Friday, April 6, 2012

KNU နယ်မြေတွင် ပစ်ခတ်မှုအနည်းငယ် ရှိနေသေး

ညီသစ် | သောကြာနေ့၊ ဧပြီလ ၀၆ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၀၉ မိနစ်


ရန်ကုန် (မဇ္ဈိမ) ။        ။ ဇန်နဝါရီလအတွင်း အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး KNU တို့အကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိထားပြီးဖြစ်သော်လည်း အချို့နေရာများတွင် နှစ်ဘက်ပစ်ခတ်မှု အနည်းငယ် ရှိနေဆဲဖြစ်ကြောင်း လူဝင်မှုဝန်ကြီး ဦးခင်ရီ က သောကြာနေ့က ပြောကြားလိုက်သည်။

“အောက်ခြေ အဆင့်တွေမှာတော့ အမိန့် မရောက်သေးလို့နဲ့တူတယ်။ နည်းနည်းပါးပါး တိုက်ခတ်မှုတွေတော့ ရှိနေသေးတယ်။ ဒါပေမယ့် ဒါတွေက ငြိမ်းချမ်းရေး ဖော်ဆောင်မှုမှာ အကျိုးသက်ရောက်မှု ရှိမယ်လို့တော့ မထင်ဘူး” ဟု ဦးခင်ရီက ပြောသည်။ ဦးခင်ရီသည် ဆီဒိုးနားဟိုတယ်တွင် သောကြာနေ့ မနက်က ကျင်းပနေသည့် KNU နှင့် အစိုးရ အပစ်အခတ်ရပ်စဲရေး ဒုတိယအကြိမ် ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးနေသူ တဦး ဖြစ်သည်။

၎င်းက ဆက်ပြောရာတွင် KNU နှင့် ပြည်နယ်အဆင့် ဆွေးနွေးမှုများတွင် အပစ်အခတ် ရပ်စဲရေးကို ပိုပြီး တည်တံ့ခိုင်မြဲ စေရန်အတွက် ပြည်ထောင်စု အဆင့်တွင် ဆက်လက် ဆွေးနွေးမည် ဖြစ်ကြောင်း၊ တပ်များ
နေရာချထားမှုနှင့် ပတ်သတ်ပြီးလည်း လိုက်နာရမည့် ကျင့်ဝတ်များကို ဆက်လက်ဆွေးနွေးသွားမည်
ဖြစ်ကြောင်း သတင်းထောက်များ ကို ပြောသည်။


မြန်မာအစိုးရနှင့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးရန်ရောက်ရှိလာသော ကရင်အမျိုးသားအစည်းအရုံး (KNU) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့် တို့အား ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ဧပြီလ ၆ ရက်နေ့မနက်က တွေ့ရစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္စျိမ)

KNU ကိုယ်စားလှယ်အဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံတဦးဖြစ်သူ ဦးစောဂွဲထူးဝင်းက အပစ်အခတ် ရပ်စဲပြီးနောက် နှစ်လအတွင်းတွင် KNU ၏ တပ်မဟာ ၂ နယ်မြေ တောင်ငူခရိုင်နှင့် တပ်မဟာ ၅ နယ်မြေ ဖာပွန်ခရိုင်အတွင်း ပစ်ခတ်မှု အကြိမ်အနည်းငယ်စီ ဖြစ်ပွားခဲ့သေးကြောင်း ပြောဆိုသည်။

“တိုက်ပွဲကြီးတွေတော့ မဟုတ်ဘူး။ အတွင်းနည်းနည်းကျတဲ့ နေရာတွေဘက်မှာ ဖြစ်ခဲ့တာ” ဟု ဦးစောဂွဲထူးဝင်း က ပြောသည်။

ဇန်နဝါရီလ ၂၂ ရက်နေ့က အပစ်အခတ်ရပ်စဲရေးအတွက် KNU နှင့် အစိုးရ ပဏမ သဘောတူ လက်မှတ်ရေးထိုး ပြီးနောက် ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ လက်နက်မပါဘဲ တနိုင်ငံလုံး သွားလာခွင့်ပြုရေးနှင့် ကျန်အသေးစိတ် အချက်အလက်များကို ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ဆက်လက်ဆွေးနွေးသွားကြမည်
ဖြစ်ကြောင်း သဘောတူညီခဲ့ကြသည်။

အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သည့် အဖွဲ့ဝင် ၂၁ ဦးပါ KNU ကိုယ်စားလှယ်အဖွဲ့မှာ ရန်ကုန်မြို့သို့ ဧပြီလ ၃ ရက်နေ့က ရောက်ရှိလာကြပြီး  ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးအတွက် ဒုတိယအကြိမ်အဖြစ် ဧပြီလ ၆ ရက်နေ့တွင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သော အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် ဆွေးနွေးနေကြခြင်း ဖြစ်သည်။

နှစ်ဖက်တပ်များကိစ္စအပါအဝင် အပစ်အခတ် ရပ်စဲရေးအတွက် အသေးစိတ် အချက်အလက်များကို
ဆွေးနွေးနေကြပြီ ဖြစ်သည်။

အစိုးရနှင့် အပစ်အခတ်ရပ်စဲမှု ရယူပြီးကတည်းက ဒေသခံများ ပျော်ရွှင်ကြကြောင်း၊ စစ်၏ ဆိုးကျိုးကို အမှန်တကယ် ခံစားနေရသူများမှာ ပြည်သူများသာ ဖြစ်ခြင်းကြောင့် KNU အနေဖြင့် ငြိမ်းချမ်းရေးကို ပိုမိုခိုင်မြဲစေရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဦးစောဂွဲထူးဝင်း က ပြောသည်။

KNU ဘက်မှ ဆက်ဆံရေးရုံးများကို ပဲခူးတိုင်း၊ ညောင်လေးပင် ခရိုင်အတွင်းရှိ ကျောက်ကြီးမြို့နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့တို့တွင် စတင်ဖွင့်လှစ်နိုင်ရန် စီစဉ်နေပြီဖြစ်ကြောင်း သိရသည်။

KNU ၏ ထိန်းချုပ်နယ်မြေများအတွင်း အစိုးရတပ်များ ပြန်လည် ရုပ်သိမ်းပေးရန်လည်း
ဖေဖေါ်ဝါရီလအတွင်းက KNU မှ တောင်းဆိုထားသည်။

KNU ၏ စခန်း ၂ဝဝ ကျော်သည် ပဲခူးတိုင်း တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ကရင်ပြည်နယ် ဘားအံခရိုင်၊ ဒူးပလယာခရိုင်၊ တနင်္သာရီတိုင်း မြိတ်ခရိုင်၊ ထားဝယ်ခရိုင်၊ မွန်ပြည်နယ် သထုံခရိုင်
ဒေသများအတွင်း တည်ရှိနေ သည်။

ထိုဒေသများအတွင်း အစိုးရ၏ စစ်တိုင်းများဖြစ်သည့် ကမ်းရိုးတန်းတိုင်း၊ အရှေ့တောင်တိုင်း၊
တောင်ပိုင်းတိုင်းတို့နှင့် လည်း ဆက်စပ်မှုရှိနေသည်။

ပွင့်လင်းရာသီ ရောက်ရှိလာပြီ ဖြစ်ခြင်းကြောင့် အစိုးရမှ ရှေ့တန်းတပ်များသို့ ရိက္ခာပို့ပါက KNU တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက် တွေ့နိုင်သည်ဟုလည်း KNU အတွင်းရေးမှူး (၁) ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates