ဖနီဒါ (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ ၃ ရက်၊ ၂ဝဝ၇ ခုနှစ်။
ရန်ကုန်မြို့တွင်း လေအေးစက်တပ် ဘတ်စ်ကားစီးခ ဈေးနှုန်းကို ယနေ့မှ စတင်ကာ လျော့ချ လိုက်ပြီဟု မထသ ခေါ် မော်တော်ယဉ် ထိန်းသိမ်းရေး ဌာနက ပြောဆိုသော်လည်း လက်တွေ့တွင်မူ ဈေးနှုန်းများ အပြောင်းအလဲ မရှိ ဖြစ်နေသည်။
အင်းစိန်မှ သင်္ကန်းကျွန်းသို့ သွားရောက်သည့် လေအေးစက်တပ် ဘတ်စ်ကားခကို မှတ်တိုင်အလိုက် ဈေးနှုန်း လျော့ချလိုက်သည်ဟု မထသ ဌာနက တာဝန်ရှိသူက ပြောဆို နေကြသော်လည်း ယခင်အတိုင်းသာ ရှိနေသေးသည်ဟု ဘတ်စ်ကား စီးသူများက ပြောဆိုကြသည်။
“မထသ အေးယားကွန်း (လေအေးစက်တပ်) ဘတ်စ်ကားတွေဆို ဂိတ်စကနေ အဆုံးအထိ ဆိုရင် ၁၅ဝ ကနေ ၂ဝဝ ကျပ် ပေးရတယ်။ တချို့ဆိုရင် ၁ဝဝ ကျပ် တောင်းတယ်။ ကမ္ဘာအေးကနေ သင်္ကန်းကျွန်းအထိ ကားမှတ်တိုင် ၁ဝ ခုလောက် ရှိတယ်။ အဲဒီမှာ ၁၅ဝ ကျပ် ပေးရတယ်။ ကားခ လျှော့ချတယ် လို့တော့ ပြောနေပေမယ့် ပုံမှန် ဈေးကတော့ ၁ဝဝ နဲ့ ၁၅ဝ ကျပ်ပါပဲ” ဟု နေ့စဉ် ဘတ်စ်ကား စီးနေသူ တဦးက ပြောသည်။
အမျိုးသားရေး ဦးဝင်းနိုင်ကလည်း ရန်ကုန်မြို့ပေါ်ရှိ လိုင်းကားများသည် တမှတ်တိုင်၊ နှစ်မှတ်တိုင်ခန့် စီးလျှင်သာ ၅ဝ ကျပ် ကျသော်လည်း ၎င်းမှတ်တိုင်ထက် ကျော်လွန် သွားပါက ကျပ် ၂ဝဝ ပေးနေရသည်ဟု ဆိုသည်။
ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လှဌေးဝင်းက ယာဉ်တိုက်မှု လျော့နည်း ကျဆင်းရေး အတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့များ နေရာအနှံ့ တိုးမြှင့် ချထားပြီး ယာဉ်စည်းကမ်းများကို နေ့ညမပြတ် ထိန်းသိမ်း ဆောင်ရွက်သွားရန်၊ ယာဉ်ကြီးယာဉ်ငယ် ယာဉ်စီးခ နှုန်းထားများကို တပြေးညီ လျှော့ချရန်၊ တက္ကစီ ကားများ ယာဉ်စီးခ ဈေးနှုန်း လျော့ချသွားရန်နှင့် မီတာ တပ်ဆင်ရေး ဆက်လက်၍ အမြန် ဆောင်ရွက်ကြရန် အတွက် ပြီးခဲ့သည့်လ ၃၁ ရက်နေ့က ကျင်းပသည့် အစည်းအဝေး တရပ်တွင် ပြောဆိုခဲ့ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
အမျိုးသားရေး ဦးဝင်းနိုင်က “တက္ကစီကားတွေ မီတာ တပ်ဆင်မှုနဲ့ ပတ်သက်ပြီး တက္ကစီ သမားတွေ ဆိုရင်လည်း ဈေးလျှော့မယ် ဆိုတာ ကျနော် မထင်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ သူတို့လည်း ဓာတ်ဆီဝယ်ပြီး မောင်းရတာကိုး။ လျှော့ချပေးမယ် လို့တော့ မထင်ပါဘူး။ မီတာကားတွေ တပ်ဆင်မယ် ဆိုတာကလည်း မထင်ပါဘူး” ဟု ပြောသည်။