Wednesday, November 16, 2011

ပြန်ပေးဆွဲခံရသူ ထိုင်းအမျိုးသမီး နှစ်ဦး လွတ်မြောက်

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၆ ရက် ၂၀၁၁ ခုနှစ် ၁၇ နာရီ ၃၄ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ထိုင်းမြန်မာနယ်စပ် ဘုရားသုံးဆူမြို့ အခြေစိုက် ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း (၇၇၇)မှ ပြန်ပေးဆွဲထားသော ထိုင်းအမျိုးသမီး သုံးဦးအနက် နှစ်ဦးမှာ အင်္ဂါနေ့ ညနေပိုင်းတွင် ပြန်လည် လွတ်မြောက်လာကြောင်း ဒေသတွင်းလုံခြုံရေး တပ်ဖွဲ့အရာရှိများက ပြောသည်။

အသက် ၃၀ ဝန်းကျင် အသီးသီးရှိ အမျိုးသမီး သုံး ဦးကို နိုဝင်ဘာလ နှစ်ရက်နေ့တွင် သုံးဆူမြို့ပြင်ရှိ နယ်စပ် တနေရာတွင် ကရင်ငြိမ်းချမ်းရေးကောင်စီ တပ်ရင်း (၇၇၇) က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး သုံးဆူမြို့မှ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ ကြားဝင်ညှိနှိုင်းပေးခဲ့သည်။

ဖမ်းထားသူများကို ထိုင်းဘတ်ငွေ ငါးသိန်းဖြင့် ပြန်လွှတ်ပေးခြင်း ဖြစ်ပြီး၊ ကျန်တဦးကို ထိုင်းဘတ်ငွေ ၁၅ သိန်း ပေး မှသာ ပြန်လွှတ်ပေးလိမ့်မည်ဟု ဆိုသည်။ အဖမ်းခံရသူ အမျိုးသမီးများမှာ အကြွေးဖြင့် ဝယ်ယူထားသည့် ရာဘ စိတ်ကြွဆေးဖိုးကို မပေးဆပ်နိုင်သည့်အတွက် ဖမ်းဆီးခြင်း ဖြစ်သည်ဟုလည်း သိရသည်။

ဘုရားသုံးဆူဒေသတွင် လှုပ်ရှားနေသည့် ကရင်ငြိမ်းချမ်းရေး ကောင်စီတပ်ရင်း (၇၇၇) အမည်ခံအဖွဲ့မှာ အင်အား ၂ဝ ခန့် ရှိသည်။ အဆိုပါအဖွဲ့သည် ၂ဝ၁ဝ ခု ကုန်ပိုင်းတွင် ကရင်ငြိမ်းချမ်းရေးကောင်စီမှ ခွဲထွက်ကာ အစိုးရထံ လက်နက်အပ်ပြီး ဒေသတွင်းစီးပွားရေးလုပ်ငန်းကို လုပ်ကိုင်နေသည့်အဖွဲ့ ဖြစ်သည်။

ကရင်ငြိမ်းချမ်းရေးကောင်စီသည် ၂ဝဝ၇ ခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး KNU မှ ခွဲထွက်ကာ ဒေါနတောင်တန်း အနောက်ဘက် ထို့ကော်ကိုးရွာတွင် မြို့တခုကို တည်ထောင်ခဲ့သည်။ အဖွဲ့ကို ဗိုလ်ချုပ် ဋ္ဌေးမောင် ဦးစီးသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates