Tuesday, November 15, 2011

တောက်တဲ့သတင်း မှားယွင်းကြောင်း 7DAY ဖြေရှင်း

(ကြားဖြတ်နှင့် သတင်းအကျဉ်း)

သဲသဲ | အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၁ မိနစ်


နယူးဒေလီ(မဇ္ဈိမ) ။         ။ ဂျာနယ်တွင် ဖော်ပြခဲ့သည့် ကျပ်သိန်းပေါင်း တသောင်းခုနှစ်ထောင်တန်
တောက်တဲ့  သတင်းပါ ဓါတ်ပုံနှင့် သတင်းအချက်အလက်အများစုမှာ တောက်တဲ့အဝယ်တော်တဦး၏ လုပ်ကြံပြောဆိုမှုသာဖြစ်၍ သတင်းမှားယွင်းခဲ့ကြောင်း ပြည်တွင်းထုတ် 7 DAY သတင်းဂျာနယ်က
ပြောဆိုသည်။

“သုံးပေခွဲကျော်ရှိ တောက်တဲ့ တကောင် ကျပ်သိန်းပေါင်း တသောင်းခုနစ်ထောင်ဖြင့် ဝယ်ယူ” ဟူသည့် ခေါင်းစဉ်ဖြင့် နိုဝင်ဘာလ ၁၀ ရက်နေ့ထုတ် ဂျာနယ်မျက်နှာဖုံး၌ ဓါတ်ပုံနှင့်တကွဖော်ပြခဲ့ရာ ယင်းသတင်း မှားယွင်းသဖြင့် စာဖတ် ပရိတ်သတ်အား တောင်းပန်ကြောင်း အင်္ဂါနေ့တွင် မြန်မာနိုင်ငံတွင်း အရောင်းရဆုံးဂျာနယ်တခုဖြစ်သည့် 7 DAY ၏ လူမှုကွန်ယက်အင်တာနက် စာမျက်နှာ Facebook ၌ ရေးသားထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကျောက်ဆည်ကျေးရွာတွင် ဖြစ်ပေါ်ခဲ့သည့် တောက်တဲ့ရောင်းဝယ်မှုတွင် တောက်တဲ့ အဝယ်တော် ဆိုသူက အင်တာနက်တွင် ဖော်ပြထားသည့် ထိုင်းနိုင်ငံမှ တောက်တဲ့ဓာတ်ပုံအား ကုန်သည်ထံ ပြသခဲ့ကြောင်းနှင့် ကုန်သည်ကလည်း ယုံကြည်သည့်အတွက် ကျပ်သိန်းပေါင်း တသောင်းမှ စတင်ပေးခဲ့သည်။

ယင်းနောက် ဈေးမတည့်သည့်အတွက် ကျပ်သိန်းပေါင်း တသောင်း ငါးထောင်အထိ ဈေးတိုးပေးခဲ့ရာ ပွဲစားက တခြား သူတဦးအား ကျပ်သိန်းပေါင်း တသောင်းခုနစ်ထောင်ဖြင့် ရောင်းချခဲ့ပြီးဖြစ်ကြောင်း
ပြောဆိုခဲ့သည်ဟု ကုန်သည်၏ ပြောဆိုမှုကို သတင်းယူ ရေးသားခဲ့ခြင်းဖြစ်သည်။

ယင်းကုန်သည်မှာ ယခင်ကတည်းပင် ဂျာနယ်သို့ သတင်းပေးကူညီခဲ့ပြီး ယုံကြည်ရသည့် သတင်းရင်းမြစ် ဖြစ်သည့် အတွက် ရေးသားခဲ့ခြင်းဖြစ်ကာ၊ ကုန်သည်မှ ကျပ်သိန်း ငါးသောင်းအထိ
ဈေးပေးဝယ်ယူခဲ့ သည်မှာလည်း မှန်ကန်ကြောင်း 7 DAY ဂျာနယ်က ပြန်လည်ဖြေရှင်းထားသည်။

သတင်းဖော်ပြရာတွင် တိကျ ခိုင်မာရန် အတွက် ကွင်းဆင်းလေ့လာမှု မရှိဘဲ ဖော်ပြခဲ့ခြင်းဖြစ်ကြောင်းနှင့် လုပ်ကြံ ရေးသားခြင်း မဟုတ်ကြောင်းလည်း ဖြေရှင်းချက်တွင် ပါရှိသည်။

ဂျာနယ်တွင် သတင်းပါရှိစဉ်က စာဖတ်သူများအကြား ငြင်းခုံဝေဖန်မှုများရှိခဲ့ပြီး အင်တာနက် စာမျက်နှာများနှင့် Facebook စာမျက်နှာတွင်လည်း ရေပန်းစားခဲ့သေးသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates