Monday, November 12, 2012

စွပ်စွဲခံရသူ အယ်ဒီတာချုပ် ဦးမြတ်ခိုင် မပါဘဲ အမှုစစ်ဆေးရန် တရားရုံး လက်ခံ

ဖနိဒါ | တနင်္လာနေ့၊ နိုဝင်ဘာလ ၁၂ ရက် ၂၀၁၂ ခုနှစ် ၁၇ နာရီ ၂၄ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။        ။ စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ ဗယ်လင်တိုင်း (Valentine) ကာရာအိုကေ ပိုင်ရှင် ဦးမြင့်မောင် က ‘လျှပ်တစ်ပြက်’ ဂျာနယ်အား အသရေဖျက်မှု ပုဒ်မ ၅ဝဝ ဖြင့် တရားစွဲဆိုထားသည်ကို စွပ်စွဲခံရသူ မပါဘဲ စစ်ဆေးရန် တရားရုံးက လက်ခံလိုက်သည်ဟု ဆောင်းပါး ရေးသားသူ ဟာဂျူလီ(ကသာ) က ပြောသည်။

အယ်ဒီတာချုပ် ဦးမြတ်ခိုင် က ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေးတို့ကြောင့် ၎င်းမပါဘဲ သူ၏ ရှေ့နေဖြင့်သာ စစ်ဆေးခွင့်ပြုရန် လျှောက်လဲချက်အား တရားရုံးက လက်ခံခြင်းအပေါ် တရားစွဲသူ ဦးမြင့်မောင်ဘက်မှ ခရိုင်တရားရုံး သို့ အယူခံ လျှောက်လဲချက်အား ပလပ်လိုက်ခြင်း ဖြစ်သည်။

“သူက အသက်လည်းကြီးပြီ။ ကျန်းမာရေးလည်း မကောင်းဘူး။ ခရီးလမ်းလည်း ဝေးတယ်။ အယ်ဒီတာချုပ် တယောက်လည်း ဖြစ်တယ်။ ယုံကြည်လောက်တယ်ဆိုတော့ သူမပါဘဲ မြို့နယ်ရုံးက စစ်ခွင့်ပြုလိုက်တယ်။ အဲဒါကို သူတို့ တဖက်က ကိုမြတ်ခိုင်ကို တရားရုံး ထွက်လာအောင်ဆိုပြီး ပယ်ချလိုက်တဲ့ အမိန့်ကို ပြင်ဆင်သင့်တယ်ပေါ့။ ဒီနေ့ ခရိုင်ရုံးကနေပြီးမှ ပလပ်လိုက်တယ်ဆိုပြီး အမိန့်ချလိုက်တယ်” ဟု မဇ္ဈိမကို ပြောသည်။ 

အောက်တိုဘာလ လ ၁၁ ရက်နေ့ ရုံးချိန်းတွင် ကသာမြို့နယ် တရားရုံးသို့ ဦးမြတ်ခိုင် မပါဘဲ သူ့ရှေ့နေနှင့်သာ စစ်ဆေးခွင့်ပြုရန် ခရိုင်တရားရုံးသို့ အယူခံ လျှောက်ထားခဲ့ခြင်း ဖြစ်ပြီး ထိုနေ့မှာပင် သိန်း ၃ဝ အာမခံ ရခဲ့သည်ဟု ဟာဂျူလီ (ကသာ)က ပြောသည်။

‘လျှပ်တစ်ပြက်’ ဂျာနယ် ဧပြီလထုတ် အတွဲ ၃၊ အမှတ် ၈၄နှင့် ၈၈ တွင် ပါရှိသော ဆောင်းပါးနှင့် ပတ်သက်၍ အသရေဖျက်မှုဖြင့် ဇူလိုင်လ ၁၆ ရက်နေ့က မြို့နယ် တရားရုံးသို့ ဦးမြင့်မောင် က ဦးတိုက်လျှောက်ထားခဲ့ရာ တရားသူကြီး ဦးတင်မြ က လက်ခံခဲ့ပြီးနောက် ဇူလိုင်လ ၃ဝ ရက်နေ့က စတင်စစ်ဆေး၍ အာမခံ ရရှိခဲ့သည်။

ဦးမြတ်ခိုင်နှင့် ဟာဂျူလီ(ကသာ)တို့အား Valentine ကာရာအိုကေဆိုင်ရှင်က နစ်နာကြေး ကျပ်ငွေ သိန်းပေါင်း ၅,ဝဝဝ ရယူမှုဖြင့် ကသာခရိုင် တရားရုံးတွင် တရား စွဲဆိုထားသေးသည်။ ယင်းအမှုကိုလည်း စစ်ဆေးခြင်း မရှိသေးပေ။

မြို့နယ် တရားရုံးနှင့် ခရိုင်တရားရုံးများက အနည်းဆုံး ရုံးချိန်း ၆ ကြိမ်ခန့် ပေးခဲ့သော်လည်း စစ်ဆေးခြင်း မရှိသေးပေ။ လာမည့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ မြို့နယ်နှင့် ခရိုင်တရားရုံးနှစ်ခုစလုံးက ရုံးချိန်းပေးလိုက်ပြန်သည်။

ယခုကဲ့သို့ တရားစွဲဆိုခံထားရသဖြင့် သတင်းထောက်တဦးအတွက် အနှောက်အယှက်
ဖြစ်ရပြီး နောက်နောင် သတင်းမှန်များကို သတင်းထောက်များ မရေးသားရဲတော့ဘဲ ဖြစ်မည်ကို စိုးရိမ်နေရသည်ဟု ဟာဂျူလီ(ကသာ)က မဇ္စျိမကို ပြောသည်။

ခရီးသွား သတင်းထောက် တက္ကသိုလ်မောင်ရဲမုန်း က ကသာမြို့ရှိ ကာရာအိုကေဆိုင် အကြောင်း ၎င်းဂျာနယ်တွင် ရေးသားချက်အပေါ် ဆိုင်ရှင်ဘက်မှ ဖြေရှင်းပေးရန် ပြောဆိုလာသဖြင့် ဆောင်းပါးပါ အချက်အလက်များကို ပြန်လည် ဆန်းစစ်ရန် ဦးမြတ်ခိုင်က ကာတွန်း၊ စာရေးဆရာ ဟာဂျူလီ(ကသာ)အား တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ တာဝန်ပေးချက်အရ ရယက ဥက္ကဋ္ဌဟောင်း တဦး အပါအဝင် ကာရာအိုကေဆိုင် အနီးရှိ ဒေသခံ သုံးဦးနှင့် အင်တာဗျူးသည့် ဗီဒီယိုဖိုင်နှင့်အသံဖိုင်များဖြင့် မှတ်တမ်း တင်ထားပြီး အင်တာဗျူးစဉ် အခြားဒေသခံ သုံးဦးကိုလည်း သက်သေအဖြစ် ခေါ်ယူထားသည်ဟု ဆိုသည်။

ထိုကိစ္စ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ၎င်းကာရာအိုကေဆိုင်အား ပိတ်လိုက်ပြီးနောက် ယခု ကော်ဖီဆိုင်အဖြစ်
ပြန်လည် ဖွင့်လှစ်ထားသည်ဟု သိရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates