Monday, September 17, 2007

ထိုင်းနှင့် မြန်မာ လက်နက်ကိုင်တစု တိုက်ပွဲဖြစ်

သန်းထိုက်ဦး (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာ ၁၃ ရက်၊ ၂ဝဝ၇ ခုနှစ်။

ထိုင်းစစ်သားများနှင့် မြန်မာ လက်နက်ကိုင် တပ်ဖွဲ့တခု အင်္ဂါနေ့ ညနေက တိုင်ပွဲ ဖြစ်ပွားခဲ့ရာ မြန်မာ လက်နက်ကိုင်ဘက်မှ တဦး သေဆုံး သွားခဲ့သည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း မဲဟောင်ဆောင် ခရိုင် မဲ့စလင်းရန်း မြို့နယ် ဘန့်ဆောင်ဟင် ထိုင်းကျေးရွာ အနီးတဝိုက် ထိုင်းစစ်သားများနှင့် အမည်မသိ လက်နက်ကိုင် ၅ ဦး ယခုလ ၁၁ ရက်နေ့ ညနေ ၄ နာရီအချိန်၌ တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်ပြီး မြန်မာဘက်က တဦးကို ထိုင်းစစ်တပ်က အသေရမိခြင်း ဖြစ်သည်။

“ထိုင်း စစ်သားတွေက လက်နက်ကိုင်ပြီးတော့ နယ်မြေတဝိုက်၌ ကင်းလှည့်နေတုန်း တွေ့ကြပြီးတော့ ပစ်ကြ ခတ်ကြတာပဲ။ အခုဖြစ်တာ ထိုင်းဘက်အခြမ်းမှာ ဖြစ်တာ။ ဘာလဲဆိုတော့ ထိုင်းစစ်သားတွေက ထိုင်းဘက်မှာပဲ ရှိတယ်” ဟု ထိုင်းလုံခြုံရေး အရာရှိ တဦးက မဇ္ဈိမကို ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်မှ ကိုက် ၃ဝဝခန့် အကွာတွင် ဖြစ်ပွားသော မိနစ် အနည်းငယ်ကြာ တိုက်ပွဲနှင့် ပတ်သက်၍ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအန်ပီပီ) မှ ဦးရီမွန်ထူးက “အဲဒီမှာ နယ်စပ်ချင်းကပ်တော့ သူတို့လည်းပဲ ဒီ ထိုင်းနယ်ဘက်ကို သွားလည်ရင်းနဲ့ အဲဒီမှာ တပ်ဖွဲ့ နှစ်ဖွဲ့ တိုးကြမယ် ထင်တယ်။ ဘာဖြစ်လို့လဲ သူတို့ အလောင်းရတာက ယူနီဖောင်းနဲ့ မဟုတ်ဘူးလို့ ပြောတယ်” ဟု ဆိုသည်။

သူ၏ အဆိုအရ တိုက်ပွဲ ဖြစ်ပွားရာ ဒေသနှင့် မျက်နှာချင်းဆိုင် မြန်မာဘက်ခြမ်းတွင် နအဖနှင့် ငြိမ်းချမ်းရေး ယူထားသော ကရင်နီ လူမျိုးပေါင်းစုံ လွတ်မြောက်ရေး တပ်ဦး (ကလလတ) တပ်ဖွဲ့များ အခြေစိုက် လှုပ်ရှားသည်ဟု ဆိုသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates