စစ်တွေသား ၂ ဦးကို အာဏာပိုင်များက ပြန်လွတ်ပေး

မဇ္ဈိမသတင်းဌာန
စက်တင်ဘာလ ၂၂ ရက်၊ ၂ဝဝ၇ ခုနှစ်။

ပထမအကြိမ်မြောက် စစ်တွေ သံဃာတော်များ ဆန္ဒပြသည့် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဖမ်းဆီးခံရသူ အရပ်သား ၂ ဦးကို ယမန်နေ့ ညနေပိုင်းတွင် အာဏာပိုင်များက ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သည်။

သံဃာ့ တပ်ပေါင်းစုကြီးမှ ပတ္တနိကုဇ္ဇန ကံဆောင်ရန် သတ်မှတ်ခဲ့သည့် ယခုလ ၁၈ ရက်နေ့တွင် နိုင်ငံတဝှမ်းရှိ မြို့ကြီး အချို့ ဆန္ဒပြရာ၌ ရခိုင်ပြည်နယ် စစ်တွေမြို့တွင်လည်း သံဃာတော်များမှ ဆန္ဒပြရာ သောက်ရေသန့် ဗူးများ ကပ်လှူခဲ့သူများထဲမှ စံပြရပ်ကွက်နေ ကိုမင်းမင်းနှင့် ကိုမင်းအောင်တို့ကို စစ်တွေ အကျဉ်းထောင်မှ ယမန်နေ့ ညနေ ၄ နာရီခန့်တွင် ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

စက်တင်ဘာလ ၁၉ ရက်နေ့တွင် ဆက်လက် ဆန္ဒပြရာတွင် သံဃာတော် အပါး ၃ဝဝဝ ခန့်သည် ပြည်နယ် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီရုံးကို ၄ နာရီခန့် ဝင်သိမ်းခဲ့ပြီးနောက်၊ ဖမ်းဆီးခံ ၂ ဦးကို လွှတ်ပေးရန် တောင်းဆိုရာ ဒေသ အာဏာပိုင်များမှ ၃ ရက်အတွင်း ပြန်လွှတ်ပေးမည်ဟု ကတိပေးရာမှ ယခုလို ပြန်လွှတ်လိုက်ခြင်း ဖြစ်သည်။

ပေးထားသည့် ကတိအတိုင်း ပြန်လွတ်လာသဖြင့် စစ်တွေ သံဃာထုသည် ယနေ့တွင် ဆန္ဒပြပွဲကို ရပ်နားထားကြောင်း သိရသည်။

ဒေသခံတဦးက “ပြောထားတဲ့အတိုင်း လွှတ်လိုက်ပြီလေ။ မနေ့ညနေ ၄ နာရီလောက်ကတည်းက။ အခုလို လွှတ်ပေးလိုက်လို့လည်း သံဃာတော်တွေဘက်က ဒီကနေ့မှာတော့ ဆန္ဒပြပွဲ မလုပ်ဘူးလို့ ပြောနေကြပါတယ်ဗျ” ဟု မဇ္ဈိမကို ပြောသည်။

စက်တင်ဘာ ၁၈ ရက်နေ့က သံဃာထုမှ ပထမဦးဆုံး ဆန္ဒပြရာတွင် အာဏာပိုင်များဘက်က မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ် ဖြိုခွဲခဲ့သောကြောင့် သံဃာ အနည်းငယ် ဒဏ်ရာများရခဲ့သည်။

Popular posts from this blog

၂၀၀၈ တည်ရှိသမျှ ကိုယ်စားလှယ်အဖြစ်တည်ရှိကြောင်း NLD ထုတ်ပြန်

ဘဏ်များ ယာယီ ပိတ်ထားရန် မြန်မာနိုင်ငံ ဘဏ်များအသင်း ထုတ်ပြန်

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး