Wednesday, November 16, 2011

ပမာဏလျော့ဝယ်မယ့် အရန်ဆန်

သဲသဲ | ဗုဒ္ဓဟူးနေ့၊ နိုဝင်ဘာလ ၁၆ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၅၄ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ စပါးဈေးကျသည့်အတွက် တောင်သူများ အရှုံးမပေါ်စေရန် နိုင်ငံတော်မှ အရန်ဆန် တန်ချိန် တသန်းကို အာမခံဈေးနှုန်းဖြင့် ဝယ်ယူမည့် အစီအစဉ်မှာ ညှိနှိုင်းဆဲဖြစ်ပြီး တန်ချိန်ပြည့် ဝယ်ယူနိုင်မည် မဟုတ်ကြောင်း  မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်အသင်းက ပြောသည်။

စပါးဈေးကျဆင်းခြင်းမှာ လယ်မြေများ ရေလွှမ်းမိုးခြင်း၊ ဒေါ်လာဈေး ကျဆင်းလာ၍ ပြည်ပတင်ပို့မှု နည်းလာခြင်းကြောင့်ဖြစ်ပြီး တောင်သူများ နစ်နာမှုအား ပံ့ပိုးသည့်အနေဖြင့် အရန်ဆန်အဖြစ် ဝယ်ယူရန် သမ္မတ ဦးသိန်းစိန်က သြဂုတ်လအတွင်း နေပြည်တော်တွင် ပြုလုပ်သည့် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အရန်ဆန် ဝယ်ဖို့ကို ဒေသအလိုက်တာဝန်တွေ ပေးပြီးလုပ်ဖို့ပေါ့။ သို့သော် ဝယ်မယ်ဆိုရင်တောင် အဲဒီလောက် အများကြီး တခါတည်း မဝယ်နိုင်ပါဘူး။ အခုက ညှိနှိုင်းနေရတုန်းပါပဲ၊ တိုးတက်မှုမရသေးဘူး” ဟု ဆန်စပါး လုပ်ငန်းရှင်များ အသင်း ဒုဥက္ကဌ ဦးစိန်ဝင်းလှိုင်က မဇ္ဈိမကို ပြောသည်။

ယင်းအရန်ဆန် တသန်းကို အစိုးရနှင့် ဆန်ကုန်သည်များက ငွေကြေးထက်ဝက်စီ စိုက်ထုတ်ဝယ်ယူရမည် ဖြစ်သည်။

ဒီဇင်ဘာလအတွင်း အရန်ဆန်ဝယ်ယူနိုင်ရန်အတွက် သက်ဆိုင်ရာသို့ တင်ပြားပြီး အာမခံဈေး သတ်မှန်ရနှင့် ဝယ်ယူရေး လုပ်ငန်းစဉ်အတွက် မူဝါဒညှိနှိုင်းရန် ယခုတပတ်အတွင်း ဆန်စပါးလုပ်ငန်းရှင်များ ဗဟိုကော်မတီ အစည်းအဝေးပွဲ ခေါ်ယူသွားရန် စီစဉ်ထားသည်။

သြဂုတ်လနှောင်းပိုင်းကလည်း ဆန်စပါးအထူးပြုကုမ္ဗဏီများက စပါးတင်းတရာလျှင် ကျပ်လေးသိန်းဖြင့် အာမခံပေးကာ ဝယ်ယူမှုများ စတင်ခဲ့သေးသည်။ သို့သော် ဝယ်ယူမှုမှာ ကုမ္ဗဏီမှ မျိုးစပါးနှင့် နည်းပညာ ရယူစိုက်ပျိုး သည့် တောင်သူများအတွက်သာ ဖြစ်ခဲ့သည်။

“အထူးပြုကုမ္မဏီတွေက တောင်သူတွေကို အာမခံထားတာရှိပါတယ်။ လေးသိန်းနဲ့ ဝယ်ဖို့လေ။ အဲဒီမှာ ခြွင်းချက်တော့ ရှိတာပေါ့။ သူတို့ပေးတဲ့မျိုးကို စပါးမျိုးကိုစိုက်ပြီးတော့ သူတို့ပေးတဲ့ နည်းစနစ်နဲ့ အကူအညီနဲ့ စိုက်တဲ့ စပါး ဆိုရင်ပေါ့” ဟု ဦးစိန်ဝင်းလှိုင်က ဆိုသည်။

ပြည်ပဆန်တင်ပို့မှုလည်း ယခုနှစ်အတွင်း သိသာစွာ ကျဆင်းလျက်ရှိပြီး ၂ဝ၁ဝ ခုနှစ်က တန်ချိန် ရှစ်သိန်းခန့် ရှိခဲ့သော်လည်း ၂ဝ၁၁ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ တန်ချိန် သုံးသိန်းခွဲသာ တင်ပို့နိုင်ခဲ့သေးသည်။

ယင်းကဲ့သို့ ပြည်ပဝယ်လက် နည်းပါးမှုကြောင့် တောင်သူများ တွက်ခြေကိုက်စေမည့် အာမခံဈေးနှုန်း သတ်မှတ်ရေး မှာ အခက်တွေ့နေသည်ဟု ဆန်စပါးလုပ်ငန်းရှင်များက ပြောဆိုသည်။

ယင်းအပြင် ပြည်ပတင်ပို့မှုနည်းခြင်းကြောင့် ပြည်တွင်းတွင်လည်း တောက်လျောက်ဆိုသလို စပါးဈေး ကျဆင်း လျက်ရှိရာ စပါးပေါ်ဦးစတွင် ဧရာဝတီနှင့် ပဲခူးတိုင်းအတွင်း ဧည့်မထမှာ ကျပ် နှစ်သန်းရှစ်သောင်းနှင့် ဆင်းသွယ် လက်စပါးမှာ သုံးသိန်းနှစ်သောင်းသာ ပေါက်ဈေးရှိသည်။ ယင်းဈေးနှုန်းသည် ယခင်နှစ်ကထက် ကျပ်ငါးသောင်း ခန့် လျော့နည်းသည်။

“အခုကတော့ အစိုးရပေါ်ပဲ မူတည်တော့တယ်။ သုံးသိန်းခွဲနဲ့ ထိန်းပေးမယ်ဆိုပြီး တောက်လျောက် ပြောနေတာ အခုထိတော့ မလုပ်ပေးသေးဘူး” ဟု ဧရာဝတီတိုင်း မော်ကျွန်းမြို့နယ် လယ်သမားတဦးက မဇ္ဈိမကို ပြောသည်။

ပဲခူးတိုင်း သနပ်ပင်မြို့နယ်မှ လယ်သမား တဦးကလည်း “စပါးရိတ်ချိန်မှာ လယ်ထဲရေက ပေါင်လည်လောက် ရှိနေသေးတယ်။ လှမ်းဖို့မရှိတော့ ကားလမ်းပေါ် တက်လှမ်းထားရတယ်။  ရေထိစပါး ဆိုတော့ ပေါက်ဈေးတောင် မရဘူး” ဟု ဆိုသည်။

ယင်းအပြင် အရန်ဆန်ဝယ်ယူမည်ဆိုပါက အာမခံဈေးနှုန်းအား တင်းတရာလျှင် ကျပ်သုံးသိန်းခွဲ အနည်းဆုံး ထားရှိမှသာလျှင် စိုက်ပျိုးစရိတ် ကာမိနိုင်မည်ဟု တောင်သူများက ခန့်မှန်းထားသည်။

မြန်မာနိုင်ငံ၌ တနှစ်လျှင် ဆန်တန်ချိန် ၁၇ သန်း ထွက်ရှိသော်လည်း ယခုနှစ်တွင် မိုးဖျက်၍ စပါးအဓိက စိုက်ပျိုး သည့် ဧရာဝတီနှင့် ပဲခူးတိုင်းအပါအဝင် မွန်၊ ကရင်နှင့် ရခိုင်ပြည်နယ်တို့တွင် စပါးခင်းများ ပျက်စီးခဲ့ရသည်။

ယင်းအတွက် ယခုနှစ် ဆန်ထွက်နှုန်းမှာ ၁ဝ ရာခိုင်နှုန်းအထိ ကျဆင်းဖွယ်ရှိသည်ဟု ဆန်စပါး လုပ်ငန်းရှင်များ အသင်းက ခန့်မှန်းထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates