Friday, August 12, 2011

မြန်မာ အာဆီယံဥက္ကဋ္ဌ ဖြစ် မဖြစ် နိုဝင်ဘာတွင် ဆုံးဖြတ်မည်ဟု ဝန်ကြီးပြော


မဇ္ဈိမသတင်းဌာန| သောကြာနေ့၊ သြဂုတ်လ ၁၂ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၄၁ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။      ။ လာမည့် နိုဝင်ဘာအတွင်း အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့၌ ကျင်းပမည့် ၁၉ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံတွင် မြန်မာနိုင်ငံကို ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ခန့်အပ်ရေးနှင့် ပတ်သတ်၍ တိကျသေချာသည့် အဖြေတခု ဆုံးဖြတ်ပေးမည်ဟု မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက ပြောကြား လိုက်သည်။

သြဂုတ်လ ၈ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် အာဆီယံနေ့ အထိမ်းအမှတ်ပွဲတွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ယခုကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။


အစိုးရသစ် တက်ပြီးနောက် မြန်မာနိုင်ငံက ၂ဝ၁၄ ခုနှစ်တွင် အာဆီယံ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လို
သောကြောင့် လာအိုနိုင်ငံက သူ၏ အလှည့်ကျသည့် ၂ဝ၁၄ ခုနှစ်ကို မြန်မာနိုင်ငံ အတွက် အလှည့် ကျော်ပေးခဲ့ခြင်း
ဖြစ်ကာ အမှန်တကယ် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမည့် နှစ်မှာမူ ၂ဝ၁၆ ခုနှစ်မှ ဖြစ်သည်။

လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒီမိုကရေစီရေးရာ ဆောင်ရွက်ချက်များနှင့် ပတ်သတ်ပြီး နိုင်ငံတကာ၏ ဖိအားပေးမှုများ ရှိနေသောကြောင့် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲမှုများကို လေ့လာနေဆဲသာ ဖြစ်ကာ အာဆီယံ အဖွဲ့ကြီးက ပြီးခဲ့သည့် မေလတွင် ပြုလုပ်ခဲ့သည့် ၁၈ ကြိမ်မြောက် အာဆီယံ ထိပ်သီး ညီလာခံတွင်ပင် မြန်မာနိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်ရေးနှင့် ပတ်သတ်ပြီး တိကျသည့် အဖြေမပေးခဲ့ချေ။

လက်ရှိတွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်နေသည့် အင်ဒိုနီးရှားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီး
ဒေါက်တာ မာတီနာတာဂါလီဝါ ခေါင်းဆောင်သည့် သံတမန်အဖွဲ့ မြန်မာနိုင်ငံသို့ မကြာမီ လာရောက်ဖွယ် ရှိကြောင်းလည်း သိရသည်။

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် တရားဝင် အသိအမှတ် မပြုခင်ကပင် ထိုအာဆီယံ ထိပ်သီး ညီလာခံ ပြုလုပ်ရန်
ပြင်ဆင်ရေး ကော်မတီများ ဖွဲ့စည်းထားရှိပြီး ဖြစ်သောကြောင့် ၂ဝ၁၄ ခုနှစ်တွင်  ဥက္ကဋ္ဌဖြစ်ကို ဖြစ်မည် ဆိုသော ယုံကြည်ချက်လည်း ရှိနှင့်ပြီး ဖြစ်ကြောင်း ယူဆရသည်။

ပဲခူးရေးကြီးသည့် ပုံများ (ကြာသပတေးနေ့, ၁၁ - ၈- ၂၀၁၁)


 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates