသည်။

သို့သော်လည်း မိုးကြောင့် သံဃာတော်များ အခက်အခဲ ကြုံတွေ့နေရသည်ဟု မျက်မြင်များက ပြောသည်။

3:10 PM
မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများ ရန်ကုန်မြို့တွင် ဖြစ်ပွားနေ၍ ရွှေတိဂုံဘုရား စုရပ်သို့ သွားရောက်နေသည့် သံဃာတော် အစုအဖွဲ့ လေးများ ခရီးမတွင်နိုင်ဘဲ ရှိနေကြသည်။

2:50 PM
ရန်ကုန်မြို့လယ်ခေါင်တွင် လုံထိန်းနှင့် ကြံ့ဖွံ့ အင်အားဖြည့်

ရန်ကုန်မြို့တော်ခန်းမ၊ ဆူးလေပန်းခြံနှင့် အနီးတဝိုက်တွင် အဓိကရုဏ်း နှိမ်နင်းရေးရဲ (လုံထိန်း) များနှင့် စွမ်းအားရှင် ၅ဝ ကျော်ကို ယမန်နေ့ ညနေ ၅ နာရီခန့် ကတည်းက အင်အား ထပ်ဖြည့်လိုက်သည်။

2:10 PM
ဆွမ်းမလောင်းရဘူး ရယက က ပြောတယ်

ကြည့်မြင်တိုင်၊ အလုံနှင့် စမ်းချောင်း မြို့နယ်များရှိ အာရုံဆွမ်းလောင်း အသင်းများကို ယမန်နေ့မှ စတင်၍ သုံးပတ်အတွင်း အာရုံဆွမ်း လောင်းလှုခြင်း မပြုရန် ရပ်ကွက် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (ရဝတ) မှ လိုက်လံ တားဆီးလျှက် ရှိသည်။

သံဃာအပါး ၂ဝဝ ရန်ကုန်မှာ ဆန္ဒပြ ချီတက်နေပြီ

မြန်မာ စံတော်ချိန် နံနက် ၁၁ နာရီ၊ ၄၅ မိနစ်

ရန်ကုန်မြို့တွင် ဆန္ဒပြ သံဃာတော် အပါး ၂ဝဝ ခန့်သည် မြောက်ဥက္ကလာ မယ်လမု ဘုရားဘက်မှ ကမ္ဘာအေး ဘုရားလမ်းပေါ်သို့ ရောက်ရှိလာကြပြီ ဖြစ်သည်။

“ပရိတ်ရွတ်တယ်၊ သာ့သနာအလံ ထောင်ထားတယ်၊ နှစ်ပါးတန်း သုံးပါးတန်းတွေပါပဲ။ ရွှေတိဂုံ ဘုရားပေါ် တက်ရင် နှစ်ပါးတန်းပေါ့။ လမ်းလျှောက်လာရင်တော့ အများဆုံး သုံးပါးပဲ။ အခု လမ်းပေါ်မှာပဲ၊ ကမ္ဘာအေး ဘုရားရှေ့ပေါ့၊ မရမ်းကုန်းဘက် ပေါ့နော်။” ဟု မျက်မြင် သက်သေတဦးက ပြောသည်။

မြန်မာစံတော်ချိန် ၁ဝး ၃ဝ ခန့်တွင် ဆန္ဒပြသံဃာများ မြောက်ဥက္ကလာပမြို့နယ် မယ်လမု ဘုရားတွင် စုရုံး ရောက်ရှိခဲ့ကြသည်။

“မိုးက အရမ်းကို ရွာနေတာဗျ။ အခုလည်း အသားကုန် ရွာနေတာပဲ။ လိုက်တဲ့ သူကတော့ နည်းနည်းတော့ နည်းသေးတာပေါ့နော်။ ရွှေတိဂုံဘုရား ရောက်ရင်တော့ နည်းနည်း များသွားမှာ။ မနေ့ကဆိုရင် ရွှေတိဂုံ ဘုရားကနေ ဆူးလေကို တက်တာကိုး။ ညနေပိုင်းမှာ ပွဲက ကောင်းသွားတာကိုး။ ဒီအချိန်လောက်က စတာကိုး။ အခုမှ အစပဲ ရှိသေးတယ်။ ရွှေတိဂုံ ဘုရားကို လာကြမယ်၊ လာပြီးတော့ ဆုံကြမယ်၊ မနေ့က ထောင်ချီ ရှိခဲ့တယ်။ ဒါမျိုးပေါ့။ ဆူးလေကျတော့ ထောင်နဲ့ ချီ ဖြစ်သွားတာကိုး။ လူတွေက နောက်က အများကြီး လိုက်ပါသွားတာပေါ့။ ညနေပိုင်းကျတော့ မိုးတိတ်ရင် ပိုပြီးတော့ ကောင်းတာပေါ့။ အခုမှ စတာကိုး။” ဟု ရန်ကုန်မြို့ခံ တဦးက ပြောသည်။


နိုင်ငံတဝှမ်း ဆန္ဒပြ သတင်းများ

6:30 PM
ပခုက္ကူမှာလည်း သံဃာတော် ၁ဝဝဝ ကျော် ဆန္ဒပြပြန်ပြီ

မကွေးတိုင်း ပခုက္ကူမြို့တွင် ယနေ့ နေ့လည်ပိုင်းက သံဃာထု အပါး ၁ဝဝဝ ကျော်သည် စုပေါင်း ချီတက်ကာ မြို့အနောက်ပိုင်းရှိ သီဟိုဋ်ရှင် စေတီသို့ သွားရောက် ဖူးမျှော်ကြောင်းနှင့် လမ်းတလျှောက်တွင်လည်း ယခင်ကဲ့သို့ပင် ပရိတ်ရွတ်၊ မေတ္တာသုတ် ရွတ်ဖတ်ကြကြောင်း သံဃာတော် တပါး၏ အဆိုအရ သိရသည်။

“ဒီနေ့ မွန်းလွဲ ၂ နာရီမှာ စကြတယ်။ ဒီနေ့က ကျောင်းတိုက်ကြီး ၄ တိုက်တင် မကဘူး၊ တိုက်အသေးလေးတွေပါ ပါတယ်။ တမြို့လုံးကို ဖြစ်သွားတာ။ အင်အားက တထောင်ကျော် ရှိတယ်။ ထုံးစံအတိုင်း သီဟိုဋ်ရှင် ဘုရားကို သွားကြတာပါပဲ။ မေတ္တာသုတ် ရွတ်တာပေါ့နော်။ ညနေ ၄ နာရီခွဲလောက်မှာ အကုန်ပြီးတယ်။ ဒီနေ့ထူးခြားတာက လူတွေက သံဃာတွေနောက်က အတန်းလိုက်ကြီး ခြေကျင်လျှောက် လိုက်လာကြတယ်။ ဘာအနှောင့်အယှက်မှ မရှိပါဘူး။

နအဖ အစိုးရရော၊ မြန်မာပြည်သူတွေရော ငြိမ်းငြိမ်းချမ်းချမ်းလေး ဖြစ်ဖို့ပဲ။ အဆင်ပြေဖို့ပဲလေ။ ပြဿနာကို တက်အောင် လုပ်နေတာ မဟုတ်ဘူး။ ပြဿနာကို ပြေလည်အောင် ဦးပဉ္ဇင်းတို့ အခု လုပ်နေရတာပါ။ အဲဒါကြောင့် ဦးပဉ္ဇင်းတို့က နိုင်ငံတကာ အဆင့်မီအောင်၊ ဒီနေ့ဆို လူတွေလည်း အေးအေးဆေးဆေးပဲ။ ဆန္ဒကို ဖော်ပြတဲ့ သဘောပဲ ပြတယ်။ အေးအေးဆေးဆေးပဲ ပြဿနာ မတက်အောင်လို့ပေါ့နော်။ ဦးပဉ္ဇင်း ပြောင်းချင်တာပေါ့လေ။ သူလည်း မနာ၊ ကိုယ်လည်း မနာပေါ့လေ။ ဦးပဉ္ဇင်းတို့ ဗုဒ္ဓဘာသာတွေလေ၊ လူသတ်ချင်တဲ့သူတွေ မဟုတ်ဘူးလေ”

4:30 PM
မိုးကုတ် သံဃာတော်များ ဆန္ဒပြပွဲ အခြေအနေ

ဖောင်တော်ဦး ဘုရားကနေ စထွက်တာပေါ့နော်။ နေ့လည် ၁နာရီခွဲ လောက်ပေါ့နော်။ ဖောင်တော်ဦး ဘုရားမှာ ရှိတဲ့ ပဏိရာတနာ ခန်းမကနေ စထွက်တာ သံဃာတော် အပါး ၂ဝဝလောက် ရှိတယ်။ ပြည်သူတွေကတော့ အများကြီး ပါသွားတယ်။ ၂ဝဝ လောက် ပါသွားတယ်။ သူတို့ ပြောတာကတော့ မိုးကုတ်ထာပွဲကို တစ်ပတ်ပတ်ပြီးတော့ ချမ်းသာကြီး ဘုရားပေါ်မှာ အပြီးသတ်မယ်လို့ ပြောကြတယ်။ သူတို့ လျှောက်မဲ့ ခရီးကတော့ ဝေးတယ်လို့ ပြောရမှာပေါ့နော်။ ဖောင်တော်ဦးနဲ့ ချမ်းသာကြီး ဘုရားကတော့ ဒီလောက် မဝေးပါဘူး။ ဒါပေမဲ့ သူတို့က မိုးကုတ်က ကျောက်တွေ ရောင်းတဲ့ ကျောက်အရောင်းအဝယ် လုပ်တဲ့ နေရာကို စုရပ်ပေါ့နော်။ ထာပွဲကွင်းကို တစ်ပတ် ပတ်အုန်းမယ် ဆိုတော့ လူတွေရော တဖြည်းဖြည်းနဲ့ များလာတယ်။ လုံခြုံရေးတွေကတော့ လုံးဝမရှိပါဘူး။ ဒီနေ့တော့ လုံးဝမတွေ့ဘူး။ ခါတိုင်းနေ့ဆိုရင် တစ်ယောက် နှစ်ယောက် တွေ့တယ်။ သူတို့ ပြောထားတာက ချမ်းသာကြီး ဘုရားမှာ အဆုံးသတ်မယ်လို့ ပြောတော့ ၄ နာရီ လောက်မှာ ပြီးမယ်လို့ ပြောတယ်။

4:05 PM
ဒိုက်ဦးက သံဃာတော်များလည်း ဆန္ဒပြ ပူးပေါင်းပြီ

ပဲခူးတိုင်း ဒိုက်ဦး မြို့နယ်တွင်လည်း သံဃာတော် အပါး ၂ဝဝ ခန့်က စစ်အစိုးရကို ယနေ့ စတင် ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။

မေတ္တာသုတ်ရွတ်ဆို လမ်းလျောက် ဆန္ဒြ့ပသူ သံဃာတော်များသည် မေဓါဝီ ကျောင်းလမ်းမှသည် မြို့ထဲဝင်ကာ မယကရုံး၊ ရဲစခန်းတို့ ရှေ့မှသည် မြို့အပြင် ကားလမ်းသွားပြီးနောက် တောင်ဘက် ဘေလီတံတား အထိ သွားရောက်ခဲ့ပြီး အပြန်လမ်းတွင် အောင်ချမ်းသာလမ်း၊ ဘူတာလမ်းမှ ပြန်ခဲ့ကြသည်။

“နောက်ကလူတွေကတော့ စထွက်ကတည်းက လူတွေကတော့ လေး-ငါးရာလောက် ပါတာပေါ့နော်၊ နောက်ဆုံးတော့ ဘေးကကြည့်တဲ့ လူတွေလည်း တအားပဲပေါ့။ သံဃာတော်ကြီး တပါးဆိုရင် အသက် ၇ဝ-၈ဝ နီးပါးလောက် ရှိပြီပေါ့။ သူ့ကျောင်းရှေ့ကနေ ထွက်ပြီးတော့ ငိုကြီးချက်မနဲ့ မျက်ရည်တွေ ကျပြီးတော့ ဒါအစောကြီးက လုပ်သင့်တာပေါ့နော် အခုမှ လုပ်ကြရလား ဆိုပြီးတော့ သူလဲ တော်တော်ပဲ မချိမဆန့်နဲ့ မျက်ရည်တွေ ကျတာပေါ့ အဲဒီ ဆရာတော်ကြီး တပါးက။” ဟု ဒိုက်ဦးမြို့မှ မျက်မြင်သက်သေ တဦးက မဇ္ဈိမ သို့ ပြောသည်။

မြို့တွင် လုံခြုံရေးများ ထူးထူးကဲကဲ ချထားခြင်းမရှိဘဲ အရပ်ဝတ် ရဲများကိုသာ ချထားခဲ့သည်။

2:00 PM
မုံရွာမှာ သံဃာတော်တွေ အင်တိုက်အားတိုက် ဆန္ဒပြပြန်

သံဃာတော် အနည်းဆုံး ၁၅ဝဝ ခန့်သည် ယနေ့တွင်လည်း မုံရွာမြို့တွင် လမ်းလျှောက် ဆန္ဒပြမှု ပြုလုပ်ကြပြန်သည်။

ဇောတိက၊ ရန်ကင်း၊ ချောင်းဦး ကျောင်းတိုက်များမှ နေ့လည် ၁၂ နာရီမှ စတင်ကာ မြို့လယ် ဘုရားများဖြစ်သည့် ရွှေစည်းခုံနှင့် ဆုတောင်းပြည့် ဘုရားများသို့ သွားရောက်ကာ ဘုရားဝတ်ပြုခြင်းနှင့် လမ်းတလျှောက် ပရိတ်ရွတ်ဖတ်ခြင်းများ ပြုလုပ်နေပြီ ဖြစ်သည်။

ထပ်မံ ပူးပေါင်းလာနေသော သံဃာတော်များလည်း ရှိနေသေးသည်။

“လယ်တီရယ်၊ ရန်ကင်းရယ် ဒီကျောင်းတိုက်တွေက သပ်သပ် ထွက်တယ်ရှင့်။ ကျန်တဲ့ ကျောင်းတိုက်တွေက ဘုန်းစိုး၊ မဏိရတနာပုံတို့က ဇောတိက နောက်ကနေ လိုက်တယ်။ ဥက္ကံတောရ ကျောင်းတိုက်နဲ့ မဟာလယ်တီ ကျောင်းတိုက်တွေကတော့ လှည့်နေတုန်းရှင့်။” ဟု မုံရွာမြို့ခံ အမျိုးသမီး တဦးက မဇ္ဈိမသို့ ပြောပြသည်။

“မုံရွာတောင်ဘက်က ချောင်းဦးဘက်က သံဃာတော်တွေကလည်း ကားတွေနဲ့ ဝင်လာတယ်။ သာသနာ့ အလံတွေနဲ့” ဟု သူမက ထပ်ပြောသည်။

----------------------------------------------------

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates