Monday, January 28, 2013

ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ၂၀၁၅ ခုနှစ်အတွင်း အပြီးသတ်ဆောင်ရွက်မည်

စောဇင်ညီ | တနင်္လာနေ့၊ ဇန်နဝါရီလ ၂၈ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၀၃ မိနစ်

ရန်ကုန် (မဇ္ဈိမ)။    ။ ပြည်တွင်းငြိမ်းချမ်းရေးကို ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း
ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းမှ ဇန်န၀ါရီလ ၂၇နေ့တွင် မြန်မာ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး စင်တာ၌ ပြုလုပ်သည့် အရပ်ဖက် လူမှု အဖွဲ့အစည်းများနှင့် တွေ့ဆုံပွဲတွင် ပြောခဲ့သည်။

“ ၂၀၁၅ ရွေးကောက်ပွဲ ကျရင် ပြည်သူတွေ ရွေးချယ်ပေးလိုက်တဲ့ ဒီမိုကရေစီ အစိုးရတရပ် တက်လာမယ်၊ အဲဒီအစိုးရအတွက် ဒီပြသနာတွေ မထားခဲ့ချင်ဘူး။ အဲဒီအစိုးရအဖွဲ့ဟာ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရမှာ အများကြီးရှိတယ်” ဟု ဦးအောင်မင်းက ပြောခဲ့သည်။

ထိုသို့ ပြောရခြင်းမှာ ယခုတက်လာသည့် ဒီမိုကရေစီ အစိုးရသည် ပထမဆုံး အစိုးရဖြစ်သဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းများအား ဦးစွာဆောင်ရွက်ရမည် ဖြစ်ကြောင်း ထိုမှသာ နောင်တက်လာမည့် အစိုးရသည် တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းများအား ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ၀န်ကြီးမှ ဆိုသည်။

ဝန်ကြီး၏ ပြောကြားချက်ကို ကချင်ပြည်နယ် အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်အောင် က ငြိမ်းချမ်းရေး လုပ်ဆောင်ချက်များမှာ နှေးကွေးသည့် အပိုင်းတွေ ဖြစ်ပြီး ထိုးစစ်ရပ်ကာ အမှန်တကယ်
ဆွေးနွေးရန် လိုသည်ဟု မဇ္စျိမကို ပြောသည်။

“လုပ်ဆောင်ချက်အပေါ် မူတည်ပါတယ်။ အမှန်တကယ် သဘောထား ဖြူဖြူစင်စင်နဲ့ ငြိမ်းချမ်းရေး လုပ်ချင်ရင်တော့ ၂၀၁၅အထိတောင် မလိုပါဘူး။ ၂၀၁၃မှာတောင် ပြတ်နိုင်ပါတယ်။ လက်နက်မချ ရင်တော့  ဆော်မယ်ဆိုတဲ့  မူကြီးပဲ ထားလို့ မဖြစ်ဘူးပေါ့ ။သဘောထား ကြီးနိုင်ရင်တော့ ယုံကြည်မှုတွေ ရလာမှာပါ။” ဟု ၎င်းက သူ့အမြင်ကို ပြောပြသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ၀န်ကြီးများ ဖြစ်ကြသည့် ဦးအောင်မင်း ၊ ဦးစိုးသိန်းနှင့် ဦးခင်ရီတို့ တက်ရောက်ကာ အရပ်ဖက် လူမှု အဖွဲ့အစည်း ၄၆ ဖွဲ့နှင့် အပြန်အလှန် မေးမြန်း ဆွေးနွေးမှုများ
ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေး ဖော်ဆောင်မည့် လုပ်ငန်းစဉ်များတွင် မကြာခင် ပါဝင်လာမည် ဖြစ်ကြောင်း ပြည်ထောင်စု ၀န်ကြီးများ၏ ပြောကြားချက်အရ သိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂလို အဖွဲ့အစည်းမျိုးတွေ ပါဝင်လာဖို့ လိုကြောင်းနှင့် ၎င်းတို့ ပါဝင်လာလျှင် ယုံကြည်မှုပိုတိုးလာနိုင်သည်ဟု ဦးဆန်အောင်က ပြောသည်။

၎င်းက “ အခုပာာက မယုံကြည်လို့  အချင်းချင်း သံသယဖြစ်နေတာ ခက်တာပေါ့ ။ KIA  ဘက်က သံသယရှိတဲ့ အတိုင်း အမှန်တကယ်ဘဲ ဖြစ်လာတယ်ဆိုတော့ ငြိမ်းချမ်းရေးဖော်ဆောင်သူတွေအနေနဲ့  အာမခံပေးဖို့ လည်းခက်နေတယ် ” ဟု မဇ္ဈိမသို့ ပြောသည်။

ယခုအချိန်တွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် KIA , KIO အဖွဲ့တို့နှင့်သာ ကျန်ရှိပြီး နိုင်ငံရေးအရ
ဆွေးနွေးပွဲများ ပြုလုပ်ရန် အဆိုပါ အဖွဲ့များမှ ချိန်းဆိုသည့် အချိန်အား စောင့်မျှော်လျှက် ရှိသည် ဟု ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်းမှ ပြောခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates