Wednesday, September 26, 2007

ပြည်တွင်းမှ ဘလောက်များကို အာဏာပိုင်များ ပိတ်လိုက်ပြီ

နန်းဒေဝီ (မဇ္ဈိမသတင်းဌာန)
စက်တင်ဘာလ၊ ၂၅၊ ၂ဝဝ၇ ခုနှစ်။

ပြည်တွင်းပြည်ပ သတင်း စီးဆင်းမူကို တားဆီး၊ ပိတ်ပင်သည့် အနေဖြင့် အစိုးရမှ ပြည်တွင်း စာဖတ် ပရိတ်သတ်များ ကြည့်ရှူခွင့် မရအောင် မြန်မာ အင်တာနက်ဘလောက် အချို့အား အစိုးရမှ ယနေ့ မြန်မာစံတော်ချိန် ၆ နာရီခန့် တွင် ပိတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

လတ်တလော ဖြစ်ပေါ်နေသော မြန်မာပြည်တဝှမ်း၊ အဆက်မပြတ် လောင်စာဆီ ဈေးနှုန်း တိုးမြင့်ခြင်းကို ကန့်ကွက်၊ ဆန္ဒထုတ်ဖော် ပြသသည့် သတင်း၊ မှတ်တမ်း ဓာတ်ပုံများကို အလျင်းသင့်သလို ဖော်ပြပေးသော ပြည်တွင်း၊ ပြည်ပ လူကြိုက်များသော မြန်မာဘဘောက်များ ဖြစ်သည့် ကိုထိုက် http://www.ko-htike.blogspot.com၊ နစ်နေမန်း http://niknayman.blogspot.com နှင့် ဆုံစည်းရာ http://soneseayar.blogspot.com တို့ အား ပိတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

“ယခုလို နအဖအနေဖြင့် သတင်းနှင့်မီဒီယာ လွတ်လပ်ခွင့်၊ ပြည်သူများမှ လွတ်လပ်စွာ ရေးသား ဖေါ်ပြခွင့်တို့ အား တားဆီး ပိတ်ပင်ခြင်းသည် အခြေခံ လူ့ အခွင့်အရေးအား အလွန်အကျူး ဖေါက်ဖျက် ကျူးလွန်ခြင်း ဖြစ်ကြောင်း ပြင်းထန်စွာ ရှုတ်ချလိုက်သည်” နစ်နေမန်း ဘလော့ဂ်ရေးသူက သူ၏ ဘလော့ဂ်တွင် ရေးသား ဖော်ပြထားသည်။

ယခုလို ပြည်တွင်းမှ အရှိန်ဟုန်မြင့် လုပ်ဆောင်နေသော ရဟန်း၊ သံယာ၊ ကျောင်းသား၊ အနုပညာရှင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များ စုပေါင်း၊ ဆန္ဒ ထုတ်ဖော် ပြသမှုများအား ကြည့်ခွင့် မရအောင် ပိတ်လိုက်သည့် ဘလောက်များကို ဖွင့်လိုက်ပါက Access Denied ဆိုသည့် စကားလုံး ပေါ်လာပြီး၊ ဖွင့်မရကြောင်း ပြည်တွင်း စာဖတ်သူများက ပြောသည်။

မကြာသေးမှီကလည်း ဗွီဒီယို Clips များအား အင်တာနက်မှတဆင့် ပြည်တွင်းမှ ကြည့်ရှူနိုင်သော You Tube နှင့် နိုင်ငံရေး ခေါင်းဆောင်များ၊ တက်ကြွ လှုပ်ရှားသူများ ၈၈ ကျောင်းသားများနှင့် ပြည်တွင်း အခြေစိုက် ပြည်ပ သတင်းဌာနများမှ မြန်မာ သတင်းထောက်များ၏ တယ်လီဖုန်း လိုင်းများကို အာဏာပိုင်များက ပိတ်ခဲ့သည်။

ယခုလို ပြည်တွင်း၊ ပြည်ပ သတင်း စီးဆင်းမှုကို ဖြတ်တောက်ခဲ့သူမှာ အစိုးရပိုင် ဆက်သွယ်ရေး (MPT) နှင့် ပုဂံ ဆိုက်ဘာတက်ခ် ခေါ် BCT (Bagan Cyber Tech) တို့ ကပိတ်လိုက်သည့် ဘလောက်များအား Proxy ခံပြီး ဆက်လက် ကြည့်ရှုနိုင်ကြောင်း နစ်နေမန်းက ယခုလို ပြောဆိုသည်။

“Proxy ခံပြီးတော့ နာမည် ပြောင်းသုံးရင်တော့ ရတယ်၊ ဒါပေမဲ့လို့ ကြည့်တဲ့သူတွေ အလွယ်တကူ ရှာမရမှာတော့ စိုးရိမ်တယ်” ဟု မဇ္ဈိမကို ပြောသည်။

လတ်တလော ဘလောက်များ အာဏာပိုင်များ မပိတ်မီကပင် အင်တာနက် လိုင်းများအား ပိတ်ဆို့ရန် ပြင်ဆင်နေကြောင်း ကောလဟာလများ ထွက်ပေါ်ခဲ့သည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates