Friday, August 31, 2012

“လွှတ်တော်အသံ၊ ပြည်သူ့အသံ” ဟုတ်ပါရဲ့လား

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ သြဂုတ်လ ၃၁ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၄၈ မိနစ်

ဒီကနေ့ လွှတ်တော်နှစ်ရပ်ဟာ ဘယ်ကို သွားနေပါသလဲ။ ပြည်သူ့အကျိုးစီးပွားကို ဆွေးနွေးကြတာ မျိုးလား၊ မိမိတို့လုပ်ပိုင်ခွင့်၊ အာဏာနဲ့ အခွင့်အရေးတွေ တိုးမြှင့်ဖို့လား ဆိုတာ မေးစရာရှိလာပါပြီ။

လက်ရှိလွှတ်တော်ထဲမှာ အခြေအတင်ပြောဆိုနေတာတွေကို ကြည့်တာနဲ့တင် နှစ်ခြမ်း ကွဲနေပြီလို့ ပြည်သူတွေက မြင်နေရပါပြီ။ ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ်တွေက တဘက်၊ တပ်မတော်သား ကိုယ်စားလှယ်တွေက တဘက် အပြန်အလှန် ပြောဆိုနေကြတာ ဒီတပတ်လွှတ်တော်ရဲ့ ပြောင်းလဲလာတဲ့ အသွင်တရပ်ပါ။

ပြီးခဲ့တဲ့ ၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲက တက်လာတဲ့ ကိုယ်စားလှယ်တွေက ဦးဆောင်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ပြဋ္ဌာန်းထားတဲ့ အခွင့်အာဏာ အဆင့်အတန်းထက် ပိုပြီး ရဖို့အတွက် အာဘောင် အာရင်းသန်သန် ဥပဒေပုဒ်မတွေ ရွတ်ပြီး တောင်းဆိုနေတာ အများအမြင်ပါပဲ။ တပ်မတော်သား ကိုယ်စားလှယ်တွေကို ကြည့်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြဋ္ဌာန်းချက်နဲ့ အညီ ဖြစ်သင့်တယ်လို့ ပြောဆိုကြတာ တွေ့ရပါတယ်။

ဒီကိစ္စတွေ ဆွေးနွေးနေတာ လနဲ့ချီပြီး ကြာနေပါပြီ။ နေ့စဉ် စကိုင်းနက် ရုပ်သံက လွှတ်တော် ချယ်နယ်မှာလည်း ဒီအရေးကိုပဲ ဦးစားပေး ဆွေးနွေးနေကြတာကို တွေ့နေရပါတယ်။ ဒါပေမယ့် ပြည်သူအများစု ကြည့်ရှုနိုင်တဲ့ မြန်မာ့ရုပ်မြင်သံကြားနဲ့ နိုင်ငံပိုင်သတင်းစာတွေမှာတော့ ဒီအရေးကို အကျယ်တဝင့် ထုတ်ဖော် ပြသတာတော့ မတွေ့ရပါဘူး။

သမ္မတကြီးနဲ့ ဝန်ကြီးတွေဟာ နိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ရေဘေးဒုက္ခသည်တွေကို ကွင်းဆင်းကြည့်ရှုဆောင်ရွက်နေချိန်မှာ လွှတ်တော် ကိုယ်စားလှယ်တွေ ဘာကို အလေးထား ဆွေးနွေးနေကြပါသလဲ။ မေးခွန်းထုတ်စရာပါ။

ဒီလိုဆိုတဲ့အတွက် သမ္မတကြီးနဲ့ သူ့အစိုးရအဖွဲ့ဝင်တွေကို အထူးချီးမြှောက် ပြောဆိုနေခြင်း မဟုတ်ပါ။ သူ့ရဲ့ လုပ်ဆောင်ချက် ကောင်းရင် ကောင်းသလို ချီးမြှောက်ပြောဆိုပြီး မကောင်းရင် မကောင်းသလို ဝေဖန်ထောက်ပြ ဖို့က ပြည်သူတဦး အနေနဲ့လည်း တာဝန်ရှိတယ်လို့ ယုံကြည်လို့လည်း ဖြစ်ပါတယ်။

တဘက်က လွှတ်တော်ထဲမှာ နေ့စဉ် လုပ်ပိုင်ခွင့်နဲ့ အာဏာအတွက် ခေါင်းစဉ်အမျိုးမျိုး တပ်ပြီး ဆွေးနွေးနေကြတာ ဟာ တကယ်ရော ပြည်သူတွေအတွက် လုပ်နေတာ ဟုတ်ရဲ့လားလို့ ပြည်တွင်းမှာနေထိုင်တဲ့ ပြည်သူတွေက မေးခွန်းတွေ ထုတ်လာကြာပါပြီ။ သူတို့တွေက ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်ဆိုတဲ့ အသုံးအနှုန်းနဲ့ လွှတ်တော်ထဲမှာ လခရိက္ခာတွေ စားသုံးပြီး ကိုယ်လိုရာကို ဆွဲယူ တင်ပြနေကြတယ်လို့ မြင်လာပါ တယ်။

ဒီမိုကရေစီ နိုင်ငံတော် တရပ်ကို ဦးတည်သွားနေတဲ့အချိန်မှာ အခက်အခဲမျိုးစုံ၊ စိန်ခေါ်မှု မျိုးစုံကို နည်းမျိုးစုံနဲ့ ရင်ဆိုင်နေကြရပြီး လွှတ်တော်ထဲမှာတော့ တန်ခိုးသြဇာ အာဏာ အတွက် ပိုမိုကျယ်ပြန့် ခိုင်မာလာရေးကိုသာ အသုံးအနှုန်းမျိုးစုံနဲ့ လှည့်ပတ် ပြောနေတယ်လို့ ပြည်သူတဦးအနေနဲ့ ရိုးသားစွာ မြင်မိပါတယ်။

စာရေးသူ၏ တဦးတည်း ပုဂ္ဂလိက အမြင်မှာတော့ အရင် နအဖ အစိုးရအဖွဲ့က နံပါတ် ၃ နေရာမှာ ရှိခဲ့တဲ့ လွှတ်တော် ဥက္ကဋ္ဌ ပုဂ္ဂိုလ်ကြီးက ယခုအခါ အဆင့် တော်တော် လျော့ကျသွားခဲ့တယ်လို့ မြင်ပါတယ်။ သူဟာ မကြာခင်မှာပဲ နိုင်ငံဝန်ထမ်းတွေကို လွန်ခဲ့တဲ့ အနှစ် ၅ဝ ကျော်လောက်က လစာ၊ ရိက္ခာမျိုး ရသင့်တယ်ဆိုတဲ့ မဖြစ်နိုင်တဲ့ မက်လုံးမျိုး ပေးပြီး အစိုးရအဖွဲ့ကို စိန်ခေါ် တောင်းဆိုခဲ့ဖူးတာကို
တွေ့ရပါလိမ့်မယ်။

အခု ဒုတိယအခေါက်လို့ ပြောနိုင်မယ့် အခါမှာတော့ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် (အမတ်) တွေရဲ့ အဆင့်အတန်းကို အာဏာပိုင် ၃ ရပ် (ဝန်ကြီးအဆင့်) နဲ့ အညီ တန်းတူ ရနိုင်ဖို့ စည်းရုံးပြီး ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေကို ထပ်စိန်ခေါ်ပြန်သလားလို့ ယူဆမိပါတယ်။

ဒီအခါမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရတဲ့ ခုံရုံးအဖွဲ့နဲ့ ထိပ်တိုက် တွေ့ပြီး ခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ကို လွှတ်တော်ထဲခေါ်ပြီး စွပ်စွဲပြစ်တင်ဝေဖန်ကြတာကို တွေ့ရပါတယ်။

၂ဝ၁ဝ ရွေးကောက်ပွဲကာလက တက်လာခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေ အများစုဟာ အမှန်တကယ် ပြည်သူ့ရွေးချယ်မှုနဲ့ တက်လာခဲ့တာလားဆိုတာ သံသယ ရှိနေခဲ့တဲ့အတွက် ပြည်သူ့ကိုယ်စားလှယ် အစစ်လို့ ပြောလို့ရနိုင်ပါ့မလား။

ဒီလိုဆိုရင် ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲက တက်လာတဲ့ ကိုယ်စားလှယ်တွေကကော ဘယ်ကို သွားနေပါသလဲ။ လူညီရင် ‘ဤ’ ကို ‘ကျွဲ’ ဖတ်လို့ရတာနဲ့ ဒီမိုကရေစီ နည်းလမ်းက တခြားစီပါပဲ။ ဒါဖြင့် သူတို့တွေ အများ မိုးခါးရေ သောက်တိုင်း ဘာကြောင့် လိုက်သောက်နေကြပါလိမ့်။ မေးခွန်းထုတ်စရာပါ။ အခွင့်အရေးကိုပြပြီး စည်းရုံးခံရတဲ့ အတွက် ကြောင့်လား။

အာဏာပိုင် အဖွဲ့အစည်းက ပုဂ္ဂိုလ်တွေကို လွှတ်တော်က ထိန်းကျောင်းနိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ နည်းစနစ်တွေက အများကြီးပါ။ ဒါကို မစဉ်းစားဘဲ တန်းတူအခွင့်တူ ရဖို့ဆိုတာက အခြေခံဥပဒေမှာလည်း မပါဘူးလို့ မှတ်သားမိပါတယ်။ မပါတဲ့အတွက် ပြင်ရန်လည်း မလိုဘူးလို့ ထင်မြင်ပါတယ်။

လွှတ်တော်ရဲ့ သြဇာအာဏာဟာ ပြည်သူလူထုရဲ့ သြဇာအာဏာသာ ဖြစ်ပါတယ်။ ပြည်သူတွေရဲ့ သြဇာအာဏာကို မလိုက်နိုင်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်တွေဟာ ရေရှည် ဘယ်လိုမှ ရပ်တည်နိုင်ဖို့ မရှိပါဘူး။ သြဇာသက်ရောက်ဖို့ လိုပါတယ်။ အာဏာသက်ရောက်ဖို့ မလိုပါ။ အာဏာအတွက် အဆင့်အတန်း တိုးဖို့လည်း မလိုပါ။

ယခုအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရတဲ့ ခုံရုံးကို လွှတ်တော်က စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ လုပ်လာပြန်ပါတယ်။ လုပ်ပိုင်ခွင့် ရှိပါသလား။ ဒီအဖွဲ့ရဲ့ တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကကော ဘယ်လောက် အတိုင်းအတာ အထိ သမာသမတ်ရှိရှိ လုပ်ဆောင်နိုင်မှာလဲဆိုတာ မေးခွန်းထုတ်မိပါတယ်။

အမှိုက်က စပြီး ပြသာဒ် မီးလောင်တဲ့အထိ မရောက်ရလေအောင် ဒီမိုကရေစီလမ်းစဉ်ကို တဖွဖွပြောဆိုခဲ့ကြတဲ့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စားလှယ်တော်ကြီးများ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်ကြီးများနဲ့ မိမိကိုယ်ကို သမာသမတ်ကျကျ လုပ်ဆောင်နေကြသည်ဟု ယူဆကြသော တပ်မတော်သား ကိုယ်စားလှယ်ကြီးများက အချိန်မီ ဖြေရှင်းနိုင်ကြဖို့ မျှော်လင့်မိပါတယ်။

“လွှတ်တော်အသံ၊ ပြည်သူ့အသံ” ဆိုတဲ့ စကားနဲ့အညီ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ အသံသပ်သပ်မဟုတ်ဘဲ ပြည်သူ့အသံ စစ်စစ်ကိုသာ နားထောင်ပြီး နိုင်ငံဖွံဖြိုးရေးကို အလေးပေးကြဖို့ တောင်းဆိုလိုပါတယ်။   ။

အငြိမ်းစား ဝန်ထမ်းတဦး
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates