Monday, September 24, 2007

မြန်မာပြည်ရဲ့ ရွှေဝါရောင်တော်လှန်ရေး စတင်ပြီ၊

မြန်မာပြည်ရဲ့ ရွှေဝါရောင်တော်လှန်ရေး စတင်ပြီ၊ အနှစ် ၂ဝ အတွင်း အကြီးမားဆုံး

အနုပညာသည်များလည်း ဆန္ဒပြသူများနှင့် ပူးပေါင်း

ခြင်ဆေး အားကိုးဖို့ ပြင်တဲ့ အာဏာရှင်

ရန်ကုန် မန္တလေး နတ်မောက် ဒိုက်ဦး မုံရွာ ကလေးမှာ ဆန္ဒပြ


စက်တင်ဘာလ ၂၄ ရက်၊ ၂၀၀၇ ခုနှစ်။

ရန်ကုန်ဆန္ဒပြ သတင်းများ

2:00 PM
ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ အဖမ်းခံရသည် ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း မဟုတ်မှန်ကြောင်းနှင့် ရွှေတိဂုံ ဘုရား ဆွမ်းလှူဒါန်းပွဲတွင် ရှိနေပါသည်ဟု နောက်ဆုံးသတင်း ရရှိသည်။

1:50 PM
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တော့မည်

၁၉၉ဝ ခုနှစ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ယနေ့ ရန်ကုန် ဆန္ဒပြပွဲတွင် ပါဝင်မည်ဟု နိုင်ငံရေး သတင်းရပ်ကွက်အရ သိရသည်။

အမျိုးသား ဒီမိုကရေစီ ရုံးချုပ်ရှေ့တွင် ဆန္ဒပြ သံဃာများနှင့် လူအများအတွက် ရေ၊ ဆေးများ ဝေငှမှာ ဖြစ်သည်။

ဆူးလေဘုရား အနီး သံဃာတော် တပါးက ငြိမ်းချမ်းရေးဖခင် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ပုံများ လမ်းသွား လမ်းလာများကို ဝေငှ နေသည်ကို မဇ္ဈိမ အထောက်တော်များ တွေ့မြင်ကြရသည်။

1:45 PM
သံဃာတော်အပါး ၄ဝဝ ခန့်ရှိသော ဆန္ဒပြ အဖွဲ့ငယ်တခု ရေတာရှည် လမ်းမှသည် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်သို့ သွားရောက် ပူးပေါင်းနေသည်။

1:40 PM
ရန်ကုန်ဆန္ဒပြပွဲ အဆင်သင့်ဖြစ်

ရန်ကုန်တွင် ဆန္ဒပြ သံဃာများနှင့် လူအများအပြား အဖွဲ့များ ခွဲကာ စုဝေးလျှက် ရှိသည်။ နေ့လည် ၁ နာရီတွင်စတင်မည့် ဆန္ဒပြပွဲကြီး အတွက် ပြင်ဆင်နေကြခြင်း ဖြစ်သည်။

မဇ္ဈိမအ ထောက်တော်များက ပေးပို့သော သတင်းအရ မြေနီကုန်းတွင် လူ ၅ဝဝဝ ခန့် စုရုံးနေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင်လည်း လူ ၅ဝဝဝ ခန့် စုရုံးနေသည်ဟု သိရသည်။

1:00 PM
ရွှေတိဂုံဘုရား အရှေ့ဘက် မုဉ်ဦးတွင် ဆန္ဒပြ သံဃာတော်များကို ဆွမ်းဆက်ကပ် လှုဒါန်းနေခဲ့သည့် ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူကို ရဲများက ဖမ်းဆီးသွားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။

12:35 PM
ရုပ်ရှင်မင်းသား ကိုကျော်သူနှင့်အတူ ကိုဇာဂနာ။ စာရေးဆရာ မင်းလူ။ ရုပ်ရှင်ဒါရိုက်တာ။ စာရေးဆရာ မောင်သဏ္ဏ တို့လည်း ပါဝင်ကာ ဆန္ဒပြ သံဃာတော်များအား ဆွမ်းဆက်ကပ် လှုဒါန်းလျှက်ရှိသည်။

11:55 AM
ရုပ်ရှင် သရုပ်ဆောင် ကျော်သူနှင့်အဖွဲ့က ရွှေတိဂုံဘုရား အရှေ့ဘက်မုဉ်တွင် ဆန္ဒပြသူသံဃာတော်များကို ထမင်းထုပ်များ ဝေငှလျှက်ရှိသည်။

ဗဟန်း အထက ၂ မှ ကျောင်းသားများကို နံနက် ၉း၃ဝ နာရီတွင် ကျောင်းလွှတ်ပေးလိုက်ကာ အိမ်သို့ ပြန်ခိုင်းလိုက်သည်။

11:25 AM
ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားလာပြီးနောက် ရန်ကုန်မြို့တွင် အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းအချို့ကို ယနေ့ ပိတ်လိုက်သည်။

11:00 AM
စစ်အာဏာရှင်က အကြမ်းဖက်တော့မှာလား

စစ်အစိုးရက ဆန္ဒပြသူ သံဃာတော်များကို ရက်စက်စွာ နှိမ်နင်းလိမ့်မည် ဆိုသော စိုးရိမ်ချက်များ ထွက်ပေါ်လာနေသည်။ မြန်မာပြည်တွင်း ဆန္ဒပြမှုများ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာနေချိန်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

မဇ္ဈိမက ရရှိထားသော သတင်းအရ စစ်အစိုးရ အနေဖြင့် လိုအပ်လျှင် မျက်ရည်ယို ဓာတ်ငွေ့သုံး၍ ဖြိုခွဲလိုသော်လည်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ဓာတ်ပျက်ပြယ်သွားမှာ ဖြစ်ရာ သုံး၍ မရနိုင်သည့် အခြေအနေကြောင့် အစားထိုး အနေဖြင့် ခြင်ဆေးဖြန်းရည် ပမာဏများများ လိုက်လံ ရှာဖွေလျှက် ရှိသည်။ ရန်ကုန် မြို့တော် စည်ပင်သာယာမှ ခြင်ဆေးရည်များ မှာယူခြင်းများ လုပ်လျှက် ရှိသည်။ ခြင်ဆေး အနံ့ကြောင့် လူစု ကွဲသွားလိမ့်မည်ဟု အာဏာပိုင်များ ယုံကြည်နေသည်။

နိုင်ငံတဝှမ်း ဆန္ဒပြ သတင်းများ

3:35 PM
ရေနံချောင်းတွင် ထပ်မံ ဆန္ဒပြ

ရေနံချောင်းမြို့တွင် သံဃာတော် ၆ဝဝ ကျော်နှင့် လူ တသောင်းကျော်က ဆန္ဒပြကြသည်။

မြတ်စောညီနောင် ဘုရားမှ စတင်ထွက်သော ဆန္ဒပြသူများသည် မယကရုံး ရှေ့တွင် မေတ္တာသုတ် ၉ ခေါက် ရွတ်ဆို ခဲ့ကြသေးသည်။

“လူအုပ်ကြီးကတော့ နောက်ကနေပြီး ပိုစတာတွေ ကိုင်ပြီးတော့ လိုက်တာတော့ ရှိတယ်။ အခု ရန်ကုန်နဲ့ တိုင်ပင်လုပ်ထားတဲ့ တွေ့ဆုံ ဆွေးနွေးရေး ဒို့ အရေး၊ ကုန်းဈေးနှုန်း ကျဆင်းရေး ဒို့ အရေး၊ ဒေါ်အောင်ဆန်း စုကြည်နှင့် အကျဉ်းသားများ လွတ်ပေးရေး ဒို့ အရေး” ဟု မျက်မြင် သက်သေတဦးက ပြောသည်။

ရှမ်းပြည်မှာ တည်ငြိမ်နေသော်လည်း လုံခြုံရေး တင်းကြပ်

မြန်မာစံတော်ချိန် ၂ နာရီ ၂ဝ မိနစ် (သတင်းပေးပို့ချိန်)

ရှမ်းပြည်နယ်တွင် ယေဘူယျအားဖြင့် အေးဆေး တည်ငြိမ်လျက် ရှိပြီး လားရှိုးမြို့တွင် လုံခြုံရေးများ ချထားကြောင်း ဒေသခံ တဦးက ယခုလို ပြောဆိုသည်။

“ရှမ်းပြည်နယ် တဝိုက်မှာတော့ လောလောဆယ် တည်ငြိမ်နေပါတယ်။ ဒါပေမယ်လို့ လားရှိုးမှာတော့ လုံခြုံရေးတွေ အပြည့်ချထားတယ်။ အထူးသဖြင့် လားရှိုး မြို့တော်ခန်းမ ရှေ့မှာ အပြည့် ချထားတယ်။ မူလတန်း၊ အလယ်တန်း ကျောင်းတချို့မှာ အစိုးရ ဆန့်ကျင်စာတွေ လာကြဲချသွားတယ်လို့ ပြောတယ်။ ဒါကြောင့် ကျောင်းသား မိဘတွေကို ကျောင်းဝင်း အတွင်းဝင်ပြီး ကလေးတွေကို ထမင်းဗူးပို့၊ ကျွေးတာတွေကို တားမြစ် ထားတယ်လို့ သိရတယ်။ ကျောင်းတွေ ပိတ်တာတော့ မရှိသေးဘူး။ အားလုံးကလည်း နားစွင့်နေကြတယ်။”

သံဃာသပိတ် ဖြိုခွဲမယ့် ဦးအောင်သောင်းရဲ့ နတ်မောက်ကျောင်းက စတင်ဆန္ဒပြ

နောက်ဆက်တွဲ
(မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မိနစ် သတင်းပေးပို့ချက်)

ဒေသခံတဦးက မဇ္ဈိမသို့ ပြောပြချက်

“သံဃာ ၂၅၅ ပါးပေါ့လေ။ နတ်မောက်မြို့မှာ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်းရှိတယ်။ နယ်ကျောင်း တကျောင်း အပါအဝင် ကျောင်းတိုက် ၁ဝ ကျောင်းလုံးမှာ ရှိတဲ့ စာသင်သား အားလုံး။ စာသင်တိုက်က ၂ ကျောင်း ရှိတယ်။ ဒီပင်္ကရာ စာသင်တိုက်၊ ဖျောက်ဆိတ်ပင် စာသင်တိုက်။ ကျောင်းတိုက်တွေက တမာပင်မှာ စုတယ်။ ပြီးတော့ မြို့ထဲ လမ်းလျှောက်တယ်။ သာသနာ့ အလံတော် ကိုင်တာတွေ၊ သပိတ် ၃ လုံး မှောက်ပြီး ကိုင်တာတွေက တခြားမြို့တွေနဲ့ အတူတူပါပဲ။ လူထု ပရိသတ်က ၃ဝဝ လောက် ရှိမယ်။ အခုတော့ ပြီးသွားပါပြီ။ မနက် ၆ နာရီခွဲကနေ စတာ ၇ နာရီခွဲမှာ ငြိမ်းချမ်းစွာ ပြီးဆုံးပါတယ်။ အနှောင့်အယှက် မရှိပါဘူး။ ဓာတ်ပုံ ရိုက်တာလောက်ပဲ ရှိတယ်။

ကျနော်တို့ ဒီလို သပိတ်မှောက်တာဟာ မြို့တော် သံဃာ့ နာယကရဲ့ သဘော တူညီချက်အရ မှောက်တာပါ။ သံဃာ့နာယက ဆရာတော်ဟောင်း ဦးဉာဏ်သောဘာသ (သက်တော် ၈၈)၊ လက်ရှိ ဥက္ကဌ၊ ဒုဥက္ကဌနဲ့ အတွင်းရေးမှူးတို့ ဦးစီးပြီးတော့ လုပ်တာ။ ဆရာတော် ဘုရားကြီးက ဘာပြောလဲ ဆိုတော့ “လူတိုင်းလူတိုင်းဟာ သမိုင်းအကြွေး မကျန်အောင် မှောက်ရမယ်၊ အခု မှောက်တာဟာ နတ်မောက်မြို့ ညီညွတ်မှုတင် မဟုတ်ပါဘူး၊ သံဃာ့ ညီညွတ်မှုကို ပြတဲ့အနေနဲ့ မှောက်ရမယ်” ပြောတယ်။ တဖက် အဖွဲ့အစည်းက ဘာပြောပြော၊ လက်တုံ့ ပြန်လာရင်လည်း သီးခံရမယ်လို့ ဆရာတော်ကြီးက မိန့်ကြားတယ်။

နတ်မောက်မြို့ဟာ ဗိုလ်ချုပ်အောင်ဆန်း မွေးတဲ့မြို့ဖြစ်ပြီး ဒီကနေ့ ဆန္ဒပြပွဲမှာ အင်အား အများဆုံး ပါတာက ဝန်ကြီး ဦးအောင်သောင်း ကိုးကွယ်တဲ့ ဒီပင်္ကရာ စာသင်တိုက်ကြီး (နတ်မောက်မြို့မှာ အကြီးဆုံး ဘုန်းကြီးကျောင်း) က ဖြစ်တယ်ဗျ။

------------

ဆင်ဖြူကျွန်းမှာ ဆန္ဒပြ

(မြန်မာစံတော်ချိန် ၂ နာရီ ၁၅ မိနစ် သတင်းပေးပို့ချက်)

“ဆင်ဖြူကျွန်းမှာ မဟာသုတိသာရာမတိုက်၊ မဟာဝိဇယရာမတိုက်က သံဃာတော်အပါး ၁၅ဝ၊ ပရိသတ် ၁ဝဝဝ ကျော်၊ နေ့လည် ၁၂ နာရီခွဲကနေ စမှောက်တယ်။ မြို့လယ် ဆုတောင်းပြည့် ဘုရားမှာ တရားတွေ ရွတ်ကြတယ်။ ကျောက်ဆည် ဘုရားကနေ ရှင်ပင်မုနိ မဟာရန်ဏီ ဘုရားအထိ လျှောက်ကြတယ်။ နေ့လည် ၂ နာရီလောက်မှာ ပြီးတယ်။ အနှောင့်အယှက် မရှိ” ဟု ဒေသခံ တဦးက ပြောသည်။

3:10 PM
အောင်လံမြို့ ဆန္ဒပြ

“သာဝတီသာကျောင်းတိုက်ကနေ သံဃာတော်အပါး ၂ဝဝကျော်လောက်ရှိတယ်။ ပြည်သူတွေ အားလုံးက လိုအပ်တာတွေကို ကူညီ ဆာင်ရွက် ပေးကြပါတယ်။ ဘာလုံခြုံရေး အနှောက်အယှက် ဘာမှမရှိဘူး။ အရှေ့ရော အနောက်ရော အလယ်ရော သာသနာ့ အလံတွေ ကိုင်ပြီးတော့ ညီညီညာညာနဲ့ မေတ္တာပို့တယ်။ ပြည်သူတွေက ဘေးကနေ လက်အုပ်ချီပြီး လှူကြတမ်းကြပါပဲ။ ဖျော်ရည်တို့၊ ရေတို့ လိုက်ကပ်ပေးကြတယ်။ နောက်ကနေ ပြည်သူတွေကတော့ ငါးရာလောက်တော့ ရှိတယ်။ ရေရာတိုင်းမှာ အိမ်ပြင်ကနေ ထွက်ပြီး ကြိုကြတယ်။ နောက်ကနေ တကောက်ကောက် လိုက်နေကြတယ်။ အပြင်ထွက်ပြီး ကြိုနေကြတယ်။ သံဃာတွေက ဗိုလ်ချုပ်လမ်းအတိုင်း လျှောက်ပြီး မကျီးကုန်း ရပ်ကွက်ကိုရောက် မကျီးကုန်းကနေ မြောက်ပိုင်း ပြန်တက်သွားပြီး အခုလောလောဆယ် မြို့မဈေးမှာ ရောက်နေပြီ ပြည်သူတွေအများက အအေးတို့ အချိုရည်တို့နဲ့ လက်အုတ်ချီပြီး ကြည်ညိုကြတယ်။ အခုချိန်ထိတော် ဘာအနောက်အယှက် မရှိသေးဘူး။ ဆက်လျှောက်တုန်း ရှိသေးတယ်။” ဟု လိုက်လံ ကြည့်ရှုနေသူတဦးက မဇ္ဈိမသို့ ပြောပြသည်။

2:55 PM
ရေစကြိုတွင် ဆန္ဒပြ

“တနာရီလောက်က အောင်မြေသာယာ သူဌေးတိုက်ကနေ စထွက်တယ်။ သံဃာ အပါး ၂၅ဝ ရှိမယ် မြို့ပေါ်မှာရှိတဲ့ ကျောင်းတိုက် ၄-၅ တိုက်လောက်က အောင်မြေသာယာ သူဌေးတိုက်ပါမယ်။ မြို့မ အရှေ့အနောက် နှစ်ကျောင်းပါမယ်။ နဂါးရုံ ပါမယ်။ နောက် မစိုးရိမ် ကျောင်းတိုက် အဲဒါတွေပါတယ် ။ တောက်ဘက်အရပ် အားကစားကွင်း ရှိတဲ့ အရပ်ဘက်ကို သွားတယ်။ ဘောလုံးကွင်းနားကနေ ပါတ်ပြီးတော့ အနောက် ကံပွင့်တိုက်ကို သွားတယ်။ ကံပွင်တိုက် ဒီဘက်လမ်းကနေမှ မြောက်အတိုင်း ဗိုလ်ချုပ် အောင်ဆန်း လမ်းဘက်ကနေ မြို့ထဲကို ပြန်ဝင်သွားတယ်။” ဟု ရေစကြိုမြို့ခံ တဦးက ပြောသည်။

“အောင်မြေသာယာ ကျောင်းတိုက်က ပြည်သူတွေ စပြီးတော့ လိုက်ပါလာကြတယ်။ သံဃာတွေက နှစ်ပါးတတွဲ နှစ်ပါးတစ်တွဲ ရှေ့ဆုံး သံဃာမှာ သာသနာ့အလံ ပါတယ။် မေတ္တာပို့ ပရိတ်ရွတ်ပြီးတော့ ဒီအတိုင်းပဲ လျှောက်ကြတယ်။” ဟု သူက ထပ်ပြောသည်။

2:25 PM
ပခုက္ကူမှာ သံဃာတော် ၇ဝဝ ခန့် စတင် လှည့်လည်ပြီ

မြန်မာပြည်တွင် သံဃာတော် အရေအတွက် ဒုတိယ အများဆုံး သီတင်းသုံးရာ မကွေးတိုင်း ပခုက္ကူ မြို့တွင် ယခုအခါ သံဃာတော်များသည် ကျောင်းတိုက်ကြီးများ စုပေါင်းကာ မြို့အတွင်းသို့ စတင်၍ ဆန္ဒပြ လှည့်လည်ရန် တာစူနေပြီ ဖြစ်သည်။

သံဃာတော်တပါးက … “သံဃာတော်တွေကတော့ ထွက်သွားပြီ။ အနောက်တိုက်၊ အလယ်တိုက်၊ ဗောဓိမဏ္ဍိုင် ဆိုပြီးတော့ ထွက်သွားကြပြီ။ အခု ထွက်သွားတဲ့ သံဃာတော် လက်ရှိ အင်အားကတော့ ၇ဝဝ လောက် ရှိတယ်။ အခုကိုပဲ စထွက်ကုန်ကြတာ။ ထုံးစံအတိုင်း ပရိတ် ရွတ်ဖတ်ကြတယ်။ အခု အခြေအနေက တတိုက်နဲ့ တတိုက် လှည့်ဝင်ခေါ်နေတဲ့ အခြေအနေ ပေါ့လေ။ တိုက်ကြီး ၄ တိုက် ဆုံပြီးမှ လူတွေ ပါဝင်မှုကို သိလာရမှာ” ဟု ပြောသည်။

2:20 PM
မန္တလေးမြို့တွင် သံဃာတော် ၃ဝဝဝ ခန့်သည် ချီတက် ဆန္ဒပြလျှက် ရှိပြီး လူထု အများအပြား လိုက်ပါလျှက် ရှိသည်။

2:00 PM
ကလေးမြို့မှာ ရဟန်းနဲ့ ပြည်သူ ပူးတွဲဆန္ဒပြနေပြီ

“ကလေးမြို့မှာ သံဃာတော်တွေက မနက်ပိုင်းက မြို့ထဲမှာ လှည့်ပြီး မေတ္တာသုတ် ရွတ်တယ်။ ပြီးတော့ ဘုရားကြီးမှာ ပြန်လည် စုဝေးနေတာပေါ့။ သံဃာတော်တွေက ၆ဝဝ ကျော်လောက် ရှိနေတယ်။ ကလေး တက္ကသိုလ်က ကျောင်းသားတွေကလည်း စာမေးပွဲတွေလည်း မဖြေကြဘဲနဲ့ ဘုရားကြီးကနေ သံဃာတော်တွေနဲ့ စုပေါင်းတယ်။ အခုနေ့လည်ပိုင်း ၁ နာရီလောက်က စတာပေါ့။ တာဟန်းဘက်ကို သွားကြတာ။ ကျောင်းသားတွေရော၊ ပြည်သူတွေရော အများကြီးပဲ။ လိုက်သွားကြတာ။ ကြွေးကြော် သွားကြတယ်။ “စားဝတ်နေရေး အဆင်ပြေရေး … ဒို့အရေး၊ စစ်အာဏာရှင်စနစ် ပြတ်ကျရေး … ဒို့အရေး” ပေါ့နော်။ အဲဒါမျိုးတွေပါပဲ။ အော်သွားကြတယ်။ ထင်တာတော့ တာဟန်း ကျောင်းဘက်ကို သွားတာ ဖြစ်မယ်။ ပြန်တော့ တပတ် ပြန်ပတ်လာမယ်တဲ့” ဟု ဒေသခံ တဦးက ပြောသည်။

မုံရွာမြို့ အခြေအနေ နောက်ဆက်တွဲ

မြန်မာစံတော်ချိန် ၂ နာရီ (သတင်းပေးပို့ချိန်)

“ရွှေစည်းခုံ ဘုရားမှာ အန်အယ်ဒီကနေ သံဃာတော်တွေကို ဖျော်ရည်၊ ဇင်ဇင်း ဒိုင်ဂျင်း ဆေးကပ်လှူတယ်။ သံဃာတော်ပေါင်း ၂ဝဝဝ ကျော် ရှိတယ်။ ကျောင်းတိုက် သေးသေးလေးတွေကလည်း နည်းနည်းချင်း ထွက်နေကြတာပေါ့နော။ ဈေးသစ်နားမှာ ဆုံတာလေ။ လူထုပရိသတ်ကလည်း အတော်ကို များတယ်၊ အားပေးကြတာ။ ဈေးသစ်နားမှာ 'ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး … ဒို့အရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး … ဒို့အရေး' အော်ကြတယ်။ ကျန်တဲ့ နေရာမှာတော့ မအော်ပါဘူး။ ဘုရားတွေကို ဝင်ကြတယ်။ အခုတော့ ကျောင်းတိုက်တွေကို ပြန်ကြွ သွားကြပြီ။ အေးအေးဆေးဆေးပဲ ဘာမှ အနှောင့်အယှက် မရှိဘူး။ ဇောတိက၊ ဖုန်းစိုး၊ ပေပင်၊ ရန်ကင်း ကိုယ့်အစီအစဉ်နဲ့ ကိုယ်ပေါ့နော်။ အပါး ၇ဝ၊ ၁ဝဝ သံဃာ အုပ်စုတွေလည်း တွေ့ရတယ်။ ဈေးသစ်မှာ သွားဆုံကြတယ်ပေါ့နော်” ဟု ဒေသခံ တဦးက ပြောသည်။

1:55 PM
မုံရွာ ဆန္ဒပြပွဲ စတင်ပြီ

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ တပ်ပေါင်းစု အဖွဲ့ကြီးမှ နှိုးဆော်ထားသည့် အထွေထွေသပိတ် ဆင်နွှဲရေး သတ်မှတ်ရက်တွင် စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ သံဃာတော် အပါး ၁၅ဝ ခန့်သည် ယနေ့နံနက် ၁၁ နာရီခန့်မှ စတင်ကာ ချီတက် ဆန္ဒပြပြီ ဖြစ်သည်။

“အခု စထွက်နေပြီ။ ဇောတိကနဲ့ ဖုန်းစိုး က တွဲထွက်တာလေ။ ပေပင်ကျောင်းနဲ့ ရန်ကင်းကျောင်းကလည်း သပ်သပ်စီ ထွက်ကုန်ပြီတဲ့။ ဒါကတော့ ကြားတာ။ အရေအတွက်တော့ မသိသေးပါဘူး။ ပြည်သူတွေတော့ မပါသေးဘူးရှင့်။ ဘုန်းကြီးတွေချည်း ပါပဲ။ အားလုံးက မြောက်ဘုရား ရွှေစည်းခုံ ဘက်ကို ကြွသွားကြပါတယ်” ဟု ဒေသခံ အမျိုးသမီး တဦးက ပြောသည်။

1:45 PM
ဒိုက်ဦးမြို့ ဆန္ဒပြ

ပဲခူးတိုင်း ဒိုက်ဦးမြို့တွင် သံဃာတော်အပါး ၄ဝဝ ကျော် ပါဝင်သော ဆန္ဒပြမှု တခု ယနေ့ ထပ်မံ ပြုလုပ်ခဲ့သည်။

“မြို့အဝင်လမ်း ရောက်တဲ့အခါကျတော့ ဒီမြို့ထဲက လူတွေကနေပြီးတော့ ရေသန့်ဗူးတွေ၊ သံဃာတွေရော၊ ပြည်သူတွေရော အားလုံးကို လှူဒါန်းတယ်။ အဲဒီမြို့ အဝင်လမ်းကနေပြီးတော့ အောင်ချမ်းသာ လမ်းကနေ တောက်လျှောက် ဝင်တယ်။ အောင်ချမ်းသာ လမ်းကနေ မြို့ပတ်လမ်း မြို့ပတ်လမ်းက နေပြီးတော့ ရေကျော်လမ်းကနေပြီး ဈေးကိုဝင်တယ်။ ဈေးကနေပြီးတော့ အဲဒီ ကုန်သည်လမ်းက နေပြီးတော့ ဖောင်ဝင်းလမ်းကို ပြန်တက်ပြီးတော့ အဲဒီ ခေမာသီ ကျောင်း ရန်မျိုးအောင် ဘုရားမှာ ပြန်ပြီးတော့ ဆုတောင်း မေတ္တာ ပို့ပြီးတော့ ပြီးသွားတယ်။” ဟု လမ်းလျှောက် ဆန္ဒပြပွဲတွင် ပါဝင်သူ တဦးက မဇ္ဈိမသို့ ပြောပြသည်။

၂ နာရီကျော်ကြာ ဆန္ဒပြပွဲတွင် လိုက်ပါလာသူ ၁ဝဝဝ ခန့် ရှိခဲ့သည်ဟု သူမက ပြောသည်။

“ဈေးထဲဘက် ရောက်လို့ ရှိရင်လည်း ဈေးထဲဘက်က တချို့ ဈေးသည်တွေဆိုရင် ဈေးပန်းကြီးတွေ အကုန် ပစ်ထားခဲ့ပြီး လိုက်လာကြတယ်။ နောက်လမ်းဘေးမှာ ချရောင်းနေတဲ့ ဈေးသည်တွေကလည်း အကုန်လုံး ထားခဲ့ပြီး လိုက်ကြတာပဲ။ လူတွေကလည်း တက်တက်ကြွကြွ လိုက်ပါတယ်။ အားလုံး ဆူဆူညံညံတော့ အလုပ်ရဘူး ဆိုတာ ဆရာတော်တွေက ပြောထားတယ်လေ။ အေးအေးဆေးဆေးပဲ လိုက်ကြဖို့ ပြောတာ အားလုံးပဲ အေးအေးဆေးဆေးပဲ လိုက်ကြတယ်။” ဟု သူမက ပြောသည်။

11:25 AM
နတ်မောက်မြို့တွင် သံဃာတော်များ သပိတ်မှောက်

မကွေးတိုင်း နတ်မောက်မြို့တွင် ဘုန်းကြီးကျောင်း ၉ ကျောင်းမှ သံဃာတော် အပါး ၂၅ဝ ကျော်က ယနေ့ နံနက် ၆ နာရီခွဲမှ စ၍ မြို့တွင်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးဖွားရာ ဇာတိတွင် သာသနာ့အလံ ကိုင်ဆောင်ကာ သုံးပါးတတန်းစီ တန်းစီထားသော သံဃာတော်များသည် တမာပင်၊ ဈေးရပ်၊ မြို့မတို့ကို ဖြတ်သန်းခဲ့ရာ လူ တရာကျော်က လိုက်ပါခဲ့ကြသည်။

ဆန္ဒပြပွဲတွင် တမာပင် ကျောင်းဆရာတော်က “လူတိုင်းမှာ သမိုင်းအကြွေး မကျန်အောင် လုပ်ရမယ်။ အကြွေးတင်တာ မကောင်းဘူး။” ဟု ထဲ့သွင်း မိန့်ကြားသွားသည်။

----------------------------------------

အကြီးမားဆုံး ဆန္ဒပြပွဲကြီး ဆူးလေမှာဖြစ်ပြီ
ဆန္ဒပြသူများက တွေ့ဆုံ ဆွေးနွေးရေး တောင်းဆို
ဒေါ်စုအိမ်သွားမယ့် သံဃာတော်တွေကို ထားဆီးဖို့ လုံထိန်းတွေ ချထား
ရန်ကုန် မန္တလေး မုံရွာ မကွေး မင်းဘူး ဗန်းမော် မြစ်ကြီးနား မြို့တို့တွင် သံဃာတော်များနှင့် လူထု ဆန္ဒပြနေပြီ

စက်တင်ဘာလ ၂၃ ရက်၊ ၂၀၀၇ ခုနှစ်။

ရန်ကုန်ဆန္ဒပြ သတင်းများ

7:15 PM
ဖြိုခွင်းမှု ပြင်ဆင်ထားခြင်း လက္ခဏာ မတွေ့ရ

ရန်ကုန်တွင် မကြာခင် စစ်တပ်က ဖြိုခွင်း နှိမ်နင်းရေးများ လုပ်နိုင်သည် ဆိုသော ကောလာဟလများ ထွက်ပေါ်နေသော်လည်း လေ့လာနေသူ များ အဆိုအရ ယူနီဖောင်းဝတ် လုံခြုံရေးနှင့် စစ်သားများ သိပ်မတွေ့ရဘဲ ဆေးရုံများ အသင့်ပြင်ထားသည် ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း ပြောကြသည်။

7:05 PM
မန္တလေး-မြစ်ကြီးနား ရထားခရီးစဉ် ဖျက်သိမ်း

မန္တလေးမှ မြစ်ကြီးနားသို့ သွားမည့် မနက်ဖြန် ရထားခရီးစဉ်များ ဖျက်သိမ်းလိုက်သည်။ မြစ်ကြီးနားမြို့တွင် မကြုံစဖူး ထူးထူးကဲကဲ ဆန္ဒပြပွဲ ယနေ့ ပေါ်ပေါက်ခဲ့ရာမှ ဖျက်သိမ်းလိုက်ခြင်း ဖြစ်သည်။

6:45 PM
ရန်ကုန် ဆန္ဒပြသူများ အားလုံး လူစုခွဲလိုက်ပြီ ဖြစ်သည်။ လူစုမခွဲခင် ဆူးလေ ဆန္ဒပြသူ သံဃာတော်များက မိန့်ခွန်း ပြောကြားပေးရာတွင် ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးရန်၊ စီးပွားရေး အကြပ်အတည်း ဖြေရှင်းပေးရန် နှင့် သံဃာတော်များကို ရိုက်နှက် ဆဲရေးခဲ့သည့်အပေါ် စစ်အစိုးရ အနေဖြင့် ဝန်ချ တောင်းပန်ရန် တောင်းဆိုခဲ့သည်။

5:50 PM
ဆူးလေဘုရားဖက်သို့ စစ်ကားများ သွားရောက်နေသည်။

5:30 PM
ရန်ကုန်ဆန္ဒပြပွဲအခြေအနေ

သံဃာအပါး ၁ သောင်းကျော်နှင့် လူထု ၁ သောင်းကျော်တို့သည်ဆူးလေဘုရားသည် သမတရုံဘက်ဆင်း၊ ထို့နောက် သင်္ကန်းကျွန်း ကျိုက္ကဆံ ဘုရားဘက် ဦးတည် သွားနေသည်ဟု လေ့လာနေသူ တဦးက ပြောသည်။

အင်အား အနည်း၊ အများပေါ် မူတည်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ခွင့်ပေးမလား မပြောတတ်သေးဘူး။ မနက်တုန်းက ဆူးလေမှာတုန်းက လူရော ဘုန်းကြီးပါဆိုရင် သိန်းချီ ရှိတယ်

5:30 PM
နေအိမ် အကျယ်ချုပ် ကျခံနေရသော ဒေါ်အောင်ဆန်း စုကြည် အိမ်ရှေ့ လူ ၂ဝဝ ခန့်က စုရုံး ရောက်ရှိနေကြသည်ဟု ဒေသခံ တဦးက ပြောသည်။

ဒေါ်စုအိမ်သွားမယ့် သံဃာတော်တွေကို ထားဆီးဖို့ လုံထိန်းတွေ ချထား

ဗဟန်းမြို့ က္ကိုင်းလမ်းဆုံတွင် လုံထိန်းတပ်သား ၄ဝ ကျော်သည် ဆူးလေ ဘုရားဘက်မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသည့် တက္ကသိုလ် ရိပ်သာလမ်းရှိ နေအိမ်ဆီသို့ ကြွချီလာသည့် သံဃာတော် အပါး ၄ဝဝ ခန့်ကို တားဆီးရန် အသင့် စောင့်ဆိုင်းနေကြောင်း သိရသည်။

ဒေသခံ တဦးက …

“က္ကိုင်းမီးပွိုင့်မှာ လုံထိန်း ၄ဝ ၊ ၅ဝ လောက်ရှိတာကို တွေ့ရတယ်။ လက်နက်ကိုင်တာမျိုးတော့ လောလောဆယ် မတွေ့ရဘူး။ ထားခြင်း ထားရင်လည်း အထဲမှာ ထားနိုင်တယ်။ မီးသတ်ကား ၃-၄ စီးလောက်လည်း ရှိတယ်။ လာရင် ရေပိုက်နဲ့ ထိုးမယ် ဆိုတာမျိုး ကြားတယ် ပေါ့နော်။ ဘုန်းကြီးတွေကတော့ ဒီနေ့အတွက် ကြာပြီဆိုတော့ လှည့်ပြန်တာတွေ ရှိတယ်။ အခု ၃-၄ဝဝ လောက်ပဲ ကျန်တယ်။ လူအင်အား ဘယ်လောက်ပါတယ် ဆိုတော့ မသိသေးပါဘူး။ တောက်လျှောက်တော့ ပါလာတာပဲ။ အင်အား အနည်း၊ အများပေါ် မူတည်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ခွင့်ပေးမလား မပြောတတ်သေးဘူး။ မနက်တုန်းက ဆူးလေမှာတုန်းက လူရော ဘုန်းကြီးပါဆိုရင် သိန်းချီ ရှိတယ်ပေါ့နော်။ အခု သံဃာတော်တွေ ဘယ်နားရောက်နေပြီ ဆိုတာ အတိအကျ မသိတော့ဘူး။ ဆက်သွယ်မရ ဖြစ်နေတယ်” ဟု ပြောသည်။

4:35 PM
ဆူးလေတွင် လူပရိတ်သတ် တသောင်းကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

4:05 PM
ဆန္ဒပြ အဖွဲ့တဖွဲ့သည် သိမ်ဖြူလမ်းမှသည် ဆူးလေ ဘုရားသို့ ချီတက် သွားနေကြသည်။ လူထောင်ပေါင်း များစွာလည်း သံဃာများနှင့်အတူ နိုင်ငံရေး တောင်းဆိုချက်များ “ဒို့အရေး၊ ဒို့အရေး” အော်ကာ ချီတက် နေကြသည်။

3:40 PM
ဆူးလေမှာ သံဃာတော် အပါး ၉ဝဝဝ နီးပါးနှင့် မယ်သီလရှင် ၁ဝဝ ကျော် ဆန္ဒပြ

သံဃာတော် အပါး ၉ဝဝဝ နီးပါးနှင့် မယ်သီလရှင် ၁ဝဝ ကျော်က လူထုခေါင်းဆောင် လွတ်မြောက်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြွေးကြော်သံများဖြင့် ယခုအခါ အမေရိကန် သံရုံးရှေ့နှင့် ဆူးလေ ဘုရားတွင် စီတန်း ရောက်ရှိနေပြီ ဖြစ်သည်။

“အမေရိကန် သံရုံးရှေ့မှာ ရောက်နေပြီ။ ဘုန်းကြီးတွေက ၈ဝဝဝ နဲ့ ၉ဝဝဝ ကြားမှာ ရှိတယ်။ မယ်သီလှရှင်တွေကတော့ ၁ဝဝ ကျော်လောက် ပါတယ်။ လူတွေကတော့ သောင်းဂဏန်းလောက် ရှိတယ်။ 'အမျိုးသား ရင်ကြားစေ့ရေး … ဒို့အရေး၊ ဒေါ်အောင်ဆန်း စုကြည်နှင့် အဖမ်းဆီးခံနေရသူများ လွတ်မြောက်ရေး … ဒို့အရေး' ဆိုပြီး ကြွေးကြော်နေကြတယ်။ ဘုန်းကြီးတွေက အလယ်မှာ၊ မယ်သီလှရှင်တွေက ဘုန်းကြီးတွေရဲ့ နောက်မှာ။ လူတွေက ဘေးပတ်ပတ်လည်ကနေ လိုက်နေတာ။ အခု ကြွေးကြော်သံတွေ အော်နေကြတာ” ဟု ဆန္ဒပြပွဲတွင် လိုက်ပါလာသူ မြို့ခံတဦးက မဇ္ဈိမကို ပြောသည်။

3:35 PM
မျက်မြင်သက်သေများ ပြောပြချက်အရ မင်္ဂလာဈေးဘက်တွင် သံဃာတော်အပါး ၃ဝဝဝ ကျော် တွေ့မြင်ရပြီး အလံပြ ဘုရာလမ်းဘက်တွင် သံဃာတော် အပါး ၄ဝဝဝ ကျော် ရှိမည်ဟု ဆိုသည်။

အလံပြဘုရားလမ်းဘက်တွင် ချီတက်နေသော ဆန္ဒပြသူများတွင် သီလရှင်များလည်း ပါဝင်လာပြီး အနည်းဆုံး ၂ဝဝ ကျော် ရှိသည်ဟု သိရသည်။

ဆန္ဒပြသူများက “တွေ့ဆုံဆွေးနွေးရေး ဒို့အရေး၊ ကုန်ဈေးနှုန်း ကျဆင်းရေး ဒို့အရေး၊ ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဒို့အရေး” တို့ ကြွေးကြော် အော်ဟစ်ခဲ့ကြသည်ဟု ဆိုသည်။

လူပရိတ်သတ်လည်း ထောင်နှင့်ချီ၍ လိုက်ပါနေကြသည်။

3:20 PM
ရန်ကုန်တွင် ယနေ့ ဆန္ဒပြ သံဃာတော်များ အဖွဲ့ငယ်များ ခွဲ၍ ချီတက်မည် ဖြစ်ရာ အနည်းဆုံး ၃ ဖွဲ့ခန့် ရှိမည်ဟု သိရသည်။

3:10 PM
ဆန္ဒပြသံဃာတော် ၂ဝဝ ခန့် မြေနီကုန်းရှေ့က ဖြတ်သွား

ရန်ကုန်တိုင်း စမ်းချောင်းမြို့ရှိ မြေနီကုန်း အရပ်တွင် ယနေ့နေ့လည် ၂ နာရီခန့်က အပါး ၂ဝဝ ခန့် ပါရှိသည့် ဆန္ဒပြ သံဃာတော်များ ဖြတ်လျှောက်သွားပုံကို ခရစ်ယာန် ဝတ်ပြု ဆုတောင်းပွဲမှ ပြန်လာသူတဦးက ယခုလို ပြောပြသည်။

“ကျနော်တို့ အခုပဲ ဘုရားကျောင်းကနေ ပြန်လာတယ်။ ဘုန်းကြီး ၂ဝဝ လောက် ရှိတယ်။ လူထုတွေက ဘေးကနေ လိုက်နေတယ်။ ရေဗူးတွေ ကိုင်ပေးတယ်။ ဘယ်က စလာတယ် ဆိုတာတော့ မသိဘူး။ နေ့လည် ၁ နာရီမှာတော့ ဗားကရာလမ်းမှာ ရောက်နေတယ်။ အခုက တော်လှန်ရေး ကျောက်တိုင်ဘက်ကို သွားနေတယ်။ လူထုတွေ ၈ဝဝ လောက် ရှိတယ်။ မြေနီကုန်း မီးပွိုင့်နားမှာ။ ရှေ့မှာ ဘုန်းကြီးနှစ်ပါးက သာသနာ့အလံ ကိုင်တယ်။ သပိတ်ကို မှောက်ပြီး ကိုင်ထားတယ်။ ဆက်သွားနေတယ်။ အခု ခရစ်ယာန်တွေကိုလည်း ပါဝင်ဖို့ စာပို့တယ်။ ဘုရာကျောင်းမှာ ပြောတယ်။ အများပိုင်းကတော့ ပါဝင်ဖို့ သဘောတူကြတယ်။ ဘာသာတိုင်းကို ပြောထားတယ်တဲ့။ သနားစရာ ကောင်းတယ် ဘုန်းကြီးတွေ။ သူတို့ကိုကြည့်ပြီး မျက်ရည်ကျတဲ့ လူတွေ ရှိတယ်”

3:10 PM
ရန်ကုန်တွင် ဆန္ဒပြ သံဃာတော်များနှင့် ထောင်နှင့်ချီသော လူပရိတ်သတ် ဆူးလေဘုရားသို့ ရောက်ရှိနေသည်။

နိုင်ငံတဝှမ်း ဆန္ဒပြ သတင်းများ

4:25 PM
မန္တလေးကျောင်းတိုက်များ လမ်းကြောင်းများစွာဖြင့် ချီတက်ဆန္ဒပြ

မြန်မာပြည်၏ သံဃာအများဆုံး သီတင်းသုံးရာ မန္တလေးတွင် ကျောင်းတိုက် များစွာမှ အင်အား ထောင်ချီရှိသည့် သံဃာတော်များသည် ယနေ့တွင် ကံဆောင် ဆန္ဒပြ နေကြသည်။

မျက်မြင်တဦးက …

“ကျောင်းတိုက် အသီးသီးက ကိုယ့်လမ်းကြောင်းနဲ့ကိုယ် ထွက်ကြတာဆိုတော့ ကျောင်းတွေတောင် အကုန် မသိတော့ဘူး။ အခုဆို ဘုရားကြီးထဲကို ကျောင်းတကျောင်းက ကြွသွားပြီ။ သံဃာတော်အပါး ၁ဝဝ ကျော်လေး ရှိတယ်။ ဟိုဘက်မှာက သံဃာအပါး ၂ဝဝဝ ကျော်လောက်က ၃၅ လမ်းအတိုင်း အနောက်ကို ပြန်ဆင်းသွားပြီ။ သပိတ် ၃ လုံးကို မှောက်ပြီး ကိုင်သွားတယ်။

“မနက်ကလည်း ဘုရားကြီး အရှေ့ဘက်မုဉ်က အာနန္ဒာ ဇောင်းတန်းဘက်ကနေ ထွက်သွားတာလည်း တကြောင်း ရှိတယ်။ မြတောင်တိုက် ကလည်း ထွက်တယ်။ မြတောင်ကလည်း ဝင်သွားပြီ အပါး ၇ဝဝ ကျော်လောက် ရှိတယ်။ မြတောင်တို့၊ ခင်မကန်တို့ အကုန်ပါတယ် ပေါ့နော်။ ကိုယ့်ကျောင်းတိုက်နဲ့ကိုယ် ထွက်နေကြတာ။ တောင်ပြုန်းကဆိုရင် တူမောင်းနဲ့ မင်္ဂလာတိုက်ကနေ ထွက်တယ်။ မင်္ဂလာတိုက်ကနေ ဆိုရင် အပါး ၁ဝဝ၊ တူမောင်းတိုက်က အပါး ၁၅ဝ။ ဒီနေ့ကတော့ ရေတွက်လို့ကို မရဘူး။ ထွက်တဲ့ ကျောင်းတိုက်တွေက အများကြီး။ သူ့လမ်းကြောင်းနဲ့သူ ထွက်နေကြတာ ဆိုတော့ ကျနော် အကုန်လုံးကို လိုက်မကြည့်နိုင်ဘူး ဖြစ်နေတယ်။”

“မနက်ကတည်းက တကျောင်းနဲ့ တကျောင်းထွက်တာ သူ့အစီအစဉ်နဲ့သူ၊ သူ့လမ်းကြောင်းနဲ့သူ။ အခုဆို ဒီကျောင်းတိုက်ဆိုရင် ဘယ်ကျောင်းတိုက်ကလည်း မသိဘူး။ သူက ဘယ်က ကြွလာသလဲ ဆိုရင် ၈၄ လမ်း ဈေးချိုဘက်က ကြွလာတာပေါ့နော်။ အခု ဘုရားကြီးကို ဝင်သွားပြီ။ ပြည်သူတွေက အများကြီး နောက်က လိုက်တာတော့ မရှိဘူး။ ၃၅ လမ်းဘက်မှာ ဆိုရင်တော့ အုံနဲ့ကျင်းနဲ့ လိုက်တာတော့ ရှိတယ်” ဟု ပြောသည်။

4:00 PM
မြစ်ကြီးနားမှာ သံဃာအပါး ၃ဝဝ ဆန္ဒပြ

ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနားတွင် ပထမဆုံး အကြိမ်အဖြစ် သံဃာတော် အပါး ၃ဝဝ ကျော်သည် ယနေ့ နေ့လည်ပိုင်းက မြို့အတွင်း လမ်းလျှောက် ဆန္ဒပြကြကြောင်း သိရသည်။

“တပ်ကုန်းကျောင်းတိုက် ဦးဆောင်ပြီး မယက ရုံးဈေးဘက်ပေါ့၊ လာတယ်။ အောင်ဆန်း လမ်းမကြီး အတိုင်းပေါ့။ အပါး ၃ဝဝ ကျော်တယ်။ လူထုက နောက်က လိုက်ကြည့်ကြတယ်။ လူထု ၁ဝဝဝ ကျော်တယ်။ ဈေးဘက်က ဖြတ်လာပြီး သာသနာ့ ဗိမာန်ဘက်က လာတယ်။ နာရီစင်ကနေ ပန်းခြံဘက်က လာတယ်။ အာဏာရှင်ဘက်ကတော့ အရပ်ဝတ်နဲ့ လိုက်ကြည့်တယ်ပေါ့။ နှောင့်ယှက်မှုတော့ မရှိဘူး။ ဒါပေမဲ့ ရဲမင်းကြီးကတော့ လမ်းပိတ်ဖို့ ပြောတယ်။ ဘယ်သူမှ မပိတ်ပေးကြဘူး။ ၁၁ နာရီမှာ စပြီး လျှောက်တယ်။ ၂ နာရီလောက်မှာ ပြီးတယ်။ ကျောင်းတိုက်တွေ အားလုံး ပါတယ်။ မြစ်ကြီးနား မြို့ပေါ်ကပဲ။ မနက်ဖြန် လုပ်ဖို့လည်း ရှိတယ်လို့ ပြောတယ်။ လူထုတွေက စိတ်ဝင်စားမှု ရှိပါတယ်” ဟု မြစ်ကြီးနား မြို့သားက ပြောသည်။

3:55 PM
မကွေးနှင့် မင်းဘူးတွင် ဆန္ဒပြ

မကွေးတိုင်း မကွေးနှင့် မင်းဘူးမြို့များတွင် သံဃာတော် ၂၅ဝ ခန့် က ယနေ့ နံနက် ၅ နာရီခန့်မှ မြို့ထဲသို့  စတင် ဆန္ဒပြခဲ့ကြကြောင်း မျက်မြင် သက်သေများ အပြောအရ သိရသည်။

အောင်မြေရတနာ၊ ပြည်တော်သာ၊ ဘုရားသုံးဆူ၊ ရတနာရာမ ကျောင်းတိုက်များမှ သံဃာတော် ၂ဝဝ က သုံးပါး တတန်းစီ တန်းစီပြီး ရှေ့ဆုံးတွင် အလံကိုင်ဆောင်ကာ မေတ္တာသုတ် ရွတ်ဆို ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

“ကျောင်းသားတွေ ပြည်သူတွေ ပါလာပါတယ်။ အန္ဒိယ အမျိုးသားတွေ၊ တရုတ် အမျိုးသားတွေလည်း ပါလာပါတယ်။ ဘေးကနေပြီးတော့ ဆိုင်ကယ်တွေ စက်ဘီးတွေနဲ့ လိုက်လံပြီးတော့ ပါတဲ့ ပရိတ်သတ်တွေလည်း ရှိပါတယ်။ နောက်တချို့လူတွေ ဆိုရင် သံဃာတော်တွေ နောက်ကနေပြီးတော့ ဖိနပ်တွေ ချွတ်ပြီးတော့ လိုက်ကြတယ်။ သံဃာတော်တွေက ဖိနပ်ချွတ်ပြီးတော့ သွားပါတယ်။ အထူးသဖြင့် ဒီရေသန့်ဗူးတွေ ငှက်ပျော်သီးတွေကို လှူတာကို သံဃာတော်တွေက လက်မခံပါဘူး။ အဲဒီမှာ အမေအိုကြီးတွေ အဘိုးအိုတွေကနေပြီးတော့ မျက်ရည် ကျပြီးတော့ ရှစ်ခိုးနေတာကိုလည်း တွေ့ရတယ်။” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် ဦးမြင့်ဦးက မဇ္ဈိမ သို့ ပြောသည်။

“သံဃာတော်တွေ အင်မတန်မှ စည်းကမ်းရှိတယ် သံဃာတော်တွေ အင်မတန် ညီညွတ်တာကို တွေ့ရတယ်။ ဒါကြောင့် ဒီသံဃာတော်တွေဆီက ရရှိတာကကို ကျနော်တို့ နိုင်ငံရေးသမားတွေ ဘက်က တွေ့ရတယ်။ ဒါကြောင့် သံဃာတော်တွေဟာ သံဃာ စည်းကမ်းနဲ့ ညီညွတ်ခြင်းနဲ့ သံဃာတာဝန်တွေ သံဃာတော်တွေရဲ့ မေတ္တာ၊ ဂရုဏာ၊ စေတနာတော်တွေကို ပြသလိုက်ခြင်းပဲ ဖြစ်ပါတယ်။” ဟု သူက ထပ်ပြောသည်။

မင်းဘူးမြို့နယ် အမှတ် (၁) ရပ်ကွက်တွင်ရှိသော အောင်မြေရွှေကျင် မြတ်ကာရ ကျောင်းတိုက်မှ သံဃာတော် အပါး ၄ဝ ခန့်သည်လည်း ယနေ့ နံနက် ၅ နာရီခန့်၌ မြို့ထဲ၌ အလံကို ကိုင်းဆောင်ထားပြီး လမ်းလျှောက် မေတ္တာပို့ ခဲ့ကြသည်ဟု မျက်မြင် သက်သေများ အဆိုအရ သိရသည်။

2:55 PM
မုံရွာမြို့တွင် သံဃာအပါး ၅ဝ ဆန္ဒပြ

စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ သံဃာတော်များ၏ စတုတ္ထနေ့မြောက် ကံဆောင် သပိတ်မှောက်ပွဲကို ယနေ့ နေ့လည် ၁၂ နာရီခွဲ အချိန်က ရုံးကြီးရပ်ကွက် အတွင်းရှိ ဘုန်းကြီးကျောင်း တိုက်ငယ်များမှ သံဃာတော် အနည်းဆုံး အပါး ၅ဝ ကျော်ဖြင့် စတင် ချီတက်နေကြောင်း သိရသည်။

“သံဃာတော်တွေက ဖိနပ် စီးမထားဘူးဗျ။ နှစ်ပါး တတွဲစီပဲ။ ထုံးစံအတိုင်း ဆုတောင်းပြည့်၊ ရွှေစည်းခုံထဲ ဝင်ပြီး ဝတ်ပြုတယ်။ လမ်းမှာလည်း ကံဆောင် ပရိတ်ရွတ်တယ်ပေါ့နော်။ အနှောင့်အယှက်ကတော့ မရှိပါဘူး။ ဒါပေမဲ့ အရပ်ဝတ် ရဲနဲ့ စွမ်းအားရှင်ထဲက တချို့ကတော့ လမ်းဆုံ လမ်းဂွတွေမှာ ရှိတယ်။ နည်းနည်းပါပဲ။ မထင်မရှား ရပ်ပြီး တနေရာရာကို ဖုန်းဆက်တာမျိုး တွေ့ရတယ်။ ဘယ်ကို သတင်းပို့လည်း မပြောတတ်ဘူး” ဟု မုံရွာရှိ မျက်မြင် တွေ့ရှိသူ တဦးက ပြောသည်။

1:25 PM
မန္တလေးတွင် ဆန္ဒပြ

မန္တလေးတွင် တတိယမြောက်နေ့ အဖြစ် သံဃာတော်များက ဆက်လက် ဆန္ဒပြနေကြသည်။

ရှေ့ဆုံးတန်းတွင် သာသနာ့အလံ ကိုင်ဆောင်ထားသော မစိုးရိမ် ကျောင်းတိုက်မှ သံဃာတော် အပါး ၆ဝဝ ခန့်က ယနေ့ နံနက် ၁၁ နာရီ ကျော်တွင် စတင် ဆန္ဒပြနေကြခြင်း ဖြစ်သည်။

“ခုနပဲ အပါး ၆ဝဝ လောက် အိမ်ရှေ့က ဖြတ်သွားတယ်။ အခု အလွန်ဆုံး ရှိရင် တထိုင်မေးလောက်ပဲ ရှိမယ်။ ၈၄ လမ်း ဗိုလ်ချုပ် အောင်ဆန်းလမ်း ရှေ့ကနေ ဖြတ်သွားတယ်။ ရှေ့ဆုံးက ကိုယ်တော်က သံဃာ့အလံ ကိုင်ထားပြီး လျှောက်တာ။” ဟု မန္တလေးမြို့ခံ တဦးက မဇ္ဈိမ သို့ ပြောပြသည်။

1:25 PM
ကချင်ပြည်နယ် ၊ ဗန်းမော်မြို့မှာလည်း သံဃာတော်များဆန္ဒပြ

“ဒီမနက် ၆ နာရီမှာ စပြီး လျောက်တယ်။ အပါး ၁ဝဝ အနည်းဆုံး ရှိတယ်။ ဗန်းမော်မှာ ရှိတဲ့ ကျောင်းတိုက်တွေ ပေါင်းပြီး လုပ်တာပါ။ အစိုးရဘက်ကတော့ နှောက်ယှက်တာတော့ မရှိဘူး။ ၆ နာရီက စတယ် ၈နာရီမှာ ရပ်လိုက်တယ်။ အေးဆေးပါပဲ။ လူထုတွေလည်း လိုက်တဲ့လူက လိုက်တယ်။ အားပေးတာပေါ့။” ဟု မြို့ခံတဦးက မဇ္ဈိမသို့ ပြောသည်။

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates