ဆလိုင်း ဟံသာစန်း | တနင်္လာနေ့၊ သြဂုတ်လ ၁၅ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၅၅ မိနစ်
နယူးဒေလီ (မဇ္ဈိမ) ။ ။ စာရေးဆရာကြီး နန္ဒာသိန်းဇံ (အသက် ၆၅ နှစ်) သည် တနင်္ဂနွေနေ့ည ၇ နာရီ ၁၅ မိနစ်
တွင် ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားသည်။
ကွယ်လွန်ချိန်အထိ ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်သွားခဲ့သူ ဆရာကြီး၏ ရုပ်အလောင်းအား ရေဝေးသုဿာန်တွင် ကြာသာပတေးနေ့၌ ဂူသွင်း သဂြုင်္ိဟ်မည် ဖြစ်သည်။
“မြန်မာ့ စာပေလောက အတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တခုလို့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အတွေးအခေါ် စာပေတွေ၊ ဒဿန စာပေတွေ မြန်မာ့ အတွေးအခေါ်ပေါ့ တော်တော်ကြီးကို ရေးနိုင်တဲ့ စာရေးဆရာပါ။ ဆရာရဲ့ စာပေတွေဟာ ၁၉၈၀ နှစ်များနဲ့ ၉၀ နှစ်များမှာဆိုရင် လူငယ်တွေကို တော်တော်လေး လွှမ်းမိုးနိုင်ခဲ့တယ်” ဟု ပြည်သူ့ခေတ် ဂျာနယ် အယ်ဒီတာ မောင်ဝံသက ပြောသည်။
ငယ်အမည်ရင်း “သိန်းဇံ” ဖြင့်ပင်ရေးသားသော ၁၉၆၃ ခုနှစ် နိုဝင်ဘာလထုတ် သင့်ဘဝမဂ္ဂဇင်း (အတွဲ - ၁၊ အမှတ် - ၄) တွင် “မှတ်ဥာဏ်နှင့် အတွေးအခေါ်” ဆောင်းပါးမှာ ပုံနှိပ်ဖော်ပြခြင်း ခံရသည်။
မဟာဝိဇ္ဇာဘွဲ့ ယူစဉ်က တင်သွင်းခဲ့သော ကျမ်းကို ''ဘဝအဓိပ္ပာယ်နှင့် ဘဝသစ္စာ'' အမည်ဖြင့် ၁၉၆၉ ခုနှစ်တွင် လုံးချင်းအဖြစ် ထုတ်ဝေခဲ့သည်။ ကလောင်အမည်တူ ရှိနေသည့် အတွက် နောက်ပိုင်းတွင် “နန္ဒာသိန်းဇံ”ဟု ပြောင်းလဲ ခံယူခဲ့ပြီး ဘဝဒဿနများနှင့် ဗုဒ္ဓဘာသာဆိုင်ရာ စာပေများကို ကွယ်လွန်ချိန်အထိ ရေးသားခဲ့သည်။
“ဆရာက ဟောတာ၊ ပြောတာမှာလည်း ကောင်းတယ်။ ဟောတဲ့ နေရာမှာလည်း ပုံပြင်လေးတွေနဲ့ လူတွေ နားလည်အောင် သဘောပေါက်အောင်လို့ ပြောပြတတ်တယ်။ စိတ်သဘောထားလည်း အင်မတန်ကောင်းတယ်။ နူးညံ့တယ်။ ဘယ်သူ့ကိုမှလည်း ဆရာလုပ်တာတို့ ရန်လိုတာတို့ လုပ်တာ မကြားဖူးဘူး” ဟု မောင်ဝ့သက ပြောသည်။
ကွယ်လွန်ချိန် အထိ စာအုပ် နှစ်ဆယ်ခန့် ရေးသားခဲ့ကာ ဆောင်းပါး ရာနှင့်ချီ၍ ရေးသားခဲ့ကာ ယင်းတို့ထဲမှ “ဘဝအဓိပ္ပါယ်နှင့် ဘဝသစ္စာ”၊ “ခယောင်းလမ်းကို ဖြတ်ကျော်ခြင်း”၊ “မိတ်ကောင်း ဆွေကောင်းနှင့် ခရီးသွားခြင်း”
တို့မှာ လူကြိုက်များသော စာအုပ်များ ဖြစ်သည်။ “ခယောင်းလမ်းကို ဖြတ်ကျော်ခြင်း” မှာ ၁၉၇၈ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် လုပ်သားများကောလိပ် ဒဿနိကဗေဒအသင်း၌ ဟောပြောခဲ့သော “ဘဝခရီးအတွက် အတွေးအမြင်များ” ကို ပြန်လည် ထုတ်ဝေခြင်း ဖြစ်သည်။
ဆရာကြီး နန္ဒာသိန်းဇံကို အဖ ဦးညီကွန်းနှင့် အမိ ဒေါ်ဟန်တင်တို့မှ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်၊
သောကြာနေ့တွင် ပဲခူးတိုင်း ပေါင်းတည်မြို့၌ မွေးဖွားခဲ့သည်။ မွေးချင်း (၃) ယောက်အနက် အငယ်ဆုံး ဖြစ်သည်။
၁၉၆၂ ခုနှစ်တွင် ဖြေဆိုသည့် အထက်တန်း စာမေးပွဲ၌ ပဲခူးတိုင်း တတိုင်းလုံးတွင် ပထမရခဲ့သည်။
ထို့နောက် ရန်ကုန် တက္ကသိုလ်တွင် ဒဿနိကဗေဒ အထူးပြုဖြင့် ပညာသင်ယူခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ဒဿနိက ဝိဇ္ဇာတန်း အောင်မြင်ခဲ့ပြီး ၁၉၆၈ ခုနှစ်တွင် မဟာဝိဇ္ဇာတန်း အောင်မြင်ခဲ့သည်။
ဆရာကြီးသည် ရန်ကုန်တက္ကသိုလ် ဒဿနိကဗေဒ ဌာန၌ နည်းပြဆရာ အဖြစ် ၁၉၇၀ ခုနှစ် မေလတွင် စတင် တာဝန်ထမ်းဆောင်ခဲ့ပြီး မော်လမြိုင် တက္ကသိုလ်၊ ထားဝယ် ကောလိပ်နှင့် ပုသိမ် ဒီဂရီ ကောလိပ်တို့တွင်လည်း ဒဿနိကဗေဒ နည်းပြဆရာ၊ ဌာနမှူးနှင့် ကထိက တာဝန်များ ထမ်းဆောင်ခဲ့သည်။
၁၉၈၀ တွင် ရန်ကုန်တက္ကသိုလ် ဒဿနိကဌာန၌ လက်ထောက် ကထိက ဖြစ်လာခဲ့ပြီး ၁၉၈၈ တွင် ကထိက အဖြစ် အမှုထမ်းခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် တွဲဖက်ပါမောက္ခ အဖြစ် တာဝန်ယူခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်တွင် ပါမောက္ခ
ဖြစ်လာခဲ့ပြီး ကွယ်လွန်ချိန် အထိ အမှုထမ်းခဲ့သည်။
စစ်အစိုးရက ဆရာကြီးအား ၂၀၀၄ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင် မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆရာကြီးတွင် သားသမီး မထွန်းကားခဲ့သည့် အတွက် ကွယ်လွန်ချိန်တွင် ဇနီးဒေါ်ခင်မာမာနှင့် တူ၊ တူမများ ကျန်ရစ်ခဲ့သည်။