မြန်မာပြည်ရဲ့ ရွှေဝါရောင်တော်လှန်ရေး စတင်ပြီ၊
အနှစ် ၂ဝ အတွင်း အကြီးမားဆုံး
ခြင်ဆေး အားကိုးဖို့ ပြင်တဲ့ အာဏာရှင်
ရန်ကုန် မန္တလေး နတ်မောက် ဒိုက်ဦး မုံရွာ ကလေး ရေစကြို စစ်တွေ ပခုက္ကူ အောင်လံ ဆင်ဖြူကျွန်း ရေနံချောင်း မိုးကုတ် မော်လမြိုင် ကွမ်းခြံကုန်း တောင်တွင်းကြီး မြစ်ကြီးနား တို့တွင် ဆန္ဒပြနေပြီ
မဇ္ဈိမ သတင်းဌာနမှ အချိန်နှင့် တပြေးညီ ထုတ်လွှင့်ပေးနေသည်။
စက်တင်ဘာလ ၂၄ ရက်၊ ၂၀၀၇ ခုနှစ်။
6:45 PM
ရန်ကုန်ဆန္ဒပြသူများ လူစုခွဲလိုက်ပြီဟု သိရသည်။
အာဏာပိုင်များဘက်ကတော့ ဒေါ်အောင်ဆန်း စုကြည် အိမ်ရှေ့လမ်းတွင် ထိပ်နှစ်ဖက်လျှင် မီးသတ်ကား ၂ စီးစီ ချထားပြီး လုံထိန်း တပ်ဖွဲ့များ ကလည်း ဒိုင်း၊ ဒုတ်များ ကိုင်ဆောင်ထားပြီး စောင့်ဆိုင်းနေသလို စွမ်းအားရှင်များကိုလည်း အင်အား ဖြည့်ထားသည်။
“ဆူးလေဘုရားကနေ ထောင်တက်လာပြီးတော့ နောက်ဆုံး ဒီယုဇနပလာဇာ မင်္ဂလာဈေးဘက်ကို လာတယ်။ အဲကနေ ဆက်တက် သွားပြီးတော့ ကိုယ်စီ လမ်းခွဲပြီးတော့ သိမ်းလိုက်ကြပြီပေါ့နော်။ အရင်တာမွေ သင်္ကျိုင်းဘက်ကို ကျိုက္ကဆံဘက်ကိုလေ ချီတက်သွားပြီးတော့ တဖြည်းဖြည်းနဲ့ လူစု ခွဲလိုက်ကြတယ်။ ကမ္ဘာအေး ဘုရားလမ်း တစ်လျှောက်မှာ ကျနော်တို့ ပြန်လာတဲ့  သံဃာတွေပြန်ပြီး မြောက်ဥက္ကလာ ဘက်ကို ပြန်ကြွလာတာ တွေ့ရတယ်ဆိုတော့ မြို့ထဲမှာ သွားတဲ့ အဖွဲ့က မြို့ထဲမှာ သိမ်းတာနဲ့ တူတယ်ပေါ့နော်။ ဒီနေ့ အတွက်တော့ အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားပြီပေါ့လေ။” ဟု စောင့်ကြည့် လေ့လာ နေသူတဦးက ပြောပြသည်။
ရန်ကုန် ဆန္ဒပြမှုတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဇိုမီး အမျိုးသား ကွန်ကရက်ပါတီမှ ပူးကျင်ရှင်းထန်လည်း ပါဝင်သည်။
အမျိုးသား ဒ်ီမိုကရေစီ အဖွဲ့ချုပ်ဝင်များလည်း ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။
5:25 PM
ရန်ကုန်တွင် ဆန္ဒပြ အဖွဲ့ကြီး ၄ ဖွဲ့ခွဲကာ ချီတက် နေခဲ့ကြသည်။
“အခုလောလောဆယ် တဘက်က ကမ္ဘာအေး ဘုရားဘက်ကို တဘက်သွားတယ်။ တစ်ဘက်က အင်အားက ၂ သိန်းကျော် ရှိတယ်။ ပြည်သူတွေရော၊ ကျောင်းသားတွေရော၊ သံဃာတော်တွေရော အကုန်လုံးပေါ့နော်၊ နောက် အင်အား အဲလောက်ရှိတဲ့ တဘက်ကလည်း ဆူးလေကနေပြီးတော့ ယုဇနပလာဇာ ဘက်ကို ထောင်တက်သွားတယ်။ ကျန်တဲ့ အဖွဲ့တွေလည်း ရှိသေးတယ်။ စုစုပေါင်း ဒီနေ့ကတော့ လေးကြောင်းလောက် ထွက်တယ် ပေါ့နော်။” ဟု အနီးကပ် လေ့လာသူ တဦးက ပြောသည်။
“လုံခြုံရေးတွေကတော့ သိပ်ပြီး အနေအထားကတော့ မဖြစ်ထားဘူး။ ပုံမှန် အတိုင်းလောက်ဘဲ ရှိတယ်။ ဓါတ်ပုံ ရိုက်တာတွေ ကတော့ ရှိတာ ပေါ့လေ။ ဒေါ်အောင်ဆန်းစုကြည် ရှေ့မှာကတော့ အင်အားတော်တော်များတယ်။ ရဲတွေရော၊ မီးသတ်ကားနှစ်စီး ချထားတယ်။ နောက်ပြီး တော့ ရဲကား နှစ်စီးချထားတယ်။ ဟို ကွန်မန်ဒို အဖွဲ့တဖွဲ့လည်း ချထားတယ်။ ရဲအင်အား အပြည့် ချထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ရှေ့မှာကတော့။” ဟု သူက ထပ်ပြောသည်။
4:40 PM
လူ ၅ သောင်းကျော် ပါဝင်သော ဆန္ဒပြအဖွဲ့သည် တာမွေမြို့နယ်သို့ ရောက်ရှိနေကြသည်။ “ဒီမိုကရေစီ ရရှိရေး ဒို့အရေး” ဟူသော ကြွေးကြော် သံများ တိုင်သွားကြသည်။
4:10 PM
ဆူးလေဘုရား လမ်းပေါ်တွင် စုရုံး ဆန္ဒပြနေသူ လူသောင်းပေါင်း များစွာသော ဆန္ဒပြ လူထုကြီးသည် ဗိုလ်တထောင် ဘုရားဘက် ရွှေ့သွားနေ သည်။ မျက်မြင်များ အဆိုအရ လူတသိန်းကျော်အထိ ရှိနိုင်မည်ဟု သိရသည်။
4:05 PM
မြန်မာစံတော်ချိန် ၃ နာရီခွဲ
လူ ၅ သောင်းပါ ရန်ကုန်ဆန္ဒပြ စစ်ကြောင်းတခုသည် လှည်းတန်း လမ်းဆုံမှသည် ကမ္ဘာအေး ဘုရားဘက်သို့ ချီတက်သွားနေရာ ပြည်လမ်း ၆ မိုင်ခွဲကို မကြာမီက ဖြတ်သွားကြောင်း လိုက်လံ ကြည့်ရှုနေသူ တဦးက ပြောသည်။
2:45 PM
သမတရုံမှသည် ဆူးလေအထိ ဆူးလေ လမ်းမကြီးပေါ်တွင် ဆန္ဒပြသူများ ပြည့်နှက်နေသည်။ လူပေါင်း ၅ သောင်းခန့် ရှိမည်ဟု မျက်မြင် များက ခန့်မှန်း ပြောကြသည်။ မဇ္ဈိမက သတင်းယူနေချိန်တွင် လူအများ၏ လက်ခုတ်သံများကို ကြားနေရသည်။
2:00 PM
ရုပ်ရှင်သရုပ်ဆောင် ကိုကျော်သူ အဖမ်းခံရသည် ဆိုသော သတင်းများ ထွက်ပေါ်နေသော်လည်း မဟုတ်မှန်ကြောင်းနှင့် ရွှေတိဂုံ ဘုရား ဆွမ်းလှူဒါန်းပွဲတွင် ရှိနေပါသည်ဟု နောက်ဆုံးသတင်း ရရှိသည်။
1:50 PM
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်တော့မည်
၁၉၉ဝ ခုနှစ် ရွေးကောက်ခံ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ယနေ့ ရန်ကုန် ဆန္ဒပြပွဲတွင် ပါဝင်မည်ဟု နိုင်ငံရေး သတင်းရပ်ကွက်အရ သိရသည်။
အမျိုးသား ဒီမိုကရေစီ ရုံးချုပ်ရှေ့တွင် ဆန္ဒပြ သံဃာများနှင့် လူအများအတွက် ရေ၊ ဆေးများ ဝေငှမှာ ဖြစ်သည်။
ဆူးလေဘုရား အနီး သံဃာတော် တပါးက ငြိမ်းချမ်းရေးဖခင် ဆရာကြီး သခင် ကိုယ်တော်မှိုင်း ပုံများ လမ်းသွား လမ်းလာများကို ဝေငှ နေသည်ကို မဇ္ဈိမ အထောက်တော်များ တွေ့မြင်ကြရသည်။
1:45 PM
သံဃာတော်အပါး ၄ဝဝ ခန့်ရှိသော ဆန္ဒပြ အဖွဲ့ငယ်တခု ရေတာရှည် လမ်းမှသည် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်သို့ သွားရောက် ပူးပေါင်းနေသည်။
1:40 PM
ရန်ကုန်ဆန္ဒပြပွဲ အဆင်သင့်ဖြစ်
ရန်ကုန်တွင် ဆန္ဒပြ သံဃာများနှင့် လူအများအပြား အဖွဲ့များခွဲကာ စုဝေးလျှက် ရှိသည်။ နေ့လည် ၁ နာရီတွင် စတင်မည့် ဆန္ဒပြပွဲကြီး အတွက် ပြင်ဆင်နေကြခြင်း ဖြစ်သည်။
မဇ္ဈိမအထောက်တော်များက ပေးပို့သော သတင်းအရ မြေနီကုန်းတွင် လူ ၅ဝဝဝ ခန့် စုရုံးနေသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးရှေ့တွင်လည်း လူ ၅ဝဝဝ ခန့် စုရုံးနေသည်ဟု သိရသည်။
1:00 PM
ရွှေတိဂုံဘုရား အရှေ့ဘက် မုဉ်ဦးတွင် ဆန္ဒပြ သံဃာတော်များကို ဆွမ်းဆက်ကပ် လှုဒါန်းနေခဲ့သည့် ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူကို ရဲများက ဖမ်းဆီးသွားသည်ဟု သတင်းများ ထွက်ပေါ်နေသည်။
12:35 PM
ရုပ်ရှင်မင်းသား ကိုကျော်သူနှင့်အတူ ကိုဇာဂနာ။ စာရေးဆရာ မင်းလူ။ ရုပ်ရှင်ဒါရိုက်တာ။ စာရေးဆရာ မောင်သဏ္ဏ တို့လည်း ပါဝင်ကာ ဆန္ဒပြ သံဃာတော်များအား ဆွမ်းဆက်ကပ် လှုဒါန်းလျှက်ရှိသည်။
11:55 AM
ရုပ်ရှင် သရုပ်ဆောင် ကျော်သူနှင့်အဖွဲ့က ရွှေတိဂုံဘုရား အရှေ့ဘက်မုဉ်တွင် ဆန္ဒပြသူသံဃာတော်များကို ထမင်းထုပ်များ ဝေငှလျှက်ရှိသည်။
ဗဟန်း အထက ၂ မှ ကျောင်းသားများကို နံနက် ၉း၃ဝ နာရီတွင် ကျောင်းလွှတ်ပေးလိုက်ကာ အိမ်သို့ ပြန်ခိုင်းလိုက်သည်။
11:25 AM
ဆန္ဒပြပွဲများ ဆက်တိုက် ဖြစ်ပွားလာပြီးနောက် ရန်ကုန်မြို့တွင် အလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းအချို့ကို ယနေ့ ပိတ်လိုက်သည်။
11:00 AM
စစ်အာဏာရှင်က အကြမ်းဖက်တော့မှာလား
စစ်အစိုးရက ဆန္ဒပြသူ သံဃာတော်များကို ရက်စက်စွာ နှိမ်နင်းလိမ့်မည် ဆိုသော စိုးရိမ်ချက်များ ထွက်ပေါ်လာနေသည်။ မြန်မာပြည်တွင်း ဆန္ဒပြမှုများ အရှိန်အဟုန်ဖြင့် ဖြစ်ပေါ်လာနေချိန်တွင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
မဇ္ဈိမက ရရှိထားသော သတင်းအရ စစ်အစိုးရ အနေဖြင့် လိုအပ်လျှင် မျက်ရည်ယို ဓာတ်ငွေ့သုံး၍ ဖြိုခွဲလိုသော်လည်း မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ဓာတ်ပျက်ပြယ်သွားမှာ ဖြစ်ရာ သုံး၍ မရနိုင်သည့် အခြေအနေကြောင့် အစားထိုး အနေဖြင့် ခြင်ဆေးဖြန်းရည် ပမာဏများများ လိုက်လံ ရှာဖွေလျှက် ရှိသည်။ ရန်ကုန် မြို့တော် စည်ပင်သာယာမှ ခြင်ဆေးရည်များ မှာယူခြင်းများ လုပ်လျှက် ရှိသည်။ ခြင်ဆေး အနံ့ကြောင့် လူစု ကွဲသွားလိမ့်မည်ဟု အာဏာပိုင်များ ယုံကြည်နေသည်။