Saturday, November 10, 2012

ရန်ကုန် ခေါက်တို သင်္ဘောလိုင်း နိုဝင်ဘာ ၁၂ တွင် စတင်ပြေးဆွဲမည်

ခင်မျိုးသွယ် | စနေနေ့၊ နိုဝင်ဘာလ ၁၀ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၅၈ မိနစ်

ရန်ကုန် (မဇ္ဈိမ) ။      ။ ရန်ကုန်မြို့တွင်း ရေကြောင်းလိုင်း တခုဖြစ်သော လမ်းမတော်မြို့နယ် စဥ့်အိုးတန်း ဆိပ်ကမ်းနှင့် လှိုင်သာယာမြို့နယ်တို့ကို ပြေးဆွဲမည့် ခေါက်တို သင်္ဘောလိုင်းကို နိုဝင်ဘာလ ၁၂ ရက်တွင် စတင်မည်ဖြစ်ကြောင်း ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးဌာန၊ မြစ်ဝကျွန်းပေါ်ဌာနခွဲမှ သိရသည်။

“ခေါက်တို သင်္ဘောလိုင်းအဖြစ် လမ်းမတော် စဥ့်အိုးတန်းဆိပ်ကမ်းနဲ့ လှိုင်သာယာ ရှမ်းကျောင်း အုန်းတော်ကြီးတို့ကို ပြည်တွင်းရေကြောင်းပိုင် လူ ၃ဝဝ ဆံ့ တံလျှပ် ရေယာဉ်နဲ့ ပြေးဆွဲပေးသွားမှာပါ” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောကြားသည်။

ထိုသို့ပြေးဆွဲရာတွင် လှိုင်သာယာကမ်းမှ နံနက် ၅ နာရီတွင် စတင်ထွက်ခွာပြီး စဥ့်အိုးတန်း ဆိပ်ကမ်းကို နံနက် ၈ နာရီ ရောက်ရှိမည် ဖြစ်သည်။ အလားတူ စဥ့်အိုးတန်း ဆိပ်ကမ်းမှ ညနေ ၅ နာရီတွင် ထွက်ခွာမည် ဖြစ်ပြီး လှိုင်သာယာ ဘက်ကမ်းသို့ ညနေ ၆ နာရီတွင် ရောက်ရှိမည် ဖြစ်သည်။

ခရီးသည်တဦးလျှင် ငွေကျပ် ၂၅ဝ နှုန်းဖြင့် ကောက်ခံသွားမည်ဟု ဆိုသည်။

“စီးနင်းတဲ့ ခရီးသည်တိုးလာရင် တိမ်ခိုးရေယာဉ်တစီး ထပ်တိုးပြီး ခေါက်ရေ တိုးချဲ့ ပြေးဆွဲနိုင်အောင်လည်း စီစဉ်ထား ပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ခရီးသည် အရမ်းများပြားတယ် ဆိုရင်တော့ လက်ရှိပြေးဆွဲနေတဲ့ ရေယာဉ်ထက် ကြီးတဲ့ ရေယာဉ်ကြီးတွေ အစားထိုး ပြေးဆွဲနိုင်အောင်လည်း စီစဉ်ထားပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြား သည်။

ရန်ကုန်မြို့ထဲရှိ အစိုးရ ရုံးဌာနများ၊ ကုမ္ပဏီရုံး၊ စူပါမားကတ်နှင့် စတိုးဆိုင်များ၊ လမ်းဘေးဈေးသည်များနှင့် ဆိုက္ကားနင်းသူ အများစုမှာ မြို့သစ်များတွင် နေထိုင်သူ များသည်။

“ကျနော်က လှိုင်သာယာကနေ ညဘက်မြို့ထဲမှာ ဆိုက္ကား လာနင်းပါတယ်။ ညဥ့်နက်တဲ့အထိ လုပ်ရတော့ အလုပ်ပြီး ရင် လှိုင်သာယာဘက် မပြန်ဖြစ်တော့ဘူး။ ဆိုက္ကား သော့ခက်ပြီး ဖြစ်သလို အိပ့်ခဲ့ရတယ်။ မိုးလင်းမှ ပြန်ရတယ်။ အခု သင်္ဘော ပြေးဆွဲပေးတော့ စရိတ်သက်သာတယ်။ ကားလမ်းတွေလည်း မပိတ်လို့ အချိန်ကုန်တာမျိုး မရှိနိုင်တော့ဘူး။ တခုပဲရှိတယ် သင်္ဘောချိန်ကို ညပိုင်း တိုးချဲ့ပြေးနိုင်ရင် ပိုအဆင်ပြေမယ်” ဟု ရန်ကုန်မြို့ ကမ်းနားလမ်းတွင် ဆိုက္ကား နင်းသူ ဦးလှအေးက ပြောသည်။

အဆိုပါ ခေါက်တိုပြေးဆွဲမည့် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးဌာန၊ မြစ်ဝကျွန်းပေါ် ဌာနခွဲမှာ ပုဂ္ဂလိကနှင့် ပူးပေါင်းလုပ်ကိုင်ရန် ပြင်ဆင်နေကြောင်းလည်း သိရှိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates