Wednesday, November 16, 2011

မြန်မာနိုင်ငံကို ဥက္ကဋ္ဌရာထူးပေးရန် ခေါင်းဆောင်များ၏ အတည်ပြုမှုစောင့်

(ကြားဖြတ်နှင့် သတင်းအကျဉ်း)

ခရစ်စတင်း | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၆ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၃၂ မိနစ်


ဘာလီ (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌ ရာထူးပေးရေးနှင့် ပတ်သက်၍ အာဆီယံ ခေါင်းဆောင်များ၏ ဆုံးဖြတ်ချက်ကို ကြာသပတေးနေ့မှ စနေနေ့အထိ ကျင်းပမည့် အာဆီယံ ထိပ်သီးညီလာခံ အတွင်း ကြေညာမည် ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ မာတီနာတာလီဂါဝါက သတင်းထောက်များကို အင်္ဂါနေ့တွင် ပြောသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် အင်္ဂါနေ့က ကျင်းပပြီးစီးခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှ မြန်မာနိုင်ငံကို ဥက္ကဋ္ဌ ရာထူးပေးရေး အတည်ပြုလိုက်ပြီးနောက် အာဆီယံ ခေါင်းဆောင်များ၏ အတည်ပြုချက်ကို ထုတ်ပြန်ရရှိကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ပြောခြင်းဖြစ်သည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ သွားနေသည့် ပြုပြင် ပြောင်းလဲမှုများကိုလည်း အသိအမှတ်ပြုကြောင်း ဝန်ကြီးက ထည့်သွင်းပြောသွားသည်။

အဆိုပါ ပြုပြင်ပြောင်းလဲမှုများတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအချို့ကို လွှတ်ပေးခဲ့ မှုများကြောင့် မှန်ကန်သည့် လမ်းကြောင်းပေါ်သို့ ရောက်နေပြီဖြစ်ပြီး အမေရိကန် အပါအဝင် အနောက်နိုင်ငံများ ကလည်း မြန်မာနိုင်ငံတွင် မြန်ဆန်သော အပြောင်းအလဲများကို လိုလားကြောင်း အင်ဒိုနီးရှားဝန်ကြီးက ထည့်သွင်း
ပြောသွားသေးသည်။

မြန်မာနိုင်ငံကို အာဆီယံ ဥက္ကဋ္ဌရာထူးပေးရေး ဆုံးဖြတ်ချက် ချခြင်းကို ကန့်ကွက်ပြောဆိုမှုများ ရှိနေသော်လည်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ၏ အတည်ပြုချက် ရရှိပြီးနောက် အာဆီယံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကောင်စီတွင် ဆက်လက် ဆွေးနွေးကာ အတည်ပြုချက် ရယူသွားမည် ဖြစ်သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates