Wednesday, December 12, 2012

အစိုးရ မလိုက်လျောပါက မုံရွာ သံဃာတော်များ နေ့စဉ်ဆန္ဒပြမည်ဟု ဆို

နေမျိုး | ဗုဒ္ဓဟူးနေ့၊ ဒီဇင်ဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၂၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။   ။ လက်ပံတောင်းတောင် သပိတ် ဖြိုခွင်းရာ၌ ထိခိုက်ဒဏ်ရာ ရခဲ့သည့် သံဃာများအား နိုင်ငံတော် သမ္မတနှင့် အစိုးရအဖွဲ့က ဝန်ချတောင်းပန်မှု မပြုမချင်း နေ့စဉ်ရက်ဆက် ဆန္ဒပြမည်ဟု ထုတ်ပြန်ကြေညာလိုက်သည်။

ဗုဒ္ဓဟူးနေ့တွင် မုံရွာမြို့မှ သံဃာ အပါး တထောင်ခန့်နှင့် ပြည်သူများက စတင် ဆန္ဒပြနေကြပြီဖြစ်ကြောင်း ရွှေကျင်ဓမ္မာရုံ ကျောင်းတိုက်မှ ဦးပဉ္စင်း ဥူးဉာနဂ္ဂ က မိန့်ဆိုသည်။

“အခုလက်ရှိ အခြေအနေအရ သာစည်လမ်းဘက်မှာ နှစ်ဖွဲ့ ပေါင်းမိသွားပြီ။ မြင်းမူ လမ်းဘက်ကို ချီတက်နေပါတယ်။ အားပေးတဲ့ ပြည်သူတွေလည်း ဆိုင်ကယ်အစီး ၂၀၀ လောက် လိုက်ပါလာတယ်။ အာဏာပိုင် လုံခြုံရေးက နှောက်ယှက်တာ မရှိပါဘူး” ဟု မိန့်ဆိုသည်။

ဒီဇင်ဘာ ၁၂ ရက် နေ့စွဲဖြင့်ပင် စစ်ကိုင်းတိုင်း အစိုးရ၏ သံဃာတော်များအား ပြန်ကြားလျှောက်ထားစာတခု ထုတ်ပြန်ပြီး မုံရွာမြို့ ကျောင်းတိုက် အသီးသီးသို့ အာဏာပိုင်များက ပေးပို့ခဲ့ကြောင်း သိရသည်။

ထိုစာထဲတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ‘သီတင်းသုံးခဲ့သည့် ကျောင်းနှင့် စေတီအား အကောင်းဆုံး ဖြစ်အောင် ထိန်းသိမ်းပေးမည်’ ဟု သမ္မတ က ပြန်ကြားထားကြောင်း ဖော်ပြထားသည်။

သို့သော် ယနေ့ ဆန္ဒပြပွဲများမှာ အကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်၍ သံဃာထု တရပ်လုံးအား နိုင်ငံတော်အစိုးရအနေနှင့် ပြည်ထောင်စုအဆင့် ဝန်ချတောင်းပန်ရန် ဖြစ်သည်ဟု ကြေညာချက်က ဆိုသည်။

“ဟိုနေ့ညက လက်ပံတောင်းမှာ သပိတ်စခန်းဖွင့်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြတာကို အကြမ်းဖက် ဖြိုခွင်းတာကို မကျေနပ်လို့၊ သံဃာထုကို တောင်းပန်ဖို့ ဆန္ဒပြနေတာပါ” ဟု ဦးပဉ္စင်း ဥူးဉာနဂ္ဂ က မိန့်ဆိုသည်။

ကြေးနီစီမံကိန်းအား ဒေသခံများနှင့် ပြည်သူတရပ်လုံးက ကျေနပ်လက်ခံအောင် ဆောင်ရွက်ပေးရန်လည်း တောင်းဆိုထားသည်။

အကြမ်းဖက် နှိပ်နင်းမှုတွင် ပါဝင်ပတ်သက်သော ပုဂ္ဂိုလ်များအား ထိရောက်စွာ အရေးယူပေးရန်နှင့် ဖမ်းဆီးထားသူများကိုလည်း ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေး၇န် တောင်းဆိုထားပြီး ထိုတောင်းဆိုချက်များကို လိုက်လျောဆောင်ရွက်ပေးခြင်းမရှိပါက နေ့စဉ်ရက်ဆက် ဆန္ဒပြသွားမည်ဟုလည်း မုံရွာသံဃာများက အသိပေးလိုက်သည်။

သံဃာတော်များအားမီးလောင်၍ ထိခိုက်ဒဏ်ရာရရှိနေမှုကို နိုင်ငံတော် သံဃာ့မဟာနာယက ဆရာတော်များအနေဖြင့် “အစိုးရအား ရှုတ်ချကြောင်း စာတစောင် ထုတ်ပေးပါရန်” လည်း မုံရွာသံဃာများက လျှောက်ထားလိုက်သည်။

သမ္မတကြီး ဦးဆောင်သည့် အစိုးရ အဖွဲ့မှ ၂ဝ၁၂ ခုနှစ်၊ ၁၂ လပိုင်း၊ ၁၂ ရက်နေ့ မွန်းတည့် ၁၂ နာရီ အချိန်ထိ တောင်းပန်ခြင်း မရှိ၍ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူမြို့များတွင်လည်း သံဃာတော်များ၊ ပြည်သူများက စီတန်းလှည့်လည် ဆန္ဒပြလျက်ရှိသည်။ 

နှစ်စဉ် နတ်တော် လဆန်းတွင် ကျင်းပလေ့ရှိသည့် သံဃာတော် ထောင်ချီ၍ ပါဝင်ဖြေဆိုသော မုံရွာခရိုင် ၈ မြို့နယ် ရွှေကျင် နိကာယ ဝိနည်း စာတော်ပြန်ပွဲ ကြီးလည်း ကျင်းပခြင်းမပြုတော့ဘဲ ရပ်ဆိုင်းလိုက်ကြသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates