Wednesday, July 11, 2012

မွန်ပါတီဟောင်း နာမည်သစ်ဖြင့် မှတ်ပုံတင်ကျ

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၁ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၁၅ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။       ။ ဖျက်သိမ်းခံရသော ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (MNDF) အား မွန်ဒီမိုကရေစီပါတီ (MDP) ဟူ၍ အမည်ပြောင်း၍ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ရာ ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ပြီ ဖြစ်သည်။



မှတ်ပုံတင်အမှတ် (၅၈) ဖြင့် ဇူလိုင်လ ၁၀ ရက်နေ့တွင် နေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုလိုက်ခြင်း ဖြစ်ကြောင်း ပါတီ ဗဟိုအလုပ်အမှုဆောင် နိုင်စိုးမြင့်က ပြောသည်။

“မနေ့က မှတ်ပုံတင် ကျတဲ့အကြောင်း အကြောင်းကြားလာတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ
ကော်မရှင်က ပေးတဲ့စာကို ပြည်နယ်ကော်မရှင်ရုံးမှာ သွားယူတယ်” ဟု နိုင်စိုးမြင့်က ပြောသည်။

မှတ်ပုံတင် ကျပြီးနောက် ရက်ပေါင်း ၉ဝ အတွင်း ပါတီဝင်အင်အား ၁,ဝဝဝ ကို ရွေးကောက်ပွဲ ကော်မရှင်ထံ တင်ပြနိုင်ရန်အတွက် စီစဉ်နေပြီ ဖြစ်ကြောင်းလည်း သူက ပြောသည်။

MNDF ကို ၁၉၈၈ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉ဝ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငါးနေရာ အနိုင်ရခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ပါတီ ခေါင်းဆောင်များ ဖမ်းဆီးခံရပြီး ၁၉၉၂ မတ်လ ၁၉ ရက်နေ့တွင် ပါတီ ဖျက်သိမ်းခံရသည်။

လက်ရှိတွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) နှင့် မွန်ဒီမိုကရေစီပါတီ (MDP) ဟူသည့် မွန်အမျိုးသား ကိုယ်စားပြု နိုင်ငံရေးပါတီနှစ်ခု ရှိပြီး ပေါင်းစည်းနိုင်ရန်အတွက် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်ကြောင်းလည်း နိုင်စိုးမြင့်က ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates