ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် တွေ့မြင်
သံဃာတော် ၃ဝဝဝ မန္တလေးမှာ ဆန္ဒထပ်ပြပြန်ပြီ
ရန်ကုန် မန္တလေး ရေနံချောင်းနှင့် တောင်တွင်းကြီးတွင် ဆန္ဒထပ်ပြပြန်ပြီ
စက်တင်ဘာလ ၂၂ ရက်၊ ၂၀၀၇ ခုနှစ်။
5:20 PM
ဆန္ဒပြသူများကို ဒေါ်အောင်ဆန်းစုကြည် တွေ့မြင်
ဆန္ဒပြ သံဃာတော်များနှင့် လူစုကြီးကို နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်း စုကြည်က ၁၅ မိနစ်ခန့် နေအိမ်ဝင်း အတွင်းမှ ထွက်ကြည့်ခဲ့သည်။
ဆန္ဒပြသူများက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ။” ဟု ဆုတောင်း အော်ဟစ် ခဲ့ကြပြီး ဆက်လက် ချီတက်ခဲ့ကြရာ ယခု ဆူးလေဘုရားသို့ ရောက်ရှိနေပြီဟု သိရသည်။
“ဒေါ်အောင်ဆန်း စုကြည် ထွက်လာတယ်။ အင်္ကျီအဝါလေးနဲ့ အဲဒီမှာ ၁၅ မိနစ်လောက် ဒေါ်အောင်ဆန်း စုကြည်ကို ဒေါ်အောင်ဆန်း စုကြည် ကျန်းမာပါစေ ဆိုပြီးတော့ အော်ပြီးတော့ ဆက်ပြီး လျောက်လာတာ အခု ဆူးလေဘုရားကို ရောက်ပြီး ဘုရားပေါ် တက်သွားကြပြီ။ ဒေါ်အောင်ဆန်း စုကြည် ခြံဝင်းဘက်ကနေပဲ ထွက်လာတာပေါ့။” ဟု မျက်မြင်သက်သေ တဦးက မဇ္ဈိမ သို့ ပြောပြသည်။
4:05 PM
ရန်ကုန် ဆန္ဒပြ သံဃာတော်များနှင့် လိုက်လံ အားပေးနေသော လူစုကြီးသည် ဒေါ်အောင်ဆန်း စုကြည် နေအိမ် တည်ရှိရာ တက္ကသိုလ် ရိပ်သာ လမ်းမကြီးပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
3:55 PM
ရန်ကုန် ဆန္ဒပြသံဃာတော်များနှင့် လိုက်လံအားပေးနေသော လူထုကြီး လှည်းတန်းမှာ ရောက်ရှိနေသည်။
ရန်ကုန်ဆန္ဒပြပွဲ
မြန်မာစံတော်ချိန် မွန်းလွဲ ၂း၁၀ မိနစ် မြေနီကုန်းတွင် ဘုန်းကြီးများ လှည်းတန်းသို့ ချီတက်လျက် ရှိသည်။ ဘုန်းကြီးအပါး ၁၀၀၀ ကျော် တော်လှန်ရေး ပန်းခြံဘက်မှ မြေနီကုန်း၊ မြေနီကုန်းဘက်မှ ဟံသာဝတီ အဝိုင်းဘက်သို့ သုံးပါးတတွဲ မေတ္တာသုတ်များ ရွတ်ဆို ချီတက်သွားပါသည်။ ဘေးဘက်မှ လိုက်ပါလာသည့်သူ ငါးရာလောက် ရှိပြီး မြေနီကုန်းတွင် လမ်းများ ပိတ်ဆို့ကုန်ပါသည်။ လမ်းနဘေး ဘုန်းကြီးကျောင်းများနှင့် လမ်းအနီးတွင် ရှိနေသည့် ဘုန်းကြီးများမှလည်း ဝင်ရောက်ပါဝင် ပူးပေါင်းလျက် ရှိသည်။