Monday, April 9, 2012

အမေရိကန် သံအမတ်သစ် အနောက်စာနယ်ဇင်းများ တစ်ပေး

ကိုပေါက် | တနင်္လာနေ့၊ ဧပြီလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၄၉ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။        ။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်သစ်အဖြစ် ခန့်အပ်ရန် Derek J. Mitchell ဒဲရစ်မစ်ချယ်အား ရွေးချယ်တော့မည်မှာ သေချာကြောင်း အနောက်တိုင်း စာနယ်ဇင်းကြီးများက တထစ်ချ ရေးသားနေကြသည်။

ဧပြီလ ၄ ရက်နေ့က အမေရိကန်အစိုးရ အရာရှိကြီးများက “ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်လွှတ်တော်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး မကြာခင် တရားဝင် ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်” ဟူ၍
ပြောကြားခဲ့ပြီးနောက် အမေရိကန် သံအမတ်သစ်ရာထူးအတွက် အဖြစ်နိုင်ဆုံးမှာ အသက် ၄၇ နှစ်အရွယ် ဒဲရစ်မစ်ချယ် ကိုသာ ထင်ကြေးပေးလာကြခြင်း ဖြစ်သည်။

“၁၉၉ဝ မှစ၍ မြန်မာနိုင်ငံဆိုင်ရာ ပထမဆုံး အမေရိကန်သံအမတ်ကြီးအဖြစ် ဒဲရစ်မစ်ချယ်အား
ရွေးချယ်ခန့်အပ် လိုက်သည်” ဟု ဧပြီ ၅ ရက်နေ့ထုတ် Foreign Policy မဂ္ဂဇင်းတွင် အတည့်အလင်း
ရေးသားဖော်ပြလာသည်။


ထို့ပြင် ဧပြီ ၆ ရက်နေ့ထုတ် Financial Times သတင်းစာကြီးတွင်လည်း “နှစ်ပေါင်း ၂၂ နှစ်အကြာတွင်
မြန်မာနိုင်ငံ အတွက် ပထမဆုံး အမေရိကန်သံအမတ်ကြီးအဖြစ် ရွေးချယ်လိုက်ပြီ”ဟု
ခေါင်းစဉ်တပ် ရေးသားလာသည်။

လက်ရှိတွင် မစ္စတာမစ်ချယ်မှာ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒရေးရာ ညှိနှိုင်းဆောင်ရွက်သူအဖြစ် ၂ဝ၁၁ ခုနှစ် စက်တင်္ဘာလကတည်းက အမေရိကန် အစိုးရအတွက် တာဝန်ထမ်းဆောင်လျက်ရှိသူ ဖြစ်သည်။

မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အမေရိကန်သဘောထားများ လှုပ်ရှားပြောင်းလဲလာသည့် အမေရိကန် နိုင်ငံခြားရေး ဌာန၏ ၂ဝ၁၁ စက်တင်္ဘာလဆန်း ထုတ်ပြန်ချက်တွင် “စစ်မှန်သော
ပြုပြင်ပြောင်းလဲရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် မြန်မာလူထု၏ တိုးတက်ဖွံ့ဖြိုးမှု ဟူသော တူမျှစွာ လက်ခံထားသည့် ပန်းတိုင်များသို့ ရောက်စေရန် တွေ့ဆုံဆွေးနွေးမှုနှင့် ထိတွေ့မှုများ
ဆောင်ရွက်သွားမည်”ဟု ဖော်ပြထားသည်။

ထို့နောက် အာရှနှင့် တရုတ်နိုင်ငံ အတွေ့အကြုံများ ရှိခဲ့သူ ဒဲရစ်မစ်ချယ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် မူဝါဒ ညှိနှိုင်းရေးမှူးအဖြစ် ခန့်ထားရန် သမ္မတ ဘားရက်အိုဘားမား က အဆိုပြုခဲ့ပြီး အမေရိကန် အထက်လွှတ်တော်မှ သြဂုတ်လ ၁၅ ရက်နေ့တွင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ထိုသို့ မစ္စတာမစ်ချယ်အား အမေရိကန် လွှတ်တော်၌ စာရင်းသွင်းစဉ်က ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုခဲ့ပြီး မြန်မာ့ဒီမိုကရေစီရေးအတွက် စစ်မှန်သည့် ကူညီမှုမျိုးရနိုင်ရန် မျှော်လင့်ကြောင်း
ပြောဆိုခဲ့ဖူးသည်။

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် ပိတ်ဆို့တားမြစ်မှုများ ရုတ်သိမ်းရန် အချိန် မကျသေးကြောင်း
ဒေါ်အောင်ဆန်းစုကြည် က Wall Street Journal အား ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့ ပြောကြားလိုက် ပြီး နောက်နေ့တွင် မစ္စတာမစ်ချယ် မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်အဖြစ် တိုက်ဆိုင်စွာ ရောက်ရှိလာခဲ့ကာ ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ် ၉ဝ ကြာ ဆွေးနွေးခဲ့သော်လည်း
ဆွေးနွေးသည့်အကြောင်းအရာများကိုမူ သတင်းထုတ်ပြန်ခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံသို့ ၂ဝ၁၁ ခုနှစ် စက်တင်္ဘာလတွင် ပထမဆုံးအကြိမ် လာရောက်ခဲ့စဉ်မှစ၍ အမေရိကန်-မြန်မာ ဆက်ဆံရေး သမိုင်းဝင်ခရီးစဉ်တခုဖြစ်သည့် ဒီဇင်္ဘာလဆန်းပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စက်ဟီလာရီ ကလင်တန်၏ ခရီးစဉ်အတွက် အောက်ခြေသိမ်း လုပ်စရာရှိသည်တို့ကို စီစဉ်ပြင်ဆင်ပေးနိုင်ခဲ့သူ အဖြစ်လည်း မစ္စတာမစ်ချယ်မှာ အောင်မြင်လာခဲ့သည်။

စစ်အေးခေတ် နောက်ပိုင်းတွင် အရှေ့အလယ်ပိုင်း၊ အရှေ့ဥရောပနှင့် အရှေ့အာရှ ဒေသများတွင်သာ အချိန်ကုန်ခဲ့
သော အမေရိကန်အနေနှင့် အာရှပစိဖိတ်ဒေသတွင်း အင်အားချိန်ခွင်လျှာ ထိန်းညှိရန် လိုအပ်ကြောင်း သမ္မတ အိုဘားမား က ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလဆန်းတွင် ထုတ်ဖော်ပြောကြားလာခဲ့သည်။

“အမေရိကန်ရဲ့ သူ့ရဲ့သြဇာ အရှေ့တောင်အာရှိရော အာရှပိစိဖိတ်မှာရော ကျလာတဲ့အတွက် အင်နဲ့အားနဲ့ပြန်လာဖို့ သူစဉ်းစားတာကိုး။ မြန်မာပြည်ရဲ့ ပထဝီနိုင်ငံရေးအရ တရုတ်ရဲ့ အင်အားကို ချိန်ခွင်လျှာ ညှိချင်ရင် မြန်မာပြည်ဟာ မုချစည်းရုံးရမယ့် Target (ပစ်မှတ်) ဖြစ်နေတာ” ဟု ဗမာပြည် ကွန်မြူနစ် ပါတီမှ ဒေါက်တာ လှကျော်ဇော က မဇ္ဈိမကို ပြောဆိုခဲ့ဖူးသည်။

ဝါရှင့်နိုင်ငံရေးသမားကြီး တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း သခင်ချန်ထွန်း ကလည်း အမေရိကန် အနေဖြင့် မြန်မာနိုင်ငံကို ပြိုင်ဘက် တရုတ်နိုင်ငံ၏ နောက်လိုက် မဖြစ်စေလိုသဖြင့်
ရွေးကောက်ပွဲကို ဖြတ်သန်းပြီး ပေါ်ပေါက်လာ သည့် အစိုးရအသစ် လက်ထက်တွင် ဆက်ဆံရေးကောင်းစေရန် ပြန်လည်ကြိုးစားလာသည်ဟု သုံးသပ် ပြောဆိုသည်။

၁၉၉ဝ ခုနှစ်က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲရလဒ်အား ထိုစဉ်က နဝတ စစ်အစိုးက အကောင်အထည် မဖော်ခဲ့သည့်အတွက် ရန်ကုန်ရှိ အမေရိကန်သံအမတ်ကြီး Burton Levin အား ဝါရှင်တန်မှ ပြန်လည်ရုတ်သိမ်း
ခေါ်ဆောင်လိုက်ကာ ထိုမှစ၍ သံရုံးယာယီတာဝန်ခံအဆင့်ဖြင့်သာ မြန်မာနိုင်ငံတွင် ထားရှိခဲ့လာခဲ့ခြင်း
ဖြစ်သည်။

ယခုကဲ့သို့ သံအမတ်ကြီးအဆင့်အဖြစ် ပြန်လည်ခန့်အပ် တာဝန်ပေးတော့မည်ဟု ဆုံးဖြတ်ခြင်းမှာ အမေရိကန် အစိုးရ အနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် လတ်တလော ပြောင်းလဲလာသည့် နိုင်ငံရေးနှင့် စီးပွားရေး ဆက်ဆံမှုများ၏ တစိတ်တဒေသလည်း ဖြစ်သည်။

လွတ်လပ်၍ တရားမျှတသည်ဟု ဆိုနိုင်သော ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲပြီးနောက် သုံးရက်အကြာတွင် အမေရိကန်အစိုးရက အမေရိကန်ကုမ္ပဏီများအား အချို့ကဏ္ဍများတွင် မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုတော့မည်ဖြစ်ကြောင်း ပြောဆိုလာခဲ့သည်။

ထိုအထဲတွင် ဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ ခရီးသွားလုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများ ပါဝင်နိုင်သော်လည်း တိတိပပ မပြောနိုင်သေးကြောင်း အမေရိကန်အစိုးရ အရာရှိကြီးများက သတင်းထောက်များအား
ပြောဆိုသည်။

ထိုသို့ ပိတ်ဆို့မှုများ တဖြည်းဖြည်းရုတ်သိမ်းလာမှုအပေါ် မြန်မာအစိုးရ ဘက်မှလည်း အားမလိုအားမရဖြစ်ကာ ပိုမိုတောင်းဆိုမှုများလည်း ရှိနေသည်။

“ကျနော်တို့ လုပ်ရမယ့်အလုပ်တွေ ခရီးမြန်မြန်တွင်စေချင်ရင် သူတို့ဘက်ကလည်း ပိုလုပ်ပြသင့်တယ်လေ” ဟု သမ္မတ၏ နိုင်ငံရေးအကြံပေး ဒေါက်တာနေဇင်လတ် က Bloomberg စီးပွားရေးသတင်းဌာနကြီးမှတဆင့် တုန့်ပြန်လိုက်သည်။

“အစိုးရကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီလူ့အဖွဲ့အစည်းဖြစ်ရေး သူလုပ်စရာရှိတာ လုပ်နေ တယ်။ ဒီအချိန်ဟာ မုန့်များများပေးပြီး ဆုချရမယ့်အချိန်ပါ” ဟု ဒေါက်တာနေဇင်လတ်၏ အီးမေးလ် ပေးပို့စာကို Bloomberg တွင် ကောက်နုတ် ဖော်ပြထားသည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး၏ အဆိုအရ မြန်မာနိုင်ငံသို့ သံအမတ်ကြီးတဦး ခန့်အပ်မည့်အပြင် အကူအညီများ၊ NGO များလည်း စေလွှတ်ကာ အချို့အစိုးရအရာရှိများ လာရောက်လည်ပတ်ခွင့်ကိုပါ ခွင့်ပြုမည်ဖြစ်ပြီး “အမေရိကန် ငွေကြေးလုပ်ငန်းနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တင်ပို့ခြင်း ပိတ်ပင်ထားရှိမှုကို
ရွေးချယ်လျှော့ချမှု” လည်း စတင်တော့မည်ဟု ဆိုသည်။

သံအမတ်သစ်ကြီးအဖြစ် ရွေးချယ်ခန့်အပ်ဖွယ်ရှိသည့် မစ္စတာမစ်ချယ်မှာ တရုတ်နိုင်ငံ နန်ကျင်းတက္ကသိုလ်တွင် တရုတ်ဘာသာစကားတခုဖြစ်သည့် မန်ဒရင် ဘာသာစကားကို
လေ့လာတတ်ကျွမ်းခဲ့ပြီး Tufts University မှ ဥပဒေနှင့် သံခင်းတမန်ခင်း ဘာသာရပ်တွင် မဟာဝိဇ္ဇာဘွဲ့ ရရှိခဲ့သူဖြစ်သည်။

မစ္စတာ မစ်ချယ်သည် အာရှနှင့် ပစိဖိတ်ဒေသ လုံခြုံရေးရာ ကာကွယ်ရေး ဝန်ကြီးဌာန၏ ဒု-လက်ထောက် ကာကွယ်ရေး ဝန်ကြီးတာဝန်ကို ၂ဝဝ၉ ခုနှစ် ဧပြီလ မှ ၂ဝ၁၁ ခုနှစ် သြဂုတ်လအထိ ထမ်းဆောင်ခဲ့သည်။

အာရှလုံခြုံရေးဆိုင်ရာ စာအုပ်များ၊ ဆောင်းပါးများလည်း အမြောက်အများ ရေးသားခဲ့ကာ China’s Rise: Challenges and Opportunities လည်း မစ္စတာမစ်ချယ်၏ ထင်ရှားသော စာအုပ်တအုပ်ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates