Thursday, August 18, 2011

ပဲခူး ရေဘေးဒုက္ခသည်များ သောက်ရေသန့် မလုံလောက်

ဇွဲခန့် | ကြာသပတေးနေ့၊ သြဂုတ်လ ၁၈ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၃၂ မိနစ်

နယူးဒေလီ (မဇ္စျိမ) ။       ။ ပဲခူးမြို့နှင့် အနီးပတ်ဝန်းကျင် ရွာများရှိ ရေဘေးဒုက္ခသည် အိမ်ထောင်စု ၃,၀၀၀ ခန့် (လူဦးရေ တသောင်းခွဲ) အတွက် အိမ်ထောင်စုတစုစီကို တရက်တာသုံးစွဲရန် သောက်ရေသန့် ၅ဂါလံနှုန်း ဝေပေးနေသော်လည်း သောက်သုံးရေများ လုံလောက်မှု မရှိသေးကြောင်း သိရသည်။

“ငါးဂါလံဆန့် ရေဗုံးနှစ်ပုံလောက်ဆိုရင် မိသားစုတစုအတွက် နှစ်ရက်စာလောက်တော့ လုံလောက်တာပေါ့။ သုံးတာကတော့ သူတို့ဟာသူတို့ မိုးရေလေး ရွာတာကို ခံသုံးကြတယ်” ဟု ရေဘေးဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးနေသည့် ပဲခူး တောင်နံစုကျေးရွာ ပရဟိတကျောင်းထိုင်ဆရာတော် ဦးကိတ္တိက မိန့်သည်။

သြဂုတ်လ ပထမပတ်အတွင်း အဆက်မပြတ်ရွာသွန်းခဲ့သည့် မိုးရေချိန်ကြောင့် ပဲခူးမြို့ အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကာ ကျောက်ကြီးစု၊ ရွာသစ်၊ မဇင်း စသည့် နေရာများတွင် ရေအမြင့် လေးပေနီးပါးမျှရှိနေပြီး ပဲခူးတိုင်း သနပ်ပင်မြို့ရှိ နယ်တဝိုက်နှင့် ကဝမြို့ အနီးတဝိုက်ရှိ ကျေးရွာများမှာလည်း ရေမြုပ်နေဆဲဖြစ်ကာ သောက်သုံးရေကန်များ ရေလွှမ်းမိုးသွားခဲ့ပြီး သောက်သုံးရေ ပြတ်လပ်မှုများ ဖြစ်ပေါ်လာခဲ့ရခြင်း ဖြစ်သည်။


ရေလွှမ်းမိုးမှုကြောင့် လူပေါင်း ၁၅,၀၀၀ ကျော် ရေဘေးကယ်ဆယ် ရေးစခန်းများသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြရသည်။ ယခုအချိန်တွင် မိုးရွာသွန်းမှုမရှိတော့သော်လည်း မြေနိမ့်ပိုင်းနေရာများတွင် ရေများမကျဘဲ ရှိနေသေးသည့် အတွက် ရေဘေးဒုက္ခသည်အများစုမှာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေကြရဆဲဖြစ်သည်။

“များသောအားဖြင့်ကတော့ ဘုန်းကြီးကျောင်းမှာ ရောက်နေကြတဲ့ဒုက္ခသည်တွေ ပြန်ကြတာများတယ်။ ဒါပေမဲ့ အနိမ့်ပိုင်းက ဒုက္ခသည်တွေကတော့ မပြန်နိုင်သေးဘူး” ဟု ပဲခူးတိုင်း NLD ဥက္ကဋ္ဌ ဦးမြတ်လှမှ မဇ္စျိမကိုပြောသည်။

“စပါးတွေလဲပျက်စီးကုန်ပြီ။ ကျောင်းတွေကလဲအခု ရေမမြုပ်တဲ့ ကျောင်းတွေဆိုဖွင့်ထားပြီ။ ရေမြုပ်တဲ့ ကျောင်းတွေကတော့ အခုထိမဖွင့်နိုင်သေးဘူး” ဟု သူကဆက်ပြောသည်။

မိုးမရွာတော့သော်လည်း ယခုထိရေမြုပ်နေရခြင်းမှာ အောက်ဘက်ရှိပဲခူးမြစ်မှ ဒီရေများ အဆက်မပြတ် တက်နေခြင်းကြောင့် ဝပ်နေသည်ရေများ မဆင်းနိုင်ဘဲ ဖြစ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

ရေဘေးဒုက္ခသည်များအတွက် ရန်ကုန်၊ မန္တလေးဘက်မှ အလှူရှင်များနှင့် စေတနာရှင်များ အဆက်မပြတ်လာရောက် လှူဒါန်းနေကြပြီး ဆန်၊ ခေါက်ဆွဲခြောက်၊ ငပိနှင့် သောက်ရေသန့်များကို အဓိကထား ပေးလှူနေကြသည်။

“ကျန်းမာရေးအခြေအနေကတော့ ရေထဲမှာနေရတယ်ဆိုတော့ အအေးတွေပတ်တာပေါ့ဗျာ။ ဖျားကြ နာကြတာတွေ ရှိတယ်။ နောက်တခုက ဝမ်းဖောဝမ်းရောင်တွေ ဖြစ်ကြတယ်။ တချို့ ကလေးတွေကလဲ မိခင်ရင်ခွင်ထဲမှာ ပွေ့ထားတာတွေလဲတွေ့တယ်။ စောင်းတန်းတွေမှာ အိပ်နေတဲ့ ကလေးတွေကိုလည်း တွေ့တာပဲဗျာ့။ အအေးတွေတော့ ပတ်ကုန်ပြီ ကလေးတွေက” ဟု ဦးမြတ်လှမှ ပြောသည်။

တချို့ရေကျသွားသည့် နေရာများမှ ဒုက္ခသည်များ ပြန်သွားကြပြီးဖြစ်သော်လည်း နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာများနှင့် ကြုံတွေ့လာနိုင်သည်ဟုလည်း သူကဆိုသည်။

ရခိုင်ပြည်နယ်တွင်လည်း ဇူလိုင်လ နောက်ဆုံးပတ်နှင့် သြဂုတ် ပထမပတ်အတွင်း မိုးအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြားစသည့်မြို့နယ်များတွင် ရေလွှမ်းကာ လူနေအိမ်များ ရေနစ်မြုပ်ခဲ့ရပြီး စိုက်ပျိုးထားဆဲ လယ်ဧကပေါင်း မြောက်မြားစွာ ဆုံးရှုံးသွားခဲ့ရသည်။

မင်းပြားမြို့နယ်တခုတည်းတွင် ရေလွှမ်းမိုးမှုကြောင့် လူ ၃ ဦးသေဆုံးခဲ့ပြီး လယ် ဧကပေါင်း ၇,၀၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ရသည်။

“တဧကကို စပါးပြန်စိုက်နိုင်ဖို့အတွက် ငွေ ၁၅,၀၀၀ လောက်ကုန်မှာ။ ဇူလိုင်က ၂၉ ရက်နေ့က သမ္မတကိုယ်တိုင်ရောက်လာပြီး တဧကကို ၅,၀၀၀ နှုန်းပဲပေးခဲ့တာ။ ဘယ်လိုလုပ်ပြီးပြန်စိုက်နိုင် မှာတုန်း၊ ရေလွှမ်းသွားတဲ့ စပါးပျိုးပင်တွေ အခုထိဒီအတိုင်းပဲ” ဟု မင်းပြားမြို့နယ် လယ်သမားတဦးမှ မဇ္စျိမကို ပြောသည်။

မင်းပြားမြို့နယ်တွင် လေးမြို့ဖြစ်ရေတိုက်စားမှုကြောင့် နှစ်စဉ်နှစ်တိုင်း ကမ်းပါးပြိုပျက်မှုများလည်း ရှိနေသည်။ ထိုသို့ ကမ်းပါးပြိုပျက်လျှင် ကမ်းပါးတလျှောက်ရှိ လူနေအိမ်များနှင့် ဆိုင်ခန်းများမှာ ပြိုပျက်သွားရသည်။ သြဂုတ် ၁၃ ရက်နေ့တွင်လည်း ကမ်းပါးပြိုကျမှုကြောင့် သင်္ဘောဆိပ်ကမ်းရှိ ဆိုင်ခန်းတခန်း ပြိုကျသည့်အထဲပါသွားသည်ဟု မင်းပြားမြို့ဒေသခံတဦးမှ ဆိုသည်။

အဆိုပါ ကမ်းပါးပြိုကျမှုမှာ ယခုနှစ်တွင် အဆိုးဆုံးဖြစ်ပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်ကတည်းက နှစ်စဉ်နှစ်တိုင်း လိုလို ဖြစ်နေသည့်အတွက် ယခုအချိန်ထိ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကမ်းပါးပြိုပျက်မှု ထိန်းသိမ်းရေးအတွက် လုပ်ဆောင်မှု တစုံတရာ မရှိသေးကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဇူလိုင်လနှင့် သြဂုတ်လ နောက်ဆုံးပတ်များအတွင်း မိုးများအဆက်မပြတ် ရွာသွန်းခဲ့မှုကြောင့် ရန်ကုန်၊ မန္တလေး၊ ဧရာဝတီ၊ ပဲခူး၊ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ချင်းပြည်နယ်နှင့်ရခိုင်ပြည်နယ်များတွင် မြစ်ရေကြီးခြင်းနှင့် တောင်ကျရေ များလွန်းခြင်းကြောင့် မြေပြိုခြင်းများ၊ ရေလွှမ်းမှုများဖြစ်ပေါ်ခဲ့သည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates