Monday, August 8, 2011

အတိုက်အခံများ ကျင်းပ

မဇ္ဈိမသတင်းဌာန| တနင်္လာနေ့၊ သြဂုတ်လ ၀၈ ရက် ၂၀၁၁ ခုနှစ် ၁၉ နာရီ ၂၅ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။        ။ ဒီမိုကရေစီတောင်းဆိုသော နိုင်ငံအဝှမ်း လူထုအုံကြွမှုကြီး၏ ၂၃ နှစ်မြောက်
နှစ်ပတ်လည် နေ့တွင် အစိုးရဘက်မှ တိတ်ဆိတ်နေချိန် အတိုက်အခံများက ဘာသာရေးနှင့် ဆက်နွယ်ကာ အမှတ်တရ အခမ်းအနားများ ပြည်တွင်း ပြည်ပတွင်  သောကြာနေ့က ပြုလုပ်ကြသည်။


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ရန်ကုန် နိုင်ငံရေးအင်အားစုများက ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်တွင် ဝါဆိုသင်္ကန်းကပ်လှူပွဲကို မနက်ပိုင်းတွင် ပြုလုပ်ကြသည်။

၈၈ မျိုးဆက် ကျောင်းသူတဦးဖြစ်သူ ပွဲပြန်ကြားရေးတာဝန်ခံ မခင်မိုးအေးအပြောအရ နိုင်ငံရေးအင်အားစု
အစုံအလင် တက်ရောက်သည့်ပွဲဖြစ်ပြီး ဂီတ၊ ပန်းချီ၊ စာပေ အသိုင်း အဝိုင်းနှင့်၊ လူမှုရေးအဖွဲ့ အစည်းများ
စုစုပေါင်း ပရိတ်သတ် ၃,ဝဝဝ ကျော်မည်ဟု ဆိုသည်။

ကျောင်းထိုင်ဆရာတော်ကြီး ဗဟိုသံဃာ့ဝန်ဆောင် ဘန္ဒန္တ ဦးဥဂ္ဂံသ အပါအဝင် ကျောင်းရှိသံဃာ ၁၁၈ ပါး
သာမက ၂ဝဝ၇ ခု စက်တင်ဘာလ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ထောင်ကျခဲ့ဖူးသော ပင့်သံဃာ ၁ဝ ပါး
တို့ကို ဝါဆို သင်္ကန်းကပ်လှူပြီး ဆွမ်းကပ်ခဲ့ကြသည်။

သက်တော် ၈၁ နှစ်၊ ဝါတော် ၆ဝ ရှိ နတ်မောက်ဇာတိ ဆရာတော် ဘန္ဒန္တ ဦးဥဂ္ဂံသ က “အစားဆန်း၊ အနေဆန်း၊ အဝတ် ဆန်းတွေကို မတပ်မက်ကြပါနဲ့ အတွေးဆန်းကြပါ၊ အတွေးရဲကြပါ၊ အတွေးပေါက်ကြပါ။ ဒါဆိုရင် ပေးတိုင်း မယူကြတဲ့ စိတ်၊ ကျွေးတိုင်း မစားကြတဲ့စိတ်၊ ခြောက်တိုင်းမကြောက်ကြတဲ့စိတ်၊ မြှောက်တိုင်း မမြောက်ကြတဲ့ စိတ်တွေ ပေါ်ပေါက်လာပြီး အဲဒီစိတ်ထားတွေက တဆင့် ပြန်လည်စည်းလုံးရေး၊ ငြိမ်းချမ်းရေးကို လုပ်နိုင် ကိုင်နိုင်
ကြပါလိမ့်မယ်” ဟု ထည့်သွင်း ဟောကြားသွားခဲ့သည်။

ရှစ်လေးလုံး ၂၃ နှစ်ပြည့် အခမ်းအနားသို့
တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်
ဧည့်သည်တော် မှတ်တမ်းတွင် အမှတ်တရ
စကား ရေးသားနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
အခမ်းအနား ဧည့်သည်တော် မှတ်တမ်းတွင် ဒေါ်အောင်ဆန်းစုကြည်က “မေ့မရနိုင်တဲ့ အကြောင်းရင်းကို စဉ်းစားကြစေချင်ပါတယ်” ဟု  အမှတ်တရ စကားအဖြစ် ရေးသားသွားခဲ့သည်။

ကွယ်လွန်သူ အာဏာရှင် ဦးနေဝင်း ဦးဆာင်သော အငြိမ်းစား စစ်ဘက် အရာရှိကြီးများထူထောင်သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီက တပါတီ အစိုးရ အဖြစ် ၂၆ နှစ်ကြာ အုပ်ချုပ်ပြီးသည့်အခါ ပါတီစုံ ဒီမိုကရေစီ
တောင်းဆို သော လူထုအုံကြွမှု နိုင်ငံအဝှမ်း သြဂုတ် ၈ ရက်၊ ၁၉၈၈ ခုနှစ်တွင် စတင်ခဲ့သည်။ တက္ကသိုလ် ကျောင်းသားများက စတင်ခဲ့သော အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြမှု  ၃၁ ရက် အတွင်း သမ္မတ ၃ ဆက်ကို ပြုတ်ကျသွားစေခဲ့သည်။

လူ ၃ ထောင် အနည်းဆုံး သေဆုံးသော ပစ်ခတ် ဖြိုခွင်းမှုများ စစ်တပ်က ပြုလုပ်ခဲ့ပြီးနောက် စစ်တပ်မှ တိုက်ရိုက် အုပ်ချုပ်မှု ပြန်လည်ဖြစ်ထွန်း လာခဲ့သည်။ ၁၉၈၈ ခုနှစ် အာဏာသိမ်း စစ်အစိုးရကို အမွေဆက်ခံသော အရပ်သား အစိုးရအဖြစ် လက်ရှိ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးသိန်းစိန် အစိုးရက ရှစ်လေးလုံး နှစ်ပတ်လည်နေ့နှင့် ပတ်သက်၍ တစုံတရာ ထုတ်ဖော် ပြောဆိုခြင်း မရှိသလို အကြီးဆုံးသော အတိုက်အခံဖြစ်ပြီး ပယ်ဖျက်ခံထားရသည့် အန်အယ်ဒီ ပါတီက ဘုန်းကြီးကျောင်းတွင် ဝါဆိုသင်္ကန်းကပ်ရန် ရွေးချယ်ခဲ့သည်။

“ ဒီပွဲအခမ်းအနားမှာ ကျနော်တို့ရဲ့ အကိုများဖြစ်ကြတဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျာတို့ ကိုဂျင်မီတို့ မလာရောက်နိုင်တဲ့ အချက်တွေနဲ့ နိုင်ငံရေး အကျဉ်းသားတွေ ရှိနေသေးတယ် ဆိုတဲ့အချက်တွေက စစ်မှန်တဲ့ ဒီမိုကရေစီပြောင်းလဲရေးကို အစိုးရက ဖော်ဆောင်ပါ့မလားဆိုတဲ့ သံသယကို ဖြစ်ပွားစေပါတယ်” ဟု အခမ်းအနားစီစဉ်သူတဦးဖြစ်သော ကိုမျိုးရန်နောင်သိမ်းက ပြောသည်။

အလားတူ မန္တလေးရှိ လူငယ်အဖွဲ့အစည်းစုံ စုပေါင်း၍ မန္တလေးမြို့ ရဲမွန်တောင်ရပ် ကန်တက်ကုန်း မစိုးရိမ်ကျောင်း
တိုက် တွင်လည်း အထိမ်းအမှတ်ပွဲ ကျင်းပခဲ့သည်။

ကျောင်းထိုင်ဆရာတော်ကြီး ဘဒ္ဒန္တ တေဇောဘာသ ထံ သင်္ကန်း ၈ စုံကပ်လှူခြင်း၊ သံဃာ ၈ ပါးကိုဆွမ်းကပ်ခြင်း၊ မိဘမဲ့ကလေး ၈ ဦးအတွက် တနှစ်စာ စာသင်စရိတ် ၉၆,ဝဝဝ လှူဒါန်းပြီး ကျောင်းတိုက်အတွင်းရှိ ဘုန်းတော်ကြီးသင် စာသင်ကျောင်းသား ၈ဝဝ ကျော်ကို ကြာဆံဟင်း တိုက်ကျွေးသည်ဟု အမည်မဖော်လိုသော ပွဲဖြစ်မြောက်ရေး ပါဝင်သူတဦးက ပြောသည်။

“ရှစ်လေးလုံးကို ကျနော်တို့မမေ့ဘူး။ ဒါတွေနဲ့ပတ်သက်ပြီး ကျနော်တို့မှာ လုပ်ရမယ့် ဝတ္တရားတွေ ရှိတယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးပေါ့လေ” ဟု သူက ပြောသည်။ လူ ၁ဝဝ ကျော်တက်ရောက်သည့် အခမ်းအနားတွင် ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) က အဖွင့်အမှာစကားပြောခဲ့သည်။

ရှစ်လေးလုံး လူထုအုံကြွမှုကြီး၏ ၂၃ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ပိုစတာများ ကိုင်ဆောင်ထားပြီး ကြွေးကြော်သံများ ဟစ်ကြွေးနေကြသည့် ဆန္ဒပြသူများအား ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ မြန်မာ သံရုံးရှေ့တွင် သြဂုတ်လ ၇ ရက် ၂ဝ၁၁ ခုနှစ်တွင် တွေ့ရစဉ်။ AFP PHOTO / Pornchai KITTIWONGSAKUL

မပြီးဆုံးသေးသော လူထုအုံကြွမှုမှသည် လက်နက်ကိုင်တော်လှန်ရန် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးကာ ဖွဲ့စည်း ထားသည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ) ကလည်း အစိုးရကို ပုန်ကန်နေသော ကချင်လွတ်မြောက်ရေး အဖွဲ့ ထိန်းချုပ်ထားသည့် နယ်မြေအတွင်း အထိမ်းအမှတ် အခမ်းအနား
ပြုလုပ်ခဲ့ကြသည်။

မြန်မာ တရုတ်နယ်စပ်မြို့တခု ဖြစ်သည့် လိုင်ဇာတွင် ပထမဆုံးအကြိမ် ရှစ်လေးလုံး အမှတ်ရပွဲ ပြုလုပ်နိုင်ခြင်း
ဖြစ်ပြီး KIO အဖွဲ့ဝင်များ၊ ကချင် ရပ်မိရပ်ဖများနှင့် အမျိုးသမီး သမဂ္ဂများ အပါအဝင် လူ ၂ဝဝ ကျော် တက်ရောက်
ကြသည်။

မကဒတ (မြောက်ပိုင်း) အလုပ်အဖွဲ့ တာဝန်ခံ ကိုလှစိုင်းက “ ဒီနေ့ ဒီအချိန်ခါမှာ ပြည်သူလူထု ဒုက္ခကြုံနေရတယ်၊ ကျနော်တို့ မဟာမိတ်တွေ စစ်တိုက်နေတယ်။ ကျနော်တို့လည်း ဆက်ပြီးမှ တိုက်ပွဲဝင်ဖို့ အဆင်သင့် ဖြစ်တယ်ဆိုတဲ့ အနေအထားနဲ့ ဒီနေ့ ရှစ်လေးလုံး အခမ်းအနားကို ဒီမှာ ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

ကိုယ်ပိုင်ပြဋ္ဌန်းခွင့် အတွက် နေပြည်တော်နှင့် လက်နက်ကိုင် တိုက်ပွဲ ဆင်နေရသော KIO ကို မဟာမိတ်ဟု ရည်ညွန်း ပြောဆိုသွားခြင်း ဖြစ်သည်။ မကဒတ (မြောက်ပိုင်း) အနေဖြင့် ၁၇ နှစ်အကြာတွင် ကချင်မြေအတွင်း လှုပ်ရှားမှုများ ပြန်လည် ဖြစ်ထွန်းနေချိန်လည်း ဖြစ်သည်။

ပြည်ပတွင်လည်း ရှစ်လေးလုံး အမှတ်တရအဖြစ် သောကြာနေ့တွင် အနည်းဆုံး အိန္ဒိယနှင့် အစ္စရေးနိုင်ငံများတွင်
မြန်မာအစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။

အိန္ဒိယနိုင်ငံတွင်တော့ မြန်မာဒုက္ခသည် ၈၀ ခန့်က ဂျန်တားမန်တား ပန်းခြံရှေ့တွင် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး အစ္စရေး
နိုင်ငံရောက် မြန်မာ အင်အား ၃၀ ခန့်ကလည်း  ၈၈ ကျောင်းသားခေါင်းဆောင်များ အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံး ခြွင်းချက်မရှိ လွှတ်ပေးရန် Tel Aviv တဲလ်အဗီးမြို့ မြန်မာ သံရုံးရှေ့တွင်  "we won’t forget", " We won't give up" အစရှိသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကာ  ၂ နာရီခန့် ကြွေးကြော်  ဆန္ဒပြခဲ့ကြသည်။

“ဒီမိုကရေစီ အင်အားစုတွေဟာ နအဖ စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုနေတာ ၂၃ နှစ် ရှိနေပြီ ဘာမှ မထူးလာသေးပါဘူး၊ ဒီလိုမျိုး တောင်းဆိုနေမယ့်အတူတူ အာရပ်နိုင်ငံတွေလိုမျိုး လူထုတိုက်ပွဲကနေ နအဖ အစိုးရကို ဖယ်ရှားကြဖို့ မတ်ဆေ့ ပေးချင်တယ်” ဟု ဆန္ဒပြပွဲဦးဆောင်သည့် Burma Action for Israel အဖွဲ့ ခေါင်းဆောင် ကိုပိုင်သူဝင်းက မဇ္ဈိမကို ပြောသည်။ 

 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates