Thursday, September 27, 2007

ဂျပန်သတင်းထောက်တယောက် သေဆုံး
အခြား နိုင်ငံခြားသား သတင်းထောက်တဦး ဒဏ်ရာရ

ဆန္ဒပြသူများ အနည်းဆုံး လူ ၉ ဦးသေ လူများစွာ ဒဏ်ရာရ

ရန်ကုန်နေရာ အနှံ့အပြား စစ်တပ်ကပစ်ခတ်

မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ ၂၇ ရက်၊ ၂၀၀၇ ခုနှစ်။

ဗိုလ်ချုပ် သန်းရွှေ မိသားစု လာအိုရောက်နေ

မဇ္ဈိမ သတင်းဌာန
စက်တင်ဘာလ ၂၇ ရက်၊ ၂၀၀၇ ခုနှစ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မိသားစုများ နိုင်ငံခြားသို့ ထွက်ပြေးသည် ဆိုသော ကောလာဟလများ မြန်မာလူထု အကြား ရေပန်းစားနေချိန် ဦးတေဇပိုင် အဲယား ပုဂံ လေယာဉ် တစီးကို လာအိုနိုင်ငံ ဗီယင်ကျင်းတွင် ရပ်နားထားသည်ဟု တွေ့မြင်ခဲ့ရသူများက မဇ္ဈိမ သို့ အကြောင်းကြားခဲ့ သည်။

ထပ်မံ စုံစမ်းသိရှိရသည်မှာ ယနေ့ညနေ လာအို စံတော်ချိန် ညနေ ၆ နာရီတွင် ဗီယန်ကျင်း လေဆိပ်သို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မိသားစု၏ လူယုံတော် စီးပွားရေး လုပ်ငန်းရှင်ကြီး ဦးတေဇပိုင် အဲယားပုဂံ လေယာဉ် ဆိုက်ရောက်ခဲ့ပြီး ခရီးသည် ၈ ဦး ပါရှိသည်ဟု သိရသည်။

စစ်အစိုးရနှင့် နီးစပ်သည့် သတင်းရပ်ကွက် တခုက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ဇနီးနှင့် မိသားစုဝင် အရင်းအချာများ ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ဗိုလ်ချုပ်မှူးကြီး မိသားစုသည် အလည်အပတ် သဘောမျိုး သွားရောက်ခြင်း ဖြစ်သည်ဟု ဆိုသည်။

-------------------------------------------

အီတလီမှ ပေးစာ
မြန်မာစံတော်ချိန် ၂၄း၃၀ (သတင်းလွှင့်တင်ချိန်)

ယနေ့ည အီတလီ စံတော်ချိန် ၂၀း၀၀ တွင် အားလုံးသော သတင်းဌာနများမှ မြန်မာပြည်တွင် ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်နေသော ရဟန်း၊ သံဃာ၊ ကျောင်းသား၊ ပြည်သူလူထုရဲ့ ရဲစွမ်း ထက်မြက်တဲ့ သတ္တိကို ဂုဏ်ပြုကြပြီး၊ နက်ဖြန် ၁၈း၃၀ တွင် ရောမမြို့ရှိ အီတလီနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံဆိုင်ရာသံရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ကြရန်။ စနေနေ့တွင် ၁၈း၀၀ ၌ Piazza Scala မီလန်မြို့တွင် ဆန္ဒဖော်ထုတ်ကြပါရန်။ သောကြာ နေ့တွင်လည်း အီတလီ နိုင်ငံသူ၊ နိုင်ငံသား အားလုံးအား ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရင်း ကျဆုံးသွားသော အာဇာနည်များ၊ အဖမ်းဆီးခံ အာဇာနည်များကို ဂုဏ်ပြုသောအားဖြင့် တနိုင်ငံလုံး အင်္ကျိအနီ (သို့) လည်စည်းအနီ (သို့) ဘောင်းဘီအနီတိုကို ဝတ်ဆင်ကြပါရန် အီတလီ သတင်းဌာနများမှ နှိုးဆော်ထားပါသည်။ ရောမမြို့တွင် ကျင်းပမည့် ဆန္ဒပြပွဲကို မြို့တော်ဝန်မှ ဦးဆောင်မည်ဟု သိရပါသည်။


ရန်ကုန်ဆန္ဒပြ သတင်းများ

ငွေကြာရံ ကျောင်းထိုင်ဆရာတော် ပျံလွန်တော်မှုကြောင်း ကောလာဟလများထွက်ပေါ်နေ
မြန်မာစံတော်ချိန် ၂၃း၁၀ (သတင်းလွှင့်တင်ချိန်)

ငွေကြာရံ စာသင်တိုက်သို့ စစ်သားများက မတရား ဝင်ရောက် ဖမ်းဆီးရိုက်နှက်မှု ဖြစ်ပွားပြီးသည့်နောက်ပိုင်းတွင် ဦးပဉ္ဇင်းများ အားလုံး အဖမ်း ခံသွားရပြီး ယခုအချိန်အထိ မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင်းထားကြောင်း မသိရသေးပေ။ ကျောင်းတွင် တပါးတည်းသာ ကျန်ခဲ့သော ကျောင်းထိုင်ဆရာတော်မှာလည်း ပျံလွန်တော်မူသွားကြောင်း ကျောင်းတိုက်အနီးပတ်ဝန်းကျင်ရှိ ဒေသခံများက ပြောဆိုနေကြသည်။

ငွေကြာရံ လူသတ်မှု (ပြည်တွင်းမှ ပေးပို့သော စာတစောင်)
မြန်မာစံတော်ချိန် ၂၃း၀၀ (သတင်းလွှင့်တင်ချိန်)

ငွေကြာရံ စာသင်တိုက်သို့ စစ်တပ်က ဝင်ရောက်စီးနင်း ရိုက်နှက် ဖမ်းဆီးမှု ဖြစ်ပွားပြီးနောက် မခံမရပ်နိုင် ဖြစ်နေကြသော အရပ်သားများက စစ်တပ်နှင့် ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားပုံကို လေ့လာ စုံစမ်းခဲ့သော ပြည်တွင်း သတင်းထောက် တဦးက မဇ္ဈိမ သို့ ရေးသား ပေးပို့ခဲ့သည့် စာကို မူရင်းအတိုင်း ပြန်လည် ဖော်ပြလိုက်ရပါသည်။

ယနေ့နံနက် ၁၁းဝဝ နာရီခန့်တွင် တောင်ဥက္ကလာပ မြို့နယ်အဝင် သစ္စာ လမ်းမပေါ်ရှိ ရထားလမ်း အနီးတစ်ဝိုက်တွင် လူများ စုရုံးစုရုံး ဖြစ်နေကြသည် လမ်းကြားတစ်ခုတွင် စစ်ကားတစ်စီး ရပ်ထားပြီး စစ်ကားပေါ်မှ ပတ်ပတ်လည်ကို သေနတ်များဖြင့် ချိန်ထားသည်။

ဖြစ်ပွားပုံမှာ (မျက်မြင် သက်သေတဦး ပြောပြချက်)

ယမန်နေ့ (၂၆၊ စက်တင်ဘာလ၊ ဗုဒ္ဓဟူးနေ့) ညသန်းခေါင် ဝန်းကျင်တွင် ရန်ကင်း မြို့နယ် မိုးကောင်း ဘုန်းကြီးကျောင်းနှင့် တောင်ဥက္ကလာပ မြို့နယ် ငွေကြာရံ စာသင်တိုက်တို့တွင် စစ်တပ်မှနေ၍ ဘုန်းတော်ကြီးများအား ဝင်ရောက် ဖမ်းဆီးခဲ့သည်၊ ဘုန်းကြီးများအား ရိုက်နှက်ကာ အတင်းအဓမ္မ ကားပေါ်သို့ ဆွဲတင်ကြသည်၊ ကျောင်းပိုင် ပစ္စည်းများအား (ပန်းကန်၊ ခွက်၊ ပြတင်းမှန် အစရှိသည်) လုံးဝ သုံးမရအောင် ဖျက်ဆီးခဲ့ကြပြီး ကျောင်းပိုင် ရွှေငွေများနှင့် တီဗွီ အစရှိသည်များပါ မကျန် ဓားပြ တိုက်သွားခဲ့သည်၊ ငွေကြာရံ ဘုန်းကြီးကျောင်း၏ ဆုံးရှုံးမှုမှာ ငွေကျပ်သိန်း ၄ဝဝ ခန့်ရှိသည်ဟု သိရသည်၊ ဖမ်းဆီးရာတွင် ဘုန်းတော်ကြီးများ သာမက ကျောင်းရှိ ဝေယျာဝစ္စ လုပ်ပေးသောကပ္ပိယ (ယောက်ျား၊ မိန်းမ) များပါမကျန် အားလုံး ခေါ်ဆောင်သွားကြောင်း။ ကျောင်းထိုင်ဆရာတော် တပါးသာ ကျန်ရစ်ကြောင်း၊ အချို့သော ဘုန်းတော်ကြီးများမှာ ရရာ ဆန်အိတ်များ။ ပစ္စည်းများယူ၍ ထွက်ပြေးကြရာ ပတ်ဝန်းကျင်မှ အိမ်များ၊ ခြံများမှနေ၍ တံခါးများကို ဖွင့်ပေးကြကာ ဘုန်းတော်ကြီးများကို မိမိတို့ တိုက်အတွင်း ခေါ်ဆောင်ကာ အကာအကွယ် ပေးကြကြောင်း၊

မနက်ရောက်သောအခါ အဆိုပါ ထွက်ပြေး လွတ်မြောက်သွားသော ဘုန်းကြီးများမှနေ၍ မိမိတို့ ကျောင်းတိုက်သို့ ပြန်ကြပြီး ပတ်ဝန်းကျင် ရပ်ကွက်များမှ လူများလည်း သတင်းကြားပြီး ဖြစ်သဖြင့် လာရောက်ကြည့်ရှု နေကြကြောင်း။ ဘုန်းကြီးကျောင်းဝင်း အတွင်း သွေးကွက်များမှာ နေရာအနှံ့အပြားရှိနေပြီး အုတ်ခဲများဖြင့် ဖုံးအုပ်ထားကြောင်း။ ကျောင်းဝန်း တစ်ခုလုံးလည်း ပျက်စီးနေသည်ကို တွေ့ရကြောင်း။ မကြာမှီ ဘီဘီစီမှ သတင်းထောက် လာရောက်၍ ဘုန်းတော်ကြီးများကို ညက အဖြစ်အပျက် အကြောင်းကို မေးမြန်းကြောင်း။ ထိုအချိန်တွင် လာရောက် ကြည့်ရှုနေကြသော သူများမှ အားလုံး ဝိုင်းဝန်းပြီး နားထောင်နေကြကြောင်း။ ထိုသို့ လာရောက် မေးမြန်းနေသည့် သတင်းကို ထောက်လှမ်းရေးမှ ကြားသိပြီးနောက် များမကြာမှီပင် စစ်ကား အနည်းငယ်နှင့် စစ်သားများ ရောက်လာကြောင်း။ ထို့နောက် ဝိုင်းဝန်း နားထောင်နေကြသော လူများအား နောက်ဆုတ်ရန် ခြိမ်းခြောက်ကြောင်း လူအုပ်က နောက်မဆုတ်သောကြောင့် တုတ်များ။ သေနတ်ဒင်များဖြင့် ဝင်ရောက် ရိုက်နှက်ကြောင်း။ ထွက်ပြေးကြသော သူများကို ဘုန်းကြီးကျောင်း ခေါင်မိုးပေါ်မှ တက်၍ သေနတ်ဖြင့် ပစ်သတ်ကြောင်း။ ဘုန်းကြီးကျောင်းဝန်း တစ်ခုလုံး သွေးကွက်များ နေရာအနှံ့ ဖုံးလွှမ်းသွားကြောင်း (မသေချာသော သတင်းတစ်ခုမှာ လူအများမှ မကျေနပ်သဖြင့် ဝိုင်းဝန်းကာ ရိုက်နှက်ကြသဖြင့် စစ်တပ်မှ သေနတ်များဖြင့် ခြိမ်းခြောက်ကာ အနားကပ်လျှင်ပစ်မည် ဟု ပြောကြောင်း)

နောက်ဆုံးတွင် သစ္စာလမ်းမ ရထားလမ်း အကျော်ရှိ လမ်းကြား အဝင်တွင် စစ်ကားတစီး ရပ်ကာ ပိတ်ထားပြီး လူအများမှလည်း ဝိုင်းအုံကာ ကြည့်ရှုနေကြသည်၊

ဆက်လက်ဖြစ်ပွားပုံမှာ (မျက်မြင်ကိုယ်တွေ့)

နေ့လည် ၁၂ နာရီခန့်တွင် သစ္စာ လမ်းမပေါ် ရထားလမ်း ပတ်ပတ်လည်တွင် စစ်တပ်မှ ပိတ်လိုက်သည်ဟု ကြားသိရသည်၊

များမကြာမှီပင် ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ မီးပွိုင့်တွင် စစ်သားများမှနေ၍ သံဆူးကြိုးများ ချကာ လမ်းကို သွားလာခွင့် မပေးဘဲ ပိတ်ပစ်လိုက်သည်၊ ထိုအချိန်တွင် ပတ်ဝန်းကျင်ရှိ ရပ်ကွက်များမှနေ၍ အလျှိုအလျှိုဖြင့် ထွက်လာကြပြီးလျှင် ထိုပိတ်ထားသော နေရာအား လေးဘက်လေးတန်မှနေ၍ ဝိုင်းရံ လိုက်ကြသည်၊ လူအုပ်ကြီး မည်မျှ များသည်ဆိုသော် သစ္စာလမ်းပေါ်တွင် မိုးကောင်း ဘုရားလမ်းအထိ ရောက်သည်ဟု သွားကြည့်သူများက ပြောသည်၊

ဝေဇယန္တာ လမ်းမပေါ်တွင်လည်း တဖြည်းဖြည်းနှင့် ပတ်ဝန်းကျင်ရှိ လမ်းများမှ လူများမှလည်း လမ်းထိပ်မှနေ၍ လည်းကောင်း။ ခြံဝများမှ နေ၍လည်းကောင်း ထွက်ကာ အခြေအနေကို ကြည့်နေကြသည်၊ တချို့ သူများကလည်း ဝိုင်းထားသော လူအုပ်နှင့် သွားရောက် ပူးပေါင်းလျက် ရှိကြသည်၊

နေ့လည် တနာရီကျော်တွင် စစ်တပ်မှနေ၍ မျက်ရည်ယို ဗုံးများဖြင့် စတင် ပစ်ခတ်သည်၊ ထိုခဏ၌ လူထုမှာ အနောက်သို့ ဆုတ်ကာ မီးခိုးများ ပြယ်လွင့်သည်နှင့် အရှေ့သို့ ပြန်တိုးကြပြန်သည်၊ ထိုအချိန်တွင် လက်ခုပ်သံများ ဆူညံစွာ ထွက်ပေါ်လာသည်၊ ရပ်ကွက်မှ လူများမှ အရပ်ဝတ် ရဲသားများအား ဝိုင်းဝန်း ရိုက်နှက်လိုက်သည် ဟုလည်း ကြားသိရသည်၊

နေ့ခင်း နှစ်နာရီခန့်တွင် ပိတ်ခံထားရသော စစ်တပ်မှ စစ်ကားသုံးစီး မောင်းထွက်လာသဖြင့် လူအများ လမ်းကြားများထဲသို့ ဝင်ပြေးကြသည်၊ စစ်ကားများ လွန်သွားသည်နှင့် လူအများမှာ ယခင်အတိုင်း ပြန်စုကြပြန်သည်၊ခေတ္တကြာလျှင် ထိုစစ်ကားများ ပြန်ရောက်လာကြသည် (ကျည်ဆန်များ ကုန်သွားသဖြင့် သွားယူသည် ထင်သည်)၊

နေ့ခင်း သုံးနာရီခန့်မှ စ၍ အခြေအနေမှာ တင်းမာ လာကြသည်၊ ဝိုင်းထားသော ပတ်ပတ်လည်မှ လူများကလည်း ဒို့အရေး၊ အလိုမရှိ စသည်ဖြင့် ကြွေးကြော်လာကြသည်၊ ပတ်ဝန်းကျင်မှလည်း လက်ခုပ်တီး အားပေးကြသည်၊ လူအုပ်ကြီးမှာလည်း များသထက် များလာသည်၊ ထိုအချိန်မှစ၍ စစ်တပ်မှ သေနတ် ပစ်ဖောက်သံများ စတင် ထွက်ပေါ်လာသည်၊ မိုးပေါ် ထောင်ဖောက်သည်လား။ တည့်တည့် ပစ်သည်လားတော့ မသိရပေ၊ မျက်ရည်ယို ဗုံးများကိုလည်း အဆက်မပြတ် ဖောက်နေကြသည်၊ စုစုပေါင်း အလုံး ၂ဝ ခန့် ရှိမည် ထင်သည်၊ မီးခိုးများမှာလည်း မွှန်ထူနေသည်၊ မကြာမှီ ဗျောက်အိုး အတွဲလိုက်ဖောက်သံ ကဲ့သို့ အသံများ အဆက်မပြတ် ထွက်ပေါ်လာသည်၊ လူအုပ်မှ လုပ်သည်လား စစ်တပ်မှ လုပ်သည်လား မသိရ၊ ပတ်ဝန်းကျင်ရှိ လူများမှ ဝေဇယန္တာ လမ်းမပေါ်တွင် အုန်းပင်လုံးများ ချကာ လမ်းကို စစ်ကား သွားမရအောင် ပိတ်လိုက်ကြသည်၊ ထိုသို့ ပိတ်လိုက်ပြီးနောက် စစ်သားများမှာ လမ်းဆုံ မီးပွိုင့်မှနေ၍ ဝေဇယန္တာ လမ်းတလျှောက် ပါရမီဖက်သို့ တစ်ဖြည်းဖြည်း သေနတ်များ ပစ်ဖောက်ကာ တိုးလာကြပြီး သစ်တုံးများအား လာရောက် ဖယ်ရှားကြသည်၊ လူအများကလည်း နောက်သို့ ဆုတ်ကာ စစ်သားများအား ဆဲဆိုကြသည်၊ ကြွေးကြော်သံများ ဟစ်ကြွေးကြသည်၊ စစ်သားများမှလည်း ပြန်လည် ဆဲဆိုကြသည်၊ စစ်သားများ နောက်ဆုတ်သွားလျှင် လူများက ရှေ့တိုး လာကြပြန်သည်၊ စစ်ကားများဖြင့် လမ်းတလျှောက် မောင်းလာလိုက် ပြန်သွားလိုက် လုပ်ကာ လူစုကွဲနေသော သူများကိုလည်း ကားပေါ် အတင်း ဆွဲတင်ကြသည်၊

ညနေ ၄ နာရီခန့် အချိန်တွင်မူ အခြေအနေသည် အဆိုးဆုံးသို့ ရောက်လာသည်၊ စစ်တပ်မှနေ၍ ဝေဇယန္တာလမ်းပေါ် တက်သမျှလူကို ပစ်တော့သည်၊ လူအများလည်း လမ်းကြားများသို့ ဝင်ပြေးကြရင်း လမ်းကြားများမှနေ၍ ဆက်လက် ဆဲဆိုကြပြန်သည်၊ ထိုအချိန်မှစ၍ လမ်းမကြီးပေါ် သာမက လမ်းကြားများတွင်ပါ မည်းမည်းမြင်သမျှ ပစ်ခတ်ပါတော့သည်၊ စစ်တပ်မှနေ၍ ပတ္တမြားဈေး သွားသောလမ်း အနီးတွင် နေရာ ယူလိုက်သည်၊ စစ်ကား ၆ စီးခန့်နှင့် စစ်သားစုစုပေါင်း ၂ဝဝ-၃ဝဝ ခန့် ရှိမည်ဟု ခန့်မှန်းရသည်၊ လည်စီးအနီ စည်းထားသော စစ်သားများလည်း ပါသည်၊ မည်သူမှ လမ်းပေါ်သို့ မထွက်ရဲကြ၊ လမ်းကြားများတွင်ပါ ရှင်းလင်းနေကြသည်၊ ညနေ ၆ နာရီခွဲခန့် မှောင်လာချိန်တွင်မှ စစ်တပ်မှ ဆုတ်သွားသဖြင့် ကားများ ပြန်လည် သွားလာခွင့်ရသည်၊

ယနေ့အဖြစ်အပျက်တွင် လူမည်မျှ သေဆုံးသည်ကိုမူ မသိရချေ၊

၉ ဦးသေဆုံး
မြန်မာစံတော်ချိန် ၂၁း၀၅ (သတင်းလွှင့်တင်ချိန်)

ယနေ့ ဆန္ဒပြသူများကို သေနတ်ပစ် ချေမှုန်းရာတွင် လူ ၉ ဦး သေဆုံးသွားကြောင်း ယနေ့ည စစ်အစိုး ရုပ်မြင်သံကြားက ကြေညာ သွားသည်။


သေဆုံးသွားသည့် ဂျပန် သတင်းထောက်မှာ
မြန်မာစံတော်ချိန် ၂၀း၄၀ (သတင်းလွှင့်တင်ချိန်)

ဆူးလေတွင် ဆန္ဒပြသူများကို သေနတ်ဖြင့် ပစ်ခတ် ဖြိုခွင်း၍ သေနတ်မှန် သေဆုံးရသူ ဂျပန် ဓာတ်ပုံ သတင်းထောက် အမည်မှာ မစ္စတာ Kenji Nagai (အသက် ၅ဝ) ဖြစ်ပြီး တိုကျိုမြို့ အခြေစိုက် APF Tsushin မီဒီယာ ကုမ္ပဏီမှ ဖြစ်သည်။

ဖြိုခွဲမှုတွင် ထောင်သားများကို အသုံးပြု
မြန်မာစံတော်ချိန် ည ၇ နာရီခွဲ (သတင်းပေးပို့ချိန်)

ရန်ကုန်တိုင်း ကျောက်တံတားမြို့ ၃၇ လမ်းနှင့် ဗန္ဓုလ လမ်းထောင့်တွင် ဆန္ဒပြလူထုကို နအဖမှ အကြမ်းဖက်တိုက်ခိုက်ရန်အတွက် ထောင်သား များကို ယနေ့ညနေ ၅ နာရီခွဲတွင် အသုံးချခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသည်။

“ဒိုင်းတွေနဲ့ နောက်ဘက်မှာ ထောင်သားတွေ ၃ဝ လောက် ရပ်တယ်။ ဒီလူတွေက ထောင်သားတွေမှန်း သိသာတယ်။ စုတ်စုတ်ပြတ်ပြတ်နဲ့။ သိတဲ့ လူတွေကလည်း ပြောတယ် 'ဒီလူတွေက ထောင်သားတွေ' ဆိုတာ။ အခုချိန်မှာ ပြည်သူတယောက်ကို ပိုက်ဆံပေးပြီး ရိုက်ခိုင်းရင် ဘယ်သူမှ လုပ်မှာမဟုတ်ဘူး။ ကြံ့ဖွံ့တွေလည်း ပါချင်မှာ မဟုတ်ဘူး။ ဒီတော့ ထောင်သားတွေကို ခေါ်လိုက်တဲ့ သဘောပဲ။ သူတို့က တော်တော် မိုက်ရိုင်းတယ်။ ၃၇ လမ်းက ခေါက်ဆွဲ ရောင်းနေတဲ့ အိန္ဒိယ နွယ်ဖွား တယောက်ကို ထောင်သား ၂ ယောက်က ဝိုင်းရိုက်၊ ဆိုင်ကို ဖျက်ကြတယ်။ အဲဒီလူက 'ဒီကနေ့ ခေါက်ဆွဲ ၃ ပွဲပဲ ရောင်းရတာပါ။ ကျနော် ဈေးပဲ ရောင်းနေတာပါ' ဆိုလည်း မရဘူး။ နောက်ပြီး တိုက်ပေါ်က ကြည့်နေတဲ့ လူတွေကိုလည်း 'ဟေ့ကောင်တွေ … ဆင်းခဲ့' ဆိုပြီး ဒုတ်ကိုင်ပြီး အော်ခေါ်နေတာ” ဟု မျက်မြင် တွေ့ရှိသူ တဦးက ပြောသည်။


မြန်မာစံတော်ချိန် ၂၀း၁၀ (သတင်းလွှင့်တင်ချိန်)
ဆူးလေ ဆန္ဒပြသူများကို သေနတ်နှင့် ပစ်ခတ်၍ ဖြိုခွင်းရာတွင် လက်ဖြောင့် တပ်သားများ စတင် အသုံးချလာသည်ဟု တက်ကြွ လှုပ်ရှားသူ များက ပြောသည်။

မြန်မာစံတော်ချိန် ၁၉း၃၅ (သတင်းလွှင့်တင်ချိန်)
ပြည်တွင်းထုတ် ဂျာနယ်များတွင် စစ်အစိုးရ ဝါဒဖြန့်ချီရေး ဆောင်းပါးများ အဓမ္မ ထဲ့သွင်းခိုင်းခြင်းကို ကန့်ကွက်သောအားဖြင့် ပုဂ္ဂလိက ဂျာနယ်တိုက်အချို့ မိမိသဘောအလျောက် ပိတ်ပစ်လိုက်ကြောင်း ပြည်တွင်း သတင်းထောက်များ အပြောအရ သိရသည်။

မြန်မာစံတော်ချိန် ၁၉း၁၅ (သတင်းလွှင့်တင်ချိန်)
ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွင်းမှုအပေါ် တိုင်းမှူးအချို့ လက်မခံနိုင်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုက်ရိုက် အမိန့်ပေးစနစ် ကျင့်သုံးမှု ရှိခဲ့သည်ဟု စစ်အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝိုင်းအရ သိရသည်။

ငွေကြာရံရှေ့မှာလည်း လူစုခွဲပြီ
မြန်မာစံတော်ချိန် ၁၈း၅၀ (သတင်းလွှင့်တင်ချိန်)

တောင်ဥက္ကလာပမြို့နယ် ငွေကြာရံ ဘုန်းကြီးကျောင်းရှေ့ စစ်တပ်နှင့် ထိပ်တိုက်ရ င်ဆိုင်မှု ဖြစ်ပွားပြီး ဆန္ဒပြသူများ မကြာမီက လူစုခွဲလိုက်ပြီ ဖြစ်သည်။

“ အခုတော့ စစ်တပ်အင်အား ၅ဝ လောက်ပဲ ရှိနေတယ်။ ပြီးတော့ ကျောင်းရှေ့မှာ အခုတော့ ဆန္ဒပြတဲ့ သူတွေတော့ မဟုတ်ဘူး။ ၃ ၊၄ ယောက်တော့ ရှိတယ်။ အကုန်လုံးမှောင်တော့ ပြန်ကုန်ကြပါပြီ။ နက်ဖြန် ဆိုရင်တော့ ပြန်လာကြမယ်လို့ ထင်တာပဲ။” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

မြန်မာစံတော်ချိန် ၁၈း၄၅ (သတင်းလွှင့်တင်ချိန်)
ပန်းဆိုးတန်းတွင် ဆန္ဒပြသူများ လူစုခွဲလိုက်ပြီဖြစ်သည်။

မြန်မာစံတော်ချိန် ၁၈း၄၅ (သတင်းလွှင့်တင်ချိန်)
ရန်ကုန်မြို့ လှည်းတန်းလမ်းဆုံနားအနီး ဆန္ဒပြ ကျောင်းသားများနှင့် စစ်တပ်တို့ ယနေ့ ညနေက ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ပွားခဲ့သည်။

“လှည်းတန်းဘက်ကနေ ဆင်းလာတဲ့ ကျနော်တို့ ကျောင်းသားအုပ်စုကို ကမ်းနားလမ်းမှာ ဆန္ဒပြချိန်မှာ လူအင်အားက ၂ ထောင် ၃ ထောင်လောက် ရှိမယ်။ သူတို့က လှည်းတန်းဘက်က စစ်တပ် ဝင်ဝိုင်းတယ်။ ကျနော်တို့ ဗားကရာဘက်ကနေလာတဲ့ တပ်ကလည်း ဝင်ဝိုင်းတယ်။ ကျောင်းသားတွေကလည်း ဝိုင်းမိသွားတော့ အကုန်လုံး ဒီရပ်ကွက်တွေမှာ ထွက်ပြေး ဝင်သွားတယ်။ ရပ်ကွက်ထဲကို ဝင်သွားတော့ တပ်နှစ်တပ် ညှတ်ပြီးတော့ ရပ်ကွက်ထဲမှာ သေနတ် ၃ချက် ပစ်တယ်ဗျာ၊ ပစ်ပြီးတော့ ရပ်ကွက်ထဲမှာ တွေ့တဲ့ လူတွေကို နောက်ကနေ ဒုတ်တွေနဲ့ လိုက်ရိုက်တယ်။ ဒုတ်နဲ့ လိုက်ရိုက်တာ ကြည့်မြင်တိုင် စလင်းကွင်းနားအထိ လိုက်ရိုက်တော့ ကမ်းနားဈေး ရှေ့နားအထိပေါ့နော်။ ရပ်ကွက်သား နှစ်ယောက်ကတော့ ထိသွားတယ်။” ဟု ဆန္ဒပြသူ တဦးက ပြောပြသည်။

“အခု ကျနော် ပြောနေတဲ့ အချိန်မှာ စစ်ကားတတန်း၊ သူတို့ အားလုံးပေါင်း မီးတပ်ကားက တစ်စီး၊ စစ်ကားက ၁၅ စီး၊ ရဲကားက ၂ဝ စီး လောက် ရှိမယ်။ အားလုံး ကမ်းနားလမ်းအတိုင်း သူတို့ လှည်းတန်းဘက်ကို သွားနေတယ်။” သူက ထပ်ပြောသည်။


ပန်းဆိုးတန်းလမ်းအနီး ပစ်ခတ်မှု

မျက်မြင်သက်သေများ၏ ပြောဆိုချက်များ …
မြန်မာစံတော်ချိန် ၅ နာရီ (သတင်းပေးပို့ချိန်)

“လက်ရှိက အရန်းကို ဆိုးတယ်။ တချို့အဖွဲ့ကိုဆိုရင် မျက်ရည်ယိုဗုံး သုံးတယ်။ နည်းအမျိုးမျိုးနဲ့ နှိမ်နင်းနေတယ်။ သေနတ်တွေ မိုးပေါ်ထောင်ပစ်တယ်။ ထောင်ပစ်တယ် ဆိုပေမယ့် ၄၅ ဒီဂရီဆိုတော့ သွားမှန်တာပေါ့။ လမ်းတွေမှာ စစ်သားတွေနဲ့ ပိတ်ပိတ်ထားတယ်။ ပန်းဆိုးတန်း၊ ကုန်းကျော်တံတား အောက်နား၊ ပန်းဆိုးတန်းလမ်းမပေါ်၊ မြို့တော်ခန်းမ ဝန်းကျင်။ ကပ်လို့တော့ မရဘူး။ အခု ဖြစ်နေတာပါ။ စစ်သားတွေလည်း ပတ်ပတ်လည် ဝိုင်းထားတယ်။ လူထုတော့ ၂ သိန်းလောက်တော့ ရှိပါတယ်။ တချို့ အဖွဲ့နဲ့ သွားပေါင်းမိတယ်လေ။ လူက များသထက် များတယ်။ ဘုန်းကြီးတော့ ပါတယ်။ ၈ဝ လောက်ပဲ ပါတယ်။ မနက်၊ ညက ကျောင်းတွေ ဝင်စီးတော့ အင်အား နည်းသွားတယ်။ လူထုက များလာတယ်။ ရန်ကုန်မှာ ဟိုနေရာမှာ တစု၊ ဒီမှာတစု ဖြစ်နေတော့ ဟိုမှာ ဘာဖြစ်နေတယ် ဆိုတာ သိဖိုတော့ ခက်တယ်။ လက်ရှိတော့ ဒီလိုဖြစ်နေတယ်”

မြန်မာစံတော်ချိန် ၅ နာရီ (သတင်းပေးပို့ချိန်)

“အခု အင်းဝ အပ်ချုပ်ဆိုင်ရှေ့မှာ ပစ်လည်းပစ်၊ ဖမ်းလည်း ဖမ်းပေါ့နော်။ အနော်ရထာနဲ့ ပန်းဆိုးတန်း မီးပွိုင့်က အင်းဝ အပ်ချုပ်ဆိုင် ရှေ့မှာ။ အခုလေးတင် ဖြစ်နေတာ။ ထိတာတော့ မတွေ့ဘူးဗျ။ ပစ်တာကတော့ တော်တော့်ကို ပစ်တာ၊ အတွဲလိုက် ပစ်တာ။ အခု ဘယ်ဘက်ကို ချိုးသွားလဲဆိုတော့ ပုဇွန်တောင်ဘက်ကို ချိုးတက်သွားတယ်။ လူတွေကလည်း မကြောက်ဘူးဗျ။ ခဲတွေဆိုတာက အင်းဝ အပ်ချုပ်ဆိုင်ရှေ့တို့၊ ပန်းဆိုးတန်း မီးပွိုင့်တို့မှာ ပွနေတာပဲ။ ပြည်သူတွေက ခဲနဲ့ပြန်ချတာ။ ပန်းဆိုးတန်း ကုန်းပေါ်ကနေ စစ်ကား ၁ဝ စီး ဆင်းလာတယ်ဗျ။ အမိုးတွေနဲ့ပေါ့နော်။ အဲဒီအထဲမှာ ဖမ်းထားတဲ့လူတွေ အပြည့်ပဲ။ အခု ပန်းဆိုးတန်း ဂုံးကျော်တံတားကနေ မောင်းထွက်သွားပြီး ပုဇွန်တောင်ဘက်ကို ချိုးသွားတယ်။ နောက် ရိုးရိုးကားလေး တစီးက စွမ်းအားရှင်တွေရဲ့ ကားပေါ့။ အဲဒါကတော့ မိတဲ့ဟာတွေလည်း မိတာပေါ့။ ဘောင်းဘီတိုလေးတွေ၊ စကပ်နဲ့ ကောင်မလေးတွေ၊ မပြေးနိုင်တဲ့ လူတွေကို ဖမ်းတာပေါ့။ လူတွေကတော့ ကစဥ့်ကလျား တိုက်ကြိုတိုက်ကြား ပြေးတဲ့လူပြေး၊ တိုက်ပေါ် ပြေးတက်တဲ့လူ ပြေးတက်နဲ့။ တိုက်ပေါ် ပြေးတဲ့လူတွေကိုတော့ မဖမ်းဘူးဗျ”

နောက်ထပ် လူ ၂ ဦးသေဆုံး
မြန်မာစံတော်ချိန် ၁၈း၁၀ (သတင်းလွှင့်တင်ချိန်)

တောင်ဥက္ကလာပမြို့နယ် ငွေကြာယံ စာသင်တိုက်ကို ဝိုင်းရံထားသော လူထုကို စစ်တပ်က သေနတ်နှင့် ပစ်ခတ်၍ အနည်းဆုံး ဆန္ဒပြသူ ၂ ဦး ထပ်မံ သေဆုံးသွားပြီ ဖြစ်သည်။

လူထုက မိုးကောင်းဘုရားဝင်းအတွင်းမှ ဓာတ်ဆီဗုံးများနှင့် ပြန်လည် ပစ်ခတ်ရန် ပြင်ဆင်နေကြသည်။ စစ်သားများက ယနေ့ နံနက် စောစော က ပြန်လွှတ်ပေးလိုက်သော သံဃာတော် ၄ ဦးကို ကားပေါ် အတင်းဆွဲတင်ပြီး ရိုက်နှက်နေသည်။

မြန်မာစံတော်ချိန် ၁၈း၀၅ (သတင်းလွှင့်တင်ချိန်)
ဂျပန်သတင်းထောက်တဦး သေနတ်မှန် သေဆုံးသွားသည်ဟု အေပီ သတင်းတရပ်အရ သိရသည်။


မြန်မာစံတော်ချိန် ၁၇း၄၅ (သတင်းလွှင့်တင်ချိန်)
အနော်ရထားလမ်းနှင့် ဆိပ်ကမ်းသာ လမ်းထောင့်နားတွင် ကားတစီးကို မီးတင်ရှို့လိုက်ကြသည်။ မည်သူက ရှိုသည်ကို သဲသဲကွဲကွဲ မသိရသေးပါ။

မြန်မာစံတော်ချိန် ၁၇း၂၅ (သတင်းလွှင့်တင်ချိန်)
ပန်းဆိုးတန်း ဆန္ဒပြသူများ ၃၄ လမ်းဘက် ဆုတ်ပြေးလာသည်။

ပန်းဆိုးတန်းအနီး ဆန္ဒပြသူများကို စစ်တပ်က ဆက်တိုက် ပစ်ခတ်နေရာ သေဆုံးသူများ ရှိနေသည်။ အရေအတွက် မသိရသေးပါ၊


ဆူးလေမှာ လူထုတွေ တဖွဲဖွဲ ရောက်လာနေ
မြန်မာစံတော်ချိန် ညနေ ၄ နာရီခွဲ (သတင်းပေးပို့ချိန်)

“အခု ဆူးလေဘုရားနားမှာ လူ ၃ဝဝဝဝ ၊ ၄ဝဝဝဝ လောက် စုနေတယ်။ ဘာဖြစ်မှာလည်းတော့ မသိသေးဘူး။ အခု လက်ရှိ ဖြစ်နေတာပါ။ အပေါ်က ပစ်တယ်လို့ ပြောတယ်။ လူတွေက မကျေနပ်လို့ လမ်းပေါ် စုနေတယ်။ ပစ်တာတွေတော့ အများကြီးပဲ။ တခြားနေရာတွေမှာလည်း ဖြစ်နေတယ် ဆိုတော့ သိဖို့ခက်တယ်။ ပစ်တာကတော့ သေချာတယ်။ သေတာ၊ မသေတာတော့ မသိသေးပါဘူး။ အန်အယ်ဒီ ပါတီဝင်တွေ တပြည်လုံး ဖမ်းတာ ၄ဝ ကျော်ပြီ။ မြန်မာတနိုင်ငံလုံးမှာ ဖမ်းတာပါ။ ဆိုးတာတော့ အရန်းဆိုးတယ်။ လူကလည်း များသထက် များလာတယ်” ဟု မျက်မြင် တွေ့ရှိသူ တဦးက ပြောသည်။

သံဃာတော်များက စစ်အစိုးရ အရာရှိများကို ဖမ်းထားခြင်းမဟုတ်၊ လူထုက ပိတ်ထားခြင်းဖြစ်
မြန်မာစံတော်ချိန် ၁၆း၅၀ (သတင်းလွှင့်တင်ချိန်)

ငွေကြာရံ ကျောင်းတိုက်ကို ဝိုင်းရံထားသော ပြည်သူများကို မျက်ရည်ယို ဗုံးများဖြင့် ပစ်ခွဲကာ စွမ်းအားရှင်များက ရိုက်နှက်မှုများ ပြုလုပ် နေသည်။

ကျောင်းတိုက်အတွင်းနှင့် အပြင် အဆက်အသွယ် ပြတ်တောက်နေပြီး နောက်ထပ် ရရှိသော သတင်းအရ ငွေကြာရံ သံဃာတော်များက ဖမ်းဆီးထားခြင်း မဟုတ်ဘဲ ပြည်သူလူထုက အပြင်မှ ဝိုင်းဝန်း ပိတ်ဆို့ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

သေနတ် ပစ်ခတ်သံများကို မဇ္ဈိမက သတင်းယူနေစဉ် အတောအတွင်း ကြားနေရသည်။



ငွေကြာရံ သံဃာတော်များ စစ်အစိုးရအရာရှိများကို ထိန်းသိမ်းထား
မြန်မာစံတော်ချိန် ၁၆း၂၅ (သတင်းလွှင့်တင်ချိန်)

သွေးမြေကျ ရိုက်နှက် ဖမ်းဆီးမှုများ ခံရပြီးနောက် တောင်ဥက္ကလာပ မြို့နယ် ငွေကြာရံ ကျောင်းတိုက်တွင် စစ်အစိုးရ အရာရှိများကို ဒေါသ ထွက်နေကြသော သံဃာတော်များက ဖမ်းဆီးထားသည်။

ယနေ့ နံနက် နေ့ကူးစအချိန်က ဘုန်းကြီးကျောင်း ဝင်းတံတိုင်းကို ဖြိုဖျက်ကာ သံဃာတော်များကို သွေးမြေကျ ရိုက်နှက်ကာ အပါး ၂ဝဝ ကျော်ကို ဖမ်းဆီး သွားခဲ့ပြီးနောက် ကျောင်းတိုက်တွင်းရှိ ပစ္စည်း အပျက်အစီးများကို စစ်ဆေးရန် ဆိုကာ ရောက်လာသော စစ်အစိုးရ အရာရှိများကို သံဃာတော်များက ဖမ်းဆီး ထားလိုက်သည်။

ဘုန်းကြီးကျောင်း အပြင်ဘက်တွင်လည်း ကျောင်းသားများနှင့် လူထု တသောင်းခန့်က ဝိုင်းရံထားသည်။

လုံထိန်းများရော၊ ရဲများပါ ကျောင်းတိုက်ဝင်းအတွင်း ထွက်ခွင့် မရသေးပါ။

“ကမ္ဘာမကြေဘူး” သီချင်းကို လူထုက ဟစ်ကြွေး သီဆိုလျက် ရှိသလို “ပြည်သူ့ဆန္ဒ ပြည့်ဝပါစေ၊ ပြည်သူ့ဆန္ဒ ပါဝင်ရမည်” ဟု လည်း ကြွေးကျော်နေကြောင်း မျက်မြင်သက်သေ တဦးက မဇ္ဈိမ ကို ပြောပြသည်။

ဖမ်းဆီးခံထားရသော စစ်အစိုးရ အရာရှိများ၏ အမည်များကို မဇ္ဈိမက စီစစ်လျက် ရှိသည်။

ကျောင်းသားတယောက် ဒဏ်ရာပြင်းထန်
မြန်မာစံတော်ချိန် ၁၅း၄၅ (သတင်းလွှင့်တင်ချိန်)

စစ်တပ်က ပစ်ခတ်မှုကြောင့် ပန်းဆိုးတန်းဂုံးကျော် တံတားအောက် ကျောင်းသားတယောက် ဝမ်းဗိုက်တွင် သေနတ် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်။

ဆူးလေတွင် နိုင်ငံခြားသား တဦး ဒဏ်ရာရ
မြန်မာစံတော်ချိန် ၁၅း၄၅ (သတင်းလွှင့်တင်ချိန်)

အသက် ၃ဝ ကျော်အရွယ် နိုင်ငံခြားသားတဦး သေနတ်မှန်၍ ဒဏ်ရာ ရသွားသည်။ အမေရိကန် အလံပါ တံဆိပ်တခုကို သူ၏ ပိုက်ဆံအိတ်ထဲမှ တွေ့မြင်ရပြီး လုံခြုံရေးများက သူ၏ ဗီဒီယို ကင်မရာကို သိမ်းဆည်းသွားသည်။

ဆူးလေမှာ ဆန္ဒပြသူတဦး သေ
မြန်မာစံတော်ချိန် ၁၅း၄၀ (သတင်းလွှင့်တင်ချိန်)

“ကျနော်တို့ ၂ နာရီ ပတ်ဝန်းကျင်မှာ ဒီလူစုတွေရယ် သံဃာတွေရယ် မေတ္တာ ပို့ကြတယ်ပေါ့၊ အဲဒီ ပို့နေတဲ့ အချိန်မှာ စစ်သားကားကြီးနဲ့ စစ်သားခေါင်းမှာ ထိုင်နေတဲ့ ဗိုလ်မှူးကြီးရယ်၊ နောက်မှာ စစ်ကားနှစ်စီးရယ် စစ်ကားသုံးစီး ရောက်လာတဲ့ အချိန်မှာ လူထုတွေကို သေနတ်နဲ့ ထိုးချိန်တယ်။ သေနတ်ကို မိုးပေါ် ထောင်ပစ်တယ်။ လူတွေကို ထိုးပစ်လိုက်တဲ့ အချိန်မှာ လူတယောက်ကို ထိတော့ ပွဲချင်းပြီး သေသွားတယ်။” ဟု ဆူးလေတွင် ဖြစ်ပွားသော ပစ်ခတ်မှုကို မြင်တွေ့ရသူ တဦးက မဇ္ဈိမ သို့ ပြောပြသည်။



မြန်မာစံတော်ချိန် ၁၅း၄၀ (သတင်းလွှင့်တင်ချိန်)
ကျိုက္ကဆံကွင်းရှေ့ အမျိုးသား စာကြည့်တိုက်အနီး စစ်ကား ၂ စီး ဆူပါဝမ်း ကုန်တိုက်ဘက်မှ မောင်းနှင်လာပြီး အနီးပတ်ဝန်းကျင်တွင် ကြည့်ရှု နေသူများထံ ပစ်ခတ်လိုက်သည်။

မြန်မာစံတော်ချိန် ၁၅း၃၅ (သတင်းလွှင့်တင်ချိန်)
ပန်းဆိုးတန်း တံတားအနီး သေနတ် ထိမှန်မှုကြောင့် အမျိုးသားတဦး ဦးခေါင်း သေနတ်မှန် သေဆုံးသွားသည်။

ဒဂုံအထက ၁ နှင့် လသာ ကျောင်းသားများ စောစွာ အိမ်ပြန်ခိုင်းလိုက်သည်။

တာမွေ ကျိုက္ကဆံ လမ်းကြောင်းမှ ချီတက်လာသော သံဃာတော်များ ဦးဆောင်သည့် ဆန္ဒပြ စစ်ကြောင်းကို စစ်တပ်က ရိုက်နှက်၍ နောက်ပြန် လှည့်သွားရသည်။ စစ်တပ်က သေနတ် ၆ ချက် ပစ်ဖောက်ခဲ့သည်ဟု ကြားသိရသည်။


မြန်မာစံတော်ချိန် ၁၅း၁၀ (သတင်းလွှင့်တင်ချိန်)
ဆူးလေပစ်ခတ်မှုတွင် လူစုခွဲရန် ၂ မိနစ်သာ ကြိုတင်ပြောပြီး ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ တခုတွင် လုပ်နေသူ တဦးက ပြောသည်။

မြန်မာစံတော်ချိန် ၁၄း၅၆ (သတင်းလွှင့်တင်ချိန်)
လုံထိန်းများက စစ်ကား၊ ရဲအချုပ်ကားများကို နောက်ခံထားလျှက် ထရိတ်ဒါး ဟော်တယ် ဆန္ဒပြသူများ အနီးသို့ ချဉ်းကပ်လာသည်။ စစ်တပ်က လူစုခွဲရန် အော်လျက်ပင် ရှိသေးသည်။

မြန်မာစံတော်ချိန် ၁၄း၅၅ (သတင်းလွှင့်တင်ချိန်)
မြို့ထဲမှာ ရင်ဆိုင်ကြပြန်ပြီ

မြို့ထဲသို့ ချီတက်လာသော ဆန္ဒပြ အဖွဲ့ကြီးတခုနှင့် လုံခြုံရေးများ ထိပ်တိုက် ရင်ဆိုင်မှုတခု ထရိတ်ဒါး ဟော်တယ်အနီး ဖြစ်ပွား နေပြန်သည်။

“လေးဘက်လေးတန်းမှာ လမ်းဆုံးတွေမှာ ဒိုင်းနဲ့ စစ်သားတွေက ပထမတန်း၊ လုံထိန်းတွေက ဒုတိယတန်း၊ စစ်တပ်က တတိယတန်းနဲ အတင်း ဆင်းနေကြတယ်။ လူချင်းစေ့ပြီးတော့ ဒိုင်းတွေ ကာထားတယ်။ လူတွေကို အတင်း လူစုခွဲခိုင်းတယ်။ ပြည်သူတွေကတော့ ပန်းဆိုးတန်း ဂုံးပေါ်မှာ စောင့်နေကြတယ်။ လူအုပ်က နည်းနည်း နည်းတယ်။ တသောင်းကျော်လောက်ဘဲ ရှိတယ်။ အဲမှာ စစ်တပ်နဲ့ ရင်ဆိုင်နေကြတယ်။” ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

“အခုအော်နေတာကတော့ လူတွေကို အတင်း ခွဲခိုင်းနေတယ်။ လူစုလူဝေး မနေရဘူးပေါ့ဗျာ” ဟု သူက ထပ်ပြောသည်။

မြန်မာစံတော်ချိန် ၁၄း၃၀ (သတင်းလွှင့်တင်ချိန်)
လုံခြုံရေးတပ်ဖွဲ့များက ပစ်ခတ်မှုကြောင့် ဘီဘီစီ သတင်းထောက် တယောက်တဦး သေဆုံးသွားသည် ဟူသော ကောလာဟလများ ထွက်ပေါ် နေသည်။

မြန်မာစံတော်ချိန် ၁၄း၂၀ (သတင်းလွှင့်တင်ချိန်)
သင်္ကန်းကျွန်း ကျိုက္ကဆံဘုရားအနီး မာဃလမ်းနှင့်ဆုံရာ ထိပ်တွင် စစ်တပ်က ဆန္ဒပြသူများကို ပစ်ခတ်မှု ဖြစ်ပွားနေသည်။

မြန်မာစံတော်ချိန် ၁၄း၁၀ (သတင်းလွှင့်တင်ချိန်)
ဆူးလေမှ ဖြိုခွင်းခံလိုက်ရသည့် ဆန္ဒပြ အုပ်စုကြီးသည် သိမ်ဖြူလမ်းမှသည် ဖြတ်သွားရာ သာကေတ တံတားအနားထိအောင် ရောက်ရှိနေပြီ ဖြစ်သည်။ ဆင်းသွားရာ လမ်းတလျောက် မည်သည့် အတားအဆီးမှ မတွေ့ရဟု ပြောသည်။

ဆူးလေတွင် သေနတ် အချက် ၂ဝ ခန့် ပစ်ဖောက်ခဲ့သည်။ တစီးလျှင် စစ်သား ၃ဝ ခန့် တင်ထားသော စစ်ထရပ်ကား ၅ စီး ဆူးလေနှင့် အနော်ရထာ လမ်းဆုံကို ပိတ်ဆို့ စောင့်ထားပြီး နေအိမ်များမှ မထွက်လာရန် အော်ဟစ် ပြောဆိုနေသည်။

မြန်မာစံတော်ချိန် ၁၄း၀၀ (သတင်းလွှင့်တင်ချိန်)
ဆူးလေဘက်မှသည် ပြေးဆင်းသွားသော ဆန္ဒပြသူများသည် ပုဇွန်တောင် ရေကျော်ဘက်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။ ရန်ကုန် ဆန္ဒပြမှု များတွင် လူ ၁၀ ဦးခန့် ဒဏ်ရာ ရရှိသည်။

မေတ္တာပို့နေသူများကို ဝင်ရိုက်
မြန်မာစံတော်ချိန် ၁၃း၅၀ (သတင်းလွှင့်တင်ချိန်)

“မျက်ရည်ယိုဗုံးခွဲတော့ ကျနော်တို့ လူတွေအကုန်လုံး ထွက်ပြေးနေရပြီ။ ပြန်ဆုတ်နေရတယ်။ ကျနော်တို့က အားလုံးစုပြီး မေတ္တာပို့နေတဲ့ အချိန်မှာ စစ်ကားက ဝင်လာပြီးတော့ မျက်ရည်ဗုံးတွေ ခွဲလိုက်တယ်လေ။ အလုံးက ၂ဝ လောက် ရှိတယ်။ စစ်တပ် အင်အားက ၃ဝ စီးလောက် ရှိမယ်။ နောက်ထပ် ကား ၅ စီး ထပ်ဝင်တယ်ဗျာ၊ အဲဒီမှာ စွမ်းအားရှင်ကားက နှစ်စီးပါတယ်။ စွမ်းအားရှင် ၂ဝ လောက်ပဲ ရှိမယ်။ ပြည်သူအင်အားက အားလုံး ၅ သောင်းလောက် ရှိမယ်။” ဟု ဆန္ဒပြသူတဦးက ပြောပြသည်။

မြန်မာစံတော်ချိန် ၁၃း၃၅ (သတင်းလွှင့်တင်ချိန်)
ဆူးလေတွင် လုံခြုံရေးတပ်များက ဆန္ဒပြလူထုကို မီးသတ်ပိုက်များဖြင့် ထိုးခွဲပြီး လဲကျသွားသူများကို ဝါးရင်းတုတ်များနှင့် ရိုက်နှက်နေသည်။ ဆန္ဒပြသူများ ပန်းဆိုးတန်း တံတားဘက် ချီတက်သွားရင်း “ဗိုလ်ချုပ်ပေးတဲ့ စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး” အော်ဟစ် ကြွေးကျော် နေကြသည်။ လူထု တသိန်းခန့် ရှိသွားပြီဟု မျက်မြင်များက ပြောသည်။

မြန်မာစံတော်ချိန် ၁၃း၃၀ (သတင်းလွှင့်တင်ချိန်)
ဆူးလေတွင် အရိုက်ခံရ၍ သွေးသံရဲရဲဖြင့် ဆန္ဒပြသူများ ထွက်ပြေး လာနေကြသည်။

ဆန္ဒပြလူထု ၅ သောင်းခန့် ရှိနေပြီး “ အောင်ရမည်၊ အောင်ရမည်“ ဟူသော ကြွေးကျော်သံများ မဇ္ဈိမက သတင်းရယူနေချိန်တွင် ကြားနေ ရသည်။

ဆန္ဒပြလူထုထံသို့ မျက်ရည်ယိုဗုံး ပစ်ခွင်းနေသည်။

စစ်သား အပြည့်ပါသော စစ်ကား ၂ စီး၊ လုံထိန်းကား ၂ စီး၊ ထောင်ကား တစီးနှင့် လော်စပီကာ တင်ထားသော ဟိုင်းလပ်စ်ကား တစီး ဗိုလ်ချုပ် လမ်းအတိုင်း မောင်းနှင်သွားသည်။ အနော်ရထားလမ်းရှိ ဆန္ဒပြသူများထံသို့ ဦးတည် သွားရောက်ဟန် ရှိသည်။


မြန်မာစံတော်ချိန် ၁၃း၃၅ (သတင်းလွှင့်တင်ချိန်)

အင်းစိန် အကျဉ်းထောင် အနီး ကျောင်းသားလူငယ် ၄ဝဝ ခန့် စုရုံး ရောက်ရှိနေကြသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

နေအိမ် အကျယ်ချုပ်မှ အင်းစိန်ထောင်သို့ ဒေါ်အောင်ဆန်းစုကြည်ကို တင်္နဂနွေနေ့ကတည်းက ပြောင်းရွှေ့ထားလိုက်ပြီဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

မြန်မာစံတော်ချိန် ၁၃း၂၀ (သတင်းလွှင့်တင်ချိန်)

တောင်ဥက္ကလာပမြို့နယ် ငွေကြာရံ ကျောင်းတိုက်အနီး သစ္စာလမ်းနှင့် ဗဟိုလမ်းထောင့်တွင် စစ်တပ်နှင့် လူထု ထိပ်တိုက် တွေ့နေကြသည်။ ကြံ့ဖွံ့များကို ရှေ့တန်းတင်ကာ တပ်က နောက်မှ လိုက်ပါလာသည်။ တဖက်နှင့် တဖက် ခဲများနှင့် ပစ်ပေါက်လျှက် ရှိသည်။

ခြင်ဆေးရည်သုံး၍ ဖြိုခွင်းမည်
မြန်မာစံတော်ချိန် ၁၃း၁၅ (သတင်းလွှင့်တင်ချိန်)

မျက်ရည်ယိုဗုံး ထိရောက်မှု မရှိသည့် အခြေအနေတွင် ဆန္ဒပြသူများကို ခြင်ဆေးဖြန်း ဖြိုခွင်းရန် စစ်အာဏာပိုင်များက အဆင်သင့် ပြင်ထားသည်။ ရန်ကုန်မြို့ သိမ်ကြီးဈေးအနီး မီးသတ်ကားများနှင့် ခြင်ဆေးဖြန်းရေများ တင်ဆောင်ထားသော ကားများ ယနေ့ တွေ့ရှိရသည်ဟု မျက်မြင် သက်သေများက ပြောသည်။

မြန်မာစံတော်ချိန် ၁၃း၁၀ (သတင်းလွှင့်တင်ချိန်)

ရန်ကုန်မြို့ ကန်ဘဲ့တွင် စစ်တပ်ပါဝင်သော စွမ်းအားရှင်များက သံဃာတော်များကို လိုက်လံ ဖမ်းဆီးပြီးနောက် အခြေအနေ တင်းမာနေသည်။

မြန်မာစံတော်ချိန် ၁၂း၅၀ (သတင်းလွှင့်တင်ချိန်)

လုံထိန်းများက သံစည်းရိုးအတွင်းမှ ၁ဝ ပေလောက် အကွာအဝေးတွင် ရှိပြီး ဆန္ဒပြသူများက စည်းရိုးအပြင် ၁ဝ ပေလောက် အကွာမှာ ရှိနေသည်။ ဆူးလေအနီးရှိ ဦးတေဇပိုင် Myanmar Shopping Mall ကို ပိတ်ထားပြီး စစ်တပ်နှင့်ရဲ လုံခြုံရေး အစောင့်များလည်း ချထားသည်။ မြန်မာ့ အာမခံရုံးအထိ တောက်လျှောက် ဆိုင်များ ပိတ်ထားပြီး AA Phamacy ဆေးဆိုင် တခုသာလျှင် ဖွင့်ထားသည်။

ဆူးလေဘုရားအနီး လမ်းကြားများ အားလုံးကို သံဆူးကြိုးများနှင့် ပိတ်ကာလိုက်ပြီ ဖြစ်သည်။

မြန်မာစံတော်ချိန် ၁၂း၄၅ (သတင်းလွှင့်တင်ချိန်)

သံဃာတော်များ ဦးစီးသော ဆန္ဒပြအဖွဲ့တခု အနော်ရထာ လမ်းအတိုင်း ချီတက်လာနေသည်။ လူထောင်ပေါင်းများစွာလည်း ဘေးမှ လိုက်ပါလာနေသည်။ လုံထိန်းများကလည်း အနား ကပ်လာနေရာ ပေအနည်းငယ်သာ ကွာဝေးတော့သည်။

မြန်မာစံတော်ချိန် ၁၂း၃၀ (သတင်းလွှင့်တင်ချိန်)

ရန်ကုန်မြို့တွင်း အစိုးရရုံးများ ဖွင့်ထားသော်လည်း ဝန်ထမ်းများကို ရုံးချိန်အတွင်း အပြင်ထွက်ခွင့် ကန့်သတ်ထားသည်။ ပုဂ္ဂလိကရုံး အများစု နှင့် ဈေးဆိုင် အများစု ပိတ်ထားပြီး စာသင်ကျောင်းများလည်း ခြောက်ကပ်နေသည်။ လမ်းပေါ်တွင် ဘတ်စ်ကားများ ပြေးဆွဲမှု သိသိသာသာ လျော့နည်းသွားသည်။

ဆူးလေ ပြင်ဆင်မှု
(မြန်မာစံတော်ချိန် ၁၁း၅၅)

ဆူးလေဘုရားအနီး စစ်သားနှင့် လုံထိန်းများ မြို့တော်ခန်းမထဲမှ ထွက်လာပြီး လမ်းပိတ်လိုက်ပြီ ဖြစ်သည်။ အနားရှိသူများ အားလုံးကို မောင်းထုတ်ကာ ရင်ဘောင်တန်းကာ ရှေ့သို့ ချီတက်လာနေသည်။ စစ်ထရပ်ကား ၁၂ စီး ဆူးလေပန်းခြံရှေ့ ရပ်ထားပြီး မီးသတ်ကား ၇ စီးလည်း ပါဝင်သည်။

မြန်မာစံတော်ချိန် ၁၁း၃၀
ရန်ကုန် ဘုန်းကြီးကျောင်းများကို စစ်တပ်ဝင်စီး၊ သံဃာတော်အပါး ၂ဝဝ ကျော်အဖမ်းခံရ

တောင်ဥက္ကလာပမြို့နယ် ငွေကြာရံ ကျောင်းတိုက် အပါအဝင် ရန်ကုန်ရှိ ဘုန်းကြီးကျောင်း အနည်းဆုံး ၅ ကျောင်းကို စစ်တပ်က ယနေ့ နံနက်အစောပိုင်း ဝင်ရောက် စီးနင်းပြီး သံဃာတော်အပါး ၂ဝဝ ကျော်ကို ဖမ်းဆီးခဲ့သည်။

ငွေကြာရံ ကျောင်းတိုက်ကို နံနက် ဝဝး၁၅ နာရီ အချိန်တွင် နံရံ ဖြိုဝင်ရောက်ရာ သံဃာတော်များနှင့် စစ်တပ်တို့ ထိပ်တိုက် ရင်ဆိုင် တွေ့ကြပြီး သံဃာတော် အများအပြား ထိခိုက်ဒဏ်ရာ ရသွားခဲ့သည်။

“သွေးသံရဲရဲနဲ့ပဲ။ ကားတစီးက ဦးဇင်းတွေဆိုရင် အောက်ကဟာတွေပါ ပေါ်တာ။” ဟု ရန်ကုန်မြို့ခံ တဦးက မဇ္ဈိမကို ပြောပြသည်။

၂ နာရီခန့်ကြာ စီးနင်းမှုအတွင်း သံဃာတော်များက တုန်းမောင်းများ ခေါက်၍ အော်ဟစ် အသိပေးရာ ရပ်ကွက် လူထုများ အကူအညီပေးရန် ကြိုးပမ်းသော်လည်း အရပ်သားများကို ပစ်မည်ဟု စစ်တပ်က အမိန့် ထုတ်ပြန်သဖြင့် အကူအညီ မရခဲ့ပေ။

“ရိုက်လို့ အော်သံ၊ ဟစ်သံ တွေ ပွက်လော ရိုက်သွားတာပဲ” ဟု ကျောင်းတိုက်အနီး နေသူတဦးက မဇ္ဈိမ သို့ တယ်လီဖုန်းဖြင့် ပြောပြသည်။

တပြိုင်နက်တည်း လိုလိုပင် နောက်ထပ် အနည်းဆုံး ဘုန်းကြီးကျောင်း ၄ ကျောင်းကို စစ်တပ်က ဝင်စီးပြီး သံဃာတော် အချို့ကို ဖမ်းဆီးသွားခဲ့သည်။

ခြောက်ထပ်ကြီးရှိ သာသနာ့ သိပ္ပံကျောင်း၊ ရန်ကင်းရှိ မိုးကောင်းကျောင်း၊ သင်္ကန်းကျွန်းရှိ မဂ္ဂင်ကျောင်း၊ သိမ်ဖြူရှိ သိမ်ဖြူကျောင်းတို့မှ သံဃာတော်များ အဖမ်းခံရသည်ဟု မဇ္ဈိမ က အတည်ပြုချက် ရရှိသည်။

မြန်မာစံတော်ချိန် ၁၁း၀၀

ယမန်နေ့ ဆန္ဒပြမှုကို အင်အားသုံး ဖြိုခွင်းရာတွင် အမျိုးသားတယောက် သေဆုံးပြီး ၃ ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု စစ်အစိုးရက ထုတ်ပြန် ကြေညာထားသည်။

အေအက်ဖ်ပီ သတင်းတရပ် အရ လူ ၃ ဦးသေဆုံးကြောင်း အမည်မဖော်လိုသော အစိုးရ တာဝန်ရှိသူ တဦးက ပြောကြားသည်ဟု ပါရှိသည်။

ဓါးပြတိုက်တဲ့ သံဃာများဟု စစ်အစိုးရ သတင်းစာများ ရေးသား
မြန်မာစံတော်ချိန် ၁၀း၅၀

ယမန်နေ့က ရန်ကုန်တွင် ဆန္ဒပြသူ သံဃာတော်များသည် ရပ်ကွက် အသီးသီးရှိ အိမ်အသီးသီးသို့ ဝင်ရောက်ပြီး ခြိမ်းခြောက်၍ ငွေတောင်းခံခဲ့ကြောင်း စစ်အစိုးရ သတင်းစာများက ရေးသားထားသည်။

အခင်း ဖြစ်ပွားသည့် နေရာ၊ အချိန်၊ လူအမည်များ စသည်တို့ကို လုံးဝ ပြောဆိုနိုင်ခြင်း မရှိဘဲ သံဃာတော်များသည် လူအများကို အတင်းအကြပ် ဆွဲခေါ် ဆန္ဒပြစေပြီး ငွေကောက်ခံသည်ဟု ရေးသားထားသည်။

ဆန္ဒပြမှုကို အာရုံလွှဲရန် စစ်အစိုးရ ကြိုးပမ်းနေ

စစ်အစိုးရသည် အခကြေးငွေပေး ငှားရမ်းပြီး လူတချို့ကို သင်္ကန်း ဝတ်စေလျှက် အစ္စလမ် ပလီများ ဖျက်စီးရန် ကြိုးပမ်းနေသည် ဆိုသော ကောလာဟလများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေသည်။

ငွေကြာရံ ကျောင်းတိုက်ကို စစ်တပ်က ဝင်စီး၊ သံဃာများကို ဖမ်း
မြန်မာစံတော်ချိန် ၁၀း၃၀

ရန်ကုန် တောင်ဥက္ကလာပ မြို့နယ် ငွေကြာရံ ကျောင်းတိုက်သို့ ယနေ့နံနက် စောစောက စစ်တပ်ကဝင်စီးပြီး သံဃာအချို့ကို ဖမ်းဆီးသွားသည်။ ကျောင်းတိုက်ရှိ တယ်လီဖုန်းကိုပါ ဖြတ်တောက်လိုက်သည်။


နိုင်ငံတဝှမ်း ဆန္ဒပြ သတင်းများ

တောင်သာ အန်အယ်ဒီလည်း အဖမ်းခံရ
မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ (သတင်းပေးပို့ချိန်)

မန္တလေးတိုင်း တောင်သာမြို့မှ အန်အယ်ဒီ ဥက္ကဌ အပါအဝင် ပါတီ လူငယ်ခေါင်းဆောင် ကိုစိုးပိုင်တို့ကို ယနေ့ နံနက် ၂ နာရီခန့်က အာဏာပိုင်များမှ လာရောက် ဖမ်းဆီးသွားကြောင်း သိရသည်။

“ဦသန်းမြင့် ကို ဒီမနက် ၂ နာရီမှာ လာဖမ်းသွားတယ်။ ဦးစိုးပိုင်လည်း ပါတယ်။ သူနဲ့ အတူနေတဲ့ လူပါ၊ ဦးစိုးပိုင် က။ ဆိုင်ကယ် ၄ စီးနဲ့ လာဖမ်းတာပါ။ ရပ်ကွက် လူကြီးလည်း ပါတယ်။ အခုချိန်ထိတော့ ဘာသတင်းမှ မရသေးဘူး။ ဘယ်ကို ခေါ်သွားတယ်၊ ဘယ်မှာထားတယ် ဆိုတာ မသိသေးပါဘူး” ဟု ပြောသည်။

လူဖမ်းပွဲ ဆက်တိုက်လုပ်နေ
မြန်မာစံတော်ချိန် ၁၂း၅၅ (သတင်းလွှင့်တင်ချိန်)

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (စီအာပီပီ) မှ ပူးကျင်ရှင်းထန်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးမြင့်သိန်း၊ ဒေါက်တာ ဝင်းနိုင်၊ ဦးလှဖေ၊ ဦးလှသိန်းနှင့် ကိုသန်းနိုင်တို့ကို အာဏာပိုင်များက ယမန်နေ့ညက ဖမ်းဆီးသွားသည်။

ဦးလှဖေ အဖမ်းခံနေရချိန်တွင် သားဖြစ်သူမှာ ကွယ်လွန်သွားခဲ့သည်။

“ဦးလှဖေကို မနေ့ည ၈နာရီမှာ ဖမ်းသွားတယ်။ သူတို့ဘက် (အာဏာပိုင်) လူ ၁ဝယောက်၊ အပြင်မှာက လူ ၃ဝ ယောက်လောက်ရှိတယ်။ သူ့သားတယောက်က ဘာရောဂါနဲ့တော့ မသိဘူး ၆ နာရီလောက်မှာ ဆုံးသွားတယ်။” ဟု သူ၏ မိတ်ဆွေတဦးက ပြောသည်။

ယမန်နေ့က အဖမ်းခံရသူများတွင် အမျိုးသားရေး ဦးဝင်းနိုင် ပါဝင်သည်။

မိတ္ထီလာ အန်အယ်ဒီအဖွဲ့ဝင်များ အဖမ်းခံရ
မြန်မာစံတော်ချိန် နံနက် ၁၁ နာရီ (သတင်းပေးပို့ချိန်)

မန္တလေးတိုင်း မိတ္ထီလာ မြို့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ဒေါ်မြင့်မြင့်အေးနှင့် လူငယ်ခေါင်းဆောင် တဦးကို ဒေသခံ အာဏာပိုင်များက ယခုလ ၂၅ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီး ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သိရသည်။

ဒေါမြင့်မြင့်အေး၏ ညီမဖြစ်သူက “၂၅ ရက်နေ့ ည ၁၁ နာရီ ၁၅ မှာ ခေါ်သွားတယ်။ သူက အထုတ် ပြင်ထားပြီးသားလေ။ အဝတ်အစားတွေ ထည့်ထားတယ်။ သူ သိတယ်၊ လာဖမ်းမယ် ဆိုတာ။ ဆိုင်းဘုတ် မတင်ပါနဲ့လို့ ပြောတယ်၊ တင်ထားတော့ ဖမ်းသွားတယ်။ ဒေါ်အောင်ဆန်းစုကြည် ဆိုင်းဘုတ်ကို တင်ပြီး ဆွမ်းလောင်းတယ်လေ။ ဒါကြောင့် ဖမ်းတယ်လို့ ပြောသွားတယ်။ ကျမတို့ တိုက်ရှေ့ကို ရဲမေ ၁ ယောက်ပါတယ်။ ၁၂ ယောက်လောက် ရှိတယ်။ အထူးရဲ သတင်းတပ်ဖွဲ့က ဦးဆောင်ပြီး လာဖမ်းသွားတာ။ ရယက လည်း ပါတယ်။ အိမ်ရှေ့မှာ ကားတစီး ရပ်ထားတယ်။ အားလုံး ဝိုင်းထားတယ်။ ကားနံပါတ်ကိုလည်း စက္ကူနဲ့ ကပ်ထားတယ်။ နံပါတ်ကို မမြင်အောင်ပေါ့။ သူက အေးဆေးပါပဲ။ ထည့်စရာ ရှိတာတွေကို ထည့်တယ်၊ ပြီးရင် 'ကျမတော့ အသင့်ဖြစ်ပြီ' လို့ ပြောတယ်။ 'မင်းတို့ကို စောင့်နေတာ' လို့ ပြောတယ်။ ဆိုင်းဘုတ်ကို တောင်းတယ်။ သက်သေခံ သဘောပေါ့။ 'မင်းတို့ ဘာလုပ်မလဲ' လို့ မေးလိုက်တယ်။ သူတို့ကို အိမ်ကို မဝင်သေးခင် အိတ်ကိုင်ပြီး လိုက်သွားတယ်လေ။ ဝင်လာတော့ ၆ ယောက် ဝင်လာတာပါ။ သူ့ကိုတော့ တွေ့လို့ မရသေးပါဘူး။ ဒီမြို့မှာပဲ ရှိလောက်တယ်လို့ ထင်တယ်” ဟု ပြောသည်။

အလားတူပင် အန်အယ်ဒီ လူငယ်ခေါင်းဆောင် ကိုတင်ကိုကိုလည်း လမ်းပေါ်တွင် ဖမ်းဆီး ခေါ်ဆောင် သွားကြသည်ဟုလည်း သိရသည်။

ဒေသခံတဦးက “ကိုတင်ကို ကိုလည်း ည ၁၁ ကျော်မှာ ဖမ်းသွားတယ်။ သူက (တက္ကစီ) ကားမောင်းသမားပါ။ သူ့ကိုလည်း လမ်းပေါ်မှာ ဖမ်းလိုက်တာပါ။ ကားကို မိသားစုတွေကို အကြောင်းကြားပြီး လာယူခိုင်းတယ်။ ကားပေါ်ကပဲ ခေါ်သွားတာပါ။ အခုထိတော့ ဘာသတင်းမှ မကြားသေးပါဘူး” ဟု ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates