နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု ( ၁ ဇန်နဝါရီ ၂၀၂၆ )

အမျိုးသားညီညွတ်ရေး အစိုးရ

ယနေ့ကျရောက်သော နှစ်သစ်အခါသမယနေ့၌ နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေ့ရှုသော အားဖြင့်လည်း ကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထား မှုကို အလေးထားသောအားဖြင့် လည်း ကောင်း၊ အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/အကျဉ်းသူ ၁၁၀ ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ စည်းကမ်းသတ်မှတ်ချက်မထားပဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးက ထုတ်ပြန်သည်။

ရုရှားနှင့် အိမ်နီးချင်းနိုင်ငံအချို့က စစ်အာဏာရှင်သက်ဆိုးရှည်အောင် အားပေးနေသလိုတွေ့ရပြီး အာဏာသိမ်းစစ်ကော်မရှင်အပေါ် စစ်ရေးအကူအညီပေးမှုနှင့် နည်းပညာပံ့ပိုးမှုပြုလုပ်ခဲ့၍ ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေ အချို့ ပြန်လည်လက်လွှတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တော်လှန်ရေးအင်အားစုများအကြား ပိုမိုခိုင်မာသည့် စုဖွဲ့မှုကို ဆက်လက်အားစိုက်တည်ဆောက်မည်ဖြစ်ကြောင်း ယီသမ္မတ ဒူဝါလရှီးလ က ယနေ့အသိပေး ပြောကြားသည်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၄၀ထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများရရှိကြောင်း နေပြည်တော် တိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် က ယနေ့ ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ အမှတ် (၁) စစ်ဒေသ ကွပ်ကဲမှုအောက်ရှိ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ အပတ်စဥ် (၅) အခြေခံ စစ်သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၃၁ ရက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၌ ဒီဇင်ဘာလအတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သံဃား၂ပါးနှင့် ပြည်သူ ၂၆ ဦး သေဆုံးကာ ၄၀ ကျော် ဒဏ်ရာရခဲ့ကြောင်း Wetlet Informational Network ၏ စာရင်းများ အရ သိရသည်။

စစ်ကိုင်းတိုင်း၊ရေဦးမြို့ ကြာဖူးအဝိုင်း စစ်ဆေးရေးဂိတ်မှ သေနတ် ၂ လက် အပါယူကာ အလင်းဝင်ခဲ့သည့် တပ်သား ကျော်မျိုးသူကို ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်ပေးခဲ့ကြောင်း Wolf Guerrilla LDF Ye.U Air Force အဖွဲ့မှ ယနေ့ ထုတ်ပြန်သည်။

မွန်ပြည်နယ်၊ရေးမြို့နယ်၊ အခြေစိုက် အကြမ်ဖက်စစ်တပ်၏ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာနချုပ် အမှတ် (၁၉) မှ ထွက်ပြေးလာသည့် အဓမ္မစစ်မှုထမ်း စုဆောင်းခံရသော လူငယ် ၂ ဦးကို အရှင်ဖမ်းမိခဲ့ကြောင်း တပင်ရွှေထီး ကိုကျိုက် ပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်သည်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းအတွင်း၌ စစ်တပ်သင်္ဘောတစ်စီးကို တိုက် ခိုက်ခဲ့ရာ တပ်မ ၉၉ မှ ဒုတပ်ကြပ်စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း ရေစကြို PDF တပ်ဖွဲ့ထံမှ သိရသည်။

ဂျပန်နိုင်ငံ အိုဆာကာမြို့တွင် ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့က မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးတောင်းဆိုပွဲကို ဇန်နဝါရီလ ၁ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

၂၀၂၆ သည် ကရင်နီပြည်၏ အမျိုးသားလွတ်မြောက်ရေးအိပ်မက်ကို အမှန်တကယ်အစပြု ဖော်ဆောင် နိုင်သည့် နှစ်တစ်နှစ်ဖြစ်လာစေရန်နှင့် မြန်မာပြည်သူတစ်ရပ်လုံးအတွက် အတူတကွ လက်တွဲညီညွတ်စွာ ဆက်လက်ကြိုးပမ်းကြရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC)ဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ မင်းဘူး -အမ်း လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် ကင်းစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် -အရှို ကထုတ်ပြန်သည်။

ရခိုင်ပြည်နယ်၊ သံတွဲမြို့ အမှတ် ၁ ရပ်ကွက်ကို အကြမ်းဖက် စစ်တပ်က နှစ်သစ်ကူး ညပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေကြောင်း အာရက္ခတပ်တော်-AA က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ

စစ်ကော်မရှင်က ကျင်းပသည့် ရွေးကောက်ပွဲတွင် အနိုင်ရသည့်ပါတီကို အစိုးရတာဝန်များ လွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောပြန်သည်။

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်တွင် ရခိုင်ပြည်နယ်ကိုပို့ဆောင်မည့် ငွေကျပ် ၃၇ ဘီလီယံ ကျော်တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားတွေ ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

စစ်တပ်က မန္တလေး-မတ္တရာ-စဉ့်ကူး-သပိတ်ကျင်းလမ်းကြောင်းကို အပြည့်အဝစိုးမိုးပြီးဖြစ်သည့်အတွက် ပြန်လည်ထိန်းချုပ်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသည့် ပြောင်းလဲမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောသည်။

ပို့ကုန်ရငွေများ အပြည့်အဝ ပြန်လည်ဝင်ရောက်ပြီးဖြစ်သည့် ကုမ္ပဏီ ၂၉ ခုအား အမည်ပျက်စာရင်း (Black Lists) ထည့်သွင်းခြင်းမှ ပယ်ဖျက်ကြောင်း ဗဟိုဘဏ်ကြေညာသည်။

သစ်တောထွက်ပစ္စည်းများ တရားမဝင် ထုတ်လုပ်မှု‌လျော့နည်း ပပျောက်စေရေးအတွက် ဆောင်ရွက် လျက်ရှိရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာ ၂၂ ရက်နေ့အထိ တရားမဝင် သစ် ၄၀၈၈ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။

ပြည်ပသို့ အရေးပေါ် သွားရောက်လိုသူများအနေဖြင့် အွန်လိုင်း booking တင်ရာ၌ စောင့်ဆိုင်းရန် မလိုဘဲ အမြန်ဝန်ဆောင်မှုကို နိုင်ငံကူးလက်မှတ်စာအုပ် ဖိုးအပါအဝင် အမြန်ဝန်ဆောင်ခ ကျပ် ၅၄၅,၀၀၀ ဖြင့် ဇန်နဝါရီ ၅ ရက်နေ့ စတင်ထုတ်ပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးက ယနေ့တွင် အသိပေးထုတ်ပြန်ထားသည်။

Popular posts from this blog

နအဖ အဖွဲ့ဝင်များနှင့် စစ်အရာရှိကြီးများ စဉ် ဌာန ၁ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၂ ဒုတိယတပ်မတော် ကာကွယ်ရေး

ထိုင်းဘတ်ငွေတန်ဖိုး မာပြီး ရွှေဥ ဥပေးသော ငန်းကြီး ပျောက်ကွယ်သွားသောအခါ

လုံခြုံရေးနှင့်တရုတ်ဆိုင်ရာ စိုးရိမ်မှုများကြောင့် ချစ်ပ်အရောင်းအဝယ်ကို ထရမ့် တားမြစ်