Monday, August 1, 2011

ခေတ်နဲ့ မညီတဲ့ ဥပဒေတွေ ပြင်ဖို့ ၁၀ ပါတီ အဆိုပြုမည်

ထွန်းထွန်း| တနင်္လာနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၄၃ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။      ။ လွှတ်တော် အစည်းအဝေး ပြန်လည် ခေါ်ယူသည့် အခါ ခေတ်နှင့် မလျော်ညီသော ဥပဒေများ ပြင်ဆင်ရန် အဆိုတင်သွင်းမည်ဟု ဒီမိုကရေစီ မိတ်ဆွေများ ပါတီ ၁ဝ ခုက ဆုံးဖြတ်လိုက်ရာ ဒါဇင်ပေါင်းများစွာသော ဥပဒေများ ပြင်ဆင်ရန် အဆို တင်သွင်းဖွယ် ရှိသည်။

လွှတ်တော်သုံးရပ် ဒုတိယအကြိမ် ပုံမှန် အစည်းအဝေးကို သြဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပမည် ဖြစ်သည်။

တနင်္လာနေ့နေ့လယ်က ရန်ကုန်မြို့ ရခိုင်ပါတီရုံးခန်း၌ ပြုလုပ်သည့် ဇူလိုင်လ ၂၇ ရက်နေ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ပါတီများ တွေ့ဆုံမှု ပြန်လည် သုံးသပ်ပွဲတွင် ဥပဒေ ပြင်ဆင်မှုများအတွက် အားစိုက် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

“ဥပမာ ကျနော် နိုင်ငံခြားကို သွားမယ်။ ဒေါ်လာ ၅၀၀ အနည်းဆုံး လဲရမယ်ဆိုပါစို့။ ဒါတွေက ကျနော်က အိတ်စ်ပို့ လုပ်လို့ ရတဲ့ငွေ မဟုတ်ဘူးလေ။ အဲဒီတော့ ပြည်တွင်းမှာ ဒေါ်လာငွေကိုင်ရင် တရားမဝင် ဘူးဆိုပြီးမှ ကျနော့်ကို ဥပဒေ အရ အရေးယူနိုင်တယ်ပေါ့။ ဒါက လက်ရှိ ဂလိုဘယ်လိုက်ဇေးရှင်းအရ အကျုံးမဝင်တော့တဲ့ ဥပဒေတွေ ဖြစ်တယ်” ဟု မိတ်ဆွေများ ပါတီတွင် ပါဝင်သည့် ရှမ်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ ဘဏ္ဍာရေးမှူး ဦးစောသန်းမြင့်က မဇ္ဈိကို ပြောသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာကို ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များနှင့် နိုင်ငံခြား သင်္ဘောလိုင်းမှ သင်္ဘောသားများသာ တရားဝင် ကိုင်ဆောင်ခွင့် ရှိသော်လည်း အကြောင်းအမျိုးမျိုးဖြင့် ဒေါ်လာ ကိုင်ဆောင်မှု ရှိနေသည်။

မိတ်ဆွေများပါတီ ၁ဝ ပါတီတွင် အမျိုးသား ဒီမိုကရေစီ အင်အားစုများ NDF ၊ ဒီမိုကရက်တစ်ပါတီ (မြန်မာ) DPM၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ပြည်ထောင်စု ဒီမိုကရေစီပါတီနှင့် ကရင်၊ ရှမ်း၊ မွန်၊ ချင်း၊ ရခိုင် တို့ ပါဝင်သည်။

လာမည့် သြဂုတ်လ ၁ဝ ရက်နေ့တွင်လည်း DPM ရုံးခန်းတွင် ခေတ်နှင့် မလျော်သည့် ဥပဒေများအတွက် အချက်အလက်များ ထပ်မံ စုဆောင်းရန် အတွက်လည်း စီစဉ်ထားပြီး ဖြစ်သည်။

NDF ပါတီကလည်း မိမိပါတီ အနေဖြင့် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနှင့် ပတ်သက်သည့် အဆိုပြုလွှာ၊ ဥပဒေကြမ်း ၃၀ ခန့် သီးသန့် တင်သွင်းရန် စီစဉ်ထားကာ အသေးစိတ်ကိုမူ လွှတ်တော် တင်ပြီးမှသာ ထုတ်ဖော်မည်ဟု သိရသည်။

“ပထမအကြိမ်တုန်းက ကျနော် ပြောလိုက်မိလို့ တချို့ဟာတွေမှာ လွှတ်တော် မတင်ခင်မှာ ပြောလိုက်မိတဲ့ အတွက်ကြောင့်မို့လို့ နည်းနည်း အခက်အခဲ ရှိသွားတာတွေ ရှိတယ်လေ”ဟု ဦးခင်မောင်ဆွေက ဆိုသည်။

ဇန်နဝါရီလ ၃၁ ရက်တွင် စတင် ကျင်းပသည့် ပထမအကြိမ် အစည်းအဝေးတွင် NDF မှ အဆိုပြုလွှာ ၂၀ ကျော်ခန့် တင်သွင်းခဲ့ကာ နိုင်ငံရေး အကျဉ်းသား လွတ်ပေးရေး၊ လွတ်ငြိမ်းချမ်းသာခွင့် ပေးရေး ကိစ္စများကို လွှတ်တော် မတင်ခင် ပြည်ပမီဒီယာများသို့ ဖြေကြားခဲ့သည့်အတွက် လွှတ်တော်တွင် ယင်းအဆို ပယ်ချခံ ခဲ့ရသည်။

ညီနောင် ၁ဝ ပါတီဝင် ရှမ်းနှင့် ရခိုင်ပါတီတို့ကလည်း မိမိတို့အနေဖြင့် လတ်တလော် ဖြစ်ပျက်နေသည့် ပြည်တွင်းစစ် ငြိမ်းချမ်းရေး အတွက် အဆိုပြုသွားမည် ဖြစ်ကြောင်း သိရသည်။

“မငြိမ်းချမ်းသေးတဲ့ ကိစ္စလေးတွေလည်း လောလောဆယ် ဖြစ်နေတဲ့ အခါကျတော့ အဲဒါတွေကိုလည်းပဲ ငြိမ်းချမ်းအောင်များ ပြည်ထောင်စု လွှတ်တော်က ကြပ်မတ် ပေးနိုင်မလား။ အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကြားမှာလေ။ ဒါက အကုန်လုံးနဲ့ ဆိုင်ပါတယ်” ဟု ရခိုင်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ပါတီဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ပြောသည်။

သို့သော် ဥပဒေ ပြင်ဆင်ရေး အဆိုကို ယခု လွှတ်တော်တွင် လက်မခံပါကလည်း နောက်လာမည့် လွှတ်တော်များတွင် ထပ်မံ တင်သွင်းသွားရန် စီစဉ်ထားခြင်းမှ တပါး ပါတီများက အရေးယူ ဆောင်ရွက်ရန် အစီအစဉ် မရှိတာကို လည်း တွေ့ရသည်။

“ပထမအကြိမ် လွှတ်တော် အစည်းအဝေးက နအဖက ခေါ်ပြီးတော့ကာ အစိုးရ အဖွဲ့ဝင်ဟောင်းတွေက ဖြေကြား သွားတဲ့အခါမှာ သူတို့ လုပ်ကိုင်ခဲ့တဲ့ ဟာတွေကိုပဲ ကာကွယ် ပြောဆိုသွားတဲ့ အခါကျတော့ အနာဂတ်မှာ ဘာလုပ်ပေးမယ် ဆိုတာ ကတိကဝတ် ကျနော်တို့ မရခဲ့ပါဘူး။ သမ္မတ အသစ်က တက်လာပြီးတော့ ကျင်းပမယ့် လွှတ်တော်ထဲမှာ ဆိုရင်တော့ဖြင့်ရင် ပိုပြီးတော့ တိကျတဲ့ အဖြေတွေ၊ လုပ်ကိုင်မယ့်ဟာတွေရဲ့ အလားအလာတွေကိုတော့ ပိုပြီးတော့ မြင်ရလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်” ဟု ဦးခင်မောင်ဆွေက ဆိုသည်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဦးဟန်ရွှေကလည်း “အစိုးရသစ်ရဲ့ လုပ်ငန်းနဲ့ ပတ်သက်လို့ ပေါ်လာမှာပေါ့။ မေးတဲ့ မေးခွန်းတွေနဲ့ ပြန်ဖြေတဲ့ဟာနဲ့ ပတ်သက်လို့ အစိုးရ အသစ်အနေနဲ့ ဘယ်လောက် လုပ်နိုင်သလဲ၊ မလုပ်နိုင်ဘူးလဲ၊ ဘယ်လောက် အကောင်အထည် ဖော်နိုင်သလဲ စသဖြင့် ဒီနေရာ အားသာချက် ဘာလဲ၊ အားနည်းချက် ဘာလဲဆိုတဲ့ ဒီလိုအရည်အသွေးတွေလဲ စိစစ်တဲ့ သဘောမျိုးလည်း အခုလာမယ့် အစည်းအဝေးက ဖြစ်လာနိုင်တယ်” ဟု ပြောသည်။

နေပြည်တော်နှင့် နီးစပ်သူများ အဆိုအရ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက တိုင်းပြည်တွင် ပြုပြင်ပြောင်းလဲ မှုများ ဖြစ်ထွန်းလာရေးနှင့် လွှတ်တော်၏ အခန်းကဏ္ဍ အားကောင်းလာရေးအတွက် လွှတ်တော်အတွင်း အဆိုပြုမှု များကို အားပေးသွားမှာ ဖြစ်သည်ဟုလည်း ဆိုသည်။

သို့သော်လည်း ပထမအကြိမ် လွှတ်တော် ခေါ်ယူစဉ်က အဆိုပြုချက် အများမှာ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ အမတ်များ ကြီးစိုးထားသော လွှတ်တော်တွင် နောက်နောင်တွင်သာ ဆွေးနွေးရန်သာ ဆုံးဖြတ်ခံရသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates