(ကြားဖြတ်နှိင့် သတင်းအကျဉ်း)
မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ နိုဝင်ဘာလ ၁၈ ရက် ၂၀၁၁ ခုနှစ် ၁၀ နာရီ ၃၃ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှတ်ပုံပြန်တင်ရေး၊ မတင်ရေးနှင့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်၊ မဝင် ဆွေးနွေး ဆုံးဖြတ်ရန် တိုင်းနှင့်ပြည်နယ်မှ ဗဟိုဦးစီးကော်မတီ အဖွဲ့ဝင်များ ရန်ကုန် ရွှေဂုံတိုင် ဗဟိုရုံးချုပ်သို့ရောက် ရှိနေပြီဖြစ်ကြောင်း ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။
“ကိုယ်စားလှယ်တွေ ရောက်နေပါပြီခင်ဗျ။ ဝင်တဲ့လူကဝင်၊ အပြင်မှာ လုံခြုံရေးယူတဲ့ လူငယ်တွေနဲ့ ရုံးချုပ်မှာ လည်း လူတွေက အပြည့်ပေါ့။ (မနက်) ၁ဝ နာရီ စဖြစ်ပါတယ်။ အထွေထွေ အတွင်းရေးမှူး ဒေါ်စု
ရောက်တာ နဲ့စမှာပါ။” ဟု ဦးအုန်းကြိုင်က ပြောသည်။
တက်ရောက်သူ မှတ်တမ်း လက်မှတ်ထိုးမှု မပြီးသေးသဖြင့် ကိုယ်စားလှယ် အရေအတွက် မည်မျှရောက်သည် ကို အတိအကျ မသိရသေးကြောင်း ပြောသည်။
အခြားဗဟိုအလုပ်အမှုဆောင်များထဲတွင် ကျန်းမာရေး မကောင်းသဖြင့် ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင် တို့မှလွဲ၍ ကျန်သူများ တက်ရောက်ကြသည်ဟု ဆိုသည်။
“အချိန်တော်တော်ကြာကြာ ပျောက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲက စီအီးစီ ဦးထွန်းထွန်းဟိန် တောင်မှ ဒီနေ့တက်လာပါတယ်။ ဦးညွန့်ဝေလည်း ရောက်နေပါပြီ။” ဟု ဦးအုန်းကြိုင်က ပြောသည်။
ရွေးကောက်ပွဲ ဥပဒေအရ ပါတီမှတ်ပုံတင်လျှင် အနည်းဆုံး သုံးနေရာ ဝင်ပြိုင်ရမည် ဖြစ်သော်လည်း “သူ့ဥပဒေက သူ့ဥပဒေပေါ့ဗျာ။ ကျနော်တို့ရဲ့ ဆန္ဒက ရှိသေးတာကိုး။” ဟု ဆက်ပြောသည်။
အစည်းအဝေးမှာ မွန်းလွဲ ၂ နာရီကျော်တွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားသည်။