ထိုင်းဘတ်ငွေတန်ဖိုး မာပြီး ရွှေဥ ဥပေးသော ငန်းကြီး ပျောက်ကွယ်သွားသောအခါ
ဆယ်စုနှစ်များစွာတိုင်အောင် ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်း စီးပွားရေးက ရိုးရှင်းသော ပုံသေနည်းဖြင့် ရှင်သန်နေခဲ့သည်မှာ သင့်တင့်သော စျေးနှုန်း၊ နိုင်ငံခြားသားများ၏ အားကောင်းသော သုံးစွဲနိုင်စွမ်းနှင့် ခရီးသွားများ အဆက် မပြတ် ဝင်ထွက်နေခြင်းတို့ပဲ ဖြစ်သည်။ ခရီးသွားများက ရက်သတ္တပတ် အနည်းငယ်ကြာ လာရောက်လည်ပတ်ကြပြီး ဟိုတယ်၊ အစား အသောက်၊ ခရီးစဉ်များ၊ ဘားများ၊ ဆိုင်များနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် လက်ဖွာစွာ သုံးစွဲကြကာ နေရပ် အိမ်ပြန်ကြသည်။ ၎င်းတို့ နေရာတွင် နောက်ထပ် ခရီးသွားလှိုင်းတလှိုင်းက ချက်ချင်းဆိုသလို အစားထိုးဝင်ရောက်ပြန်သည်။ ထိုအတွက် ငွေကြေး စီးဆင်းနေကာ အလုပ်အကိုင်များ ဖန်တီးနိုင်ပြီး ဒေသခံ စီးပွားရေးလုပ်ငန်းများ ရပ်တည်နိုင်ခဲ့ကြသည်။
ထို ပုံသေနည်းက ယခုအခါ ပျက်စီးလိုက်လာသည်။
ပတ္တရားနှင့် အခြားသော ခရီးသွားဌာနများ တခွင် လမ်းမများက စည်ကားနေဆဲဟု ထင်ရပေလိမ့်မည်။ ခရီးသွားလုပ်ငန်း မြှင့်တင်သူများ မျှဝေသည့် ဓာတ်ပုံများတွင် ကမ်းခြေများ၌ လူ ပြည့်နှက်နေသည်။ ဝင်ရောက်လာသည့် ခရီးသွားဦးရေမှာလည်း မြင့်မားနေဆဲဖြစ်သည်။ သို့သော် ဘားပိုင်ရှင်များ၊ စားသောက်ဆိုင်ပိုင်ရှင်များ၊ ဆိုင်ရှင်များနှင့် ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူများကမူ အလွန် ကွဲပြားခြားနားသော ဇာတ်လမ်းတပုဒ်ကို ပြောပြနေကြသည်။ ယင်းမှာ ဖောက်သည် နည်းပါးလာခြင်း၊ သုံးစွဲမှု လျော့ကျလာခြင်းနှင့် အမြတ်အစွန်း ယခင်ကထက် ပိုမို နည်းပါးလာခြင်းတို့ပဲ ဖြစ်သည်။
အကြောင်းရင်းက မရှုပ်ထွေးပါ။
ထိုင်းဘတ်ငွေ တန်ဖိုးမာနေခြင်းကြောင့် ဖြစ်ပြီး ဆက်လက်၍လည်း မာနေဦးမည်ဖြစ်သည်။
ယခင်က နိုင်ငံခြား ခရီးသွား ဧည့်သည်များမှာ ငွေလဲနှုန်းကြောင့် ထိုင်းနိုင်ငံတွင် အသုံးစရိတ် သက်သာ၍ ကျေနပ်ခဲ့ကြသည်။ ဗြိတိန်ပေါင်၊ ယူရိုငွေနှင့် ဒေါ်လာတို့က ထိုင်း ဘတ်ငွေနှင့် ယှဉ်လျှင် တန်ဖို ကြီးမြင့်သည်။ ထိုအတွက် ဧည့်သည်များက တွန့်ဆုတ်မှုမရှိဘဲ သုံးစွဲခဲ့ကြသည်။ ရေရှည် နေထိုင်သူများကလည်း ကားများ မော်ဒယ်သစ် လဲစီးခြင်း၊ နေ့စဉ် အပြင်ထွက် စားသောက်ကြခြင်း၊ ပိုကောင်းသော အိမ်များကို ငှားရမ်းကြခြင်းတို့ကြောင့် ဒေသခံ စီးပွားရေးကို မရည်ရွယ်ဘဲ အထောက်အကူပြုပေးသည်။
လက်ရှိတွင်မူ ထို သုံးစွဲနိုင်စွမ်းများ ကျဆင်းသွားပြီဖြစ်သည်။ တချိန်က ဗြိတိန် အခြေခံ ပင်စင်လစာသည် ဘတ် ၇၀ ကျော်နှင့် ညီမျှကာ လက်ရှိတွင် ဘတ် ၄၀ ဝန်းကျင် ရရှိရန် အနိုင်နိုင်ပင် ဖြစ်သည်။ ရေတို လာရောက်သူများပင်လျှင် ပိုမို သတိ ထား သုံးစွဲလာကြသည်။ တော်သင့်ရုံသာ ဝယ်စားကြသည်။ သောက်စားရာတွင်လည်း တွက်ချက်ပြီး သောက်လာကြသည်။ ဈေးဝယ်ခြင်းကို ရွှေ့ဆိုင်းခြင်း သို့မဟုတ် လုံးဝ ရှောင်ကြဉ်ခြင်းတို့ ပြုလုပ်လာကြသည်။ ဆုံးဖြတ်ချက်တိုင်းကို ချိန်ချိန်ဆဆ လုပ်နေရသည်။
ဘတ်ငွေ တန်ဖိုး မာခြင်းသည် သုံးစွဲမှုကို လျော့ကျစေရုံသာမက အမူအကျင့် အပြုအမူတို့ကိုပါ ပြောင်းလဲစေသည်။
ခရီးသွားလုပ်ငန်းသည် နေ့စဉ် အသုံးစရိတ် လျှော့ချပြီး ကြာရှည်စွာ နေထိုင်ခြင်းဘက်သို့ ပုံစံ ပြောင်းလာသည်။ လနှင့်ချီ၍ နေထိုင်ကာ ဈေးပေါသည်များကို စားသောက်ခြင်း သို့မဟုတ် ကိုယ်တိုင်ချက်ပြုတ် စားသောက်ခြင်း၊ ကမ်း ခြေတွင် ထိုင်နေခြင်းနှင့် မလိုအပ်ဘဲ သုံးစွဲခြင်းကို အနည်းဆုံးဖြစ်အောင် လျှော့ချထားသော ခရီးသွားများက ဧည့် ဝင်ရောက်မှု စာရင်းကို မြင့်တက်စေသော်လည်း ဒေသခံ စီးပွားရေးလုပ်ငန်းလေးများအတွက် အထောက်အကူ မပြုသလောက်ပဲ ဖြစ်သည်။ ဆိုင်များက တိတ်ဆိတ်နေတော့သည်။ စားသောက်ဆိုင်များတွင် လူ ကင်းမဲ့နေသည်။ ဘားများတွင် လာရောက်သူများက ဝန်ထမ်းကိုသာ အတွေ့ရများသည်။
တချိန်တည်းမှာပင် ကုန်စုံ စတိုးဆိုင်ကြီးများကတော့ အလုပ်ဖြစ်နေသည်။ ခရီးသွားဧည့်သည်များက တတ်နိုင်သော စျေးနှုန်းနှင့် အဲယားကွန်းပါသော ဆိုင်များကိုသာ ရွေးကြ၍ ဒေသခံ မိသားစုတနိုင်တပိုင် ဆိုင်လေးများမှာ ရုန်းကန်နေရသည်။ ခရီးသွားလုပ်ငန်း၏ အဓိက လက္ခဏာဖြစ်သော ငွေကြေးစီးဆင်းမှုလှိုင်းဖြစ်သည့် ဝန်ထမ်းများ လုပ်ခလစာရရှိပြီး ၎င်းတို့ ကိုယ်တိုင် ဒေသတွင်း၌ ပြန်လည်သုံးစွဲခြင်း လှိုင်းကတော့ အားပျော့သွားပြီဖြစ်သည်။
ခရီးသွားလုပ်ငန်း အောင်မြင်ခြင်းသည် လာရောက်သူဦးရေပေါ်တွင် မဟုတ်ဘဲ ငွေကြေးလည်ပတ်မှုပေါ်တွင်သာ မူတည်သည်။
ထိုင်းဘဏ်များကိုယ်တိုင် ငွေကြေးဖိစီးမှုများကို ဝန်ခံထားကြသည်။ Kasikornbank – KBANK က ဇန်နဝါရီ ၅ ရက်မှ ၉ ရက်အတွင်း ဘတ်ငွေက အမေရိကန် တဒေါ်လာလျှင် ၃၁ ဒသမ ၀၀ မှ ၃၁ ဒသမ ၆၀ ဘတ်ကြား ရှိလိမ့်မည်ဟု မကြာသေးမီက ခန့်မှန်းထားရာ ၎င်းမှာ နိုင်ငံခြားသားများ၏ သုံးစွဲနိုင်စွမ်းကို ဆက်လက် ဖိစီးနေသည့် ငွေလဲလှယ်နှုန်း အဆင့်ပဲ ဖြစ် သည်။ ငွေတန်ဖိုး အားနည်းသော နိုင်ငံများမှ လာရောက်သူများအတွက်မူ ထိုင်းနိုင်ငံက စျေးသက်သာသော နေရာတခု မဟုတ်တော့ဘဲ ခြစ်ခြစ်ကုပ်ကုပ် သုံးစွဲရမည့် နေရာတခု ဖြစ်လာသည်။
နှစ်ရှည်လများ လာရောက်လည်ပတ်သူ အချို့လည်း ထိုင်းသို့ လာရောက်ခြင် ရပ်ဆိုင်းလိုက်ကြပြီ ဖြစ်သည်။ ခရီးစဉ်များက ကျဲသွားသည်။ ထိုင်းတွင် အငြိမ်းစားယူရန် အစီအစဉ်များကိုလည်း ပြန်လည်သုံးသပ်လာကြသည်။ အချို့သော သူများမှာမူ စေနှဲ၍ မဟုတ်ဘဲ လိုအပ်ချက်အရ အသုံးစရိတ်ကို အနည်းဆုံးဖြစ်အောင် တိတ်တဆိတ် လျှော့ချထားကြသည်။
ကံကြမ္မာ လှည့်ကွက်က နာကျင်စရာ ကောင်းလှသည်။ ဘဏ္ဍာရေး တည်ငြိမ်မှုနှင့် စီးပွားရေးအင်အား တောင့်တင်းမှုကို ကာကွယ်ရာတွင် ထိုင်းနိုင်ငံသည် လူသန်းပေါင်းများစွာ၏ အသက်မွေးဝမ်းကျောင်းကို ထောက်မထားသည့် အဓိက အင်ဂျင်ကို အားနည်းသွားစေရန် စွန့်စားနေရသကဲ့သို့ ဖြစ်နေသည်။ နေ့စဉ် ရွှေဥ ဥပေးသော ငန်းကြီးဆိုသည်မှာ စျေးသက်သာသော ခရီးသွားလုပ်ငန်း မဟုတ်ဘဲ သုံးစွဲမှု ရှိသော ခရီးသွားလုပ်ငန်းသာ ဖြစ်သည်။ ယခုအခါ ထို ငန်းကြီးက အစာငတ်မွတ်နေရပြီ ဖြစ်သည်။
ခရီးသွားလုပ်ငန်းမူဝါဒသည် ဧည့်ဝင်ရောက်မှု အရေအတွက် တခုတည်းဖြင့် ရပ်တည်၍ မရနိုင်ပေ။ သုံးစွဲနိုင်စွမ်း မရှိပါက လူသူမရှိသော ဆိုင်များအတွက် လှပသော ကမ်းခြေများမှာ အဓိပ္ပာယ် ရှိတော့မည် မဟုတ်ပေ။ အကယ်၍ ထိုင်းနိုင်ငံအနေဖြင့် ကျန်းမာသော ခရီးသွားစီးပွားရေးကို ပြန် လိုချင်ပါက ထိခိုက်နစ်နာမှုများ ခဏပန်း မဟုတ်ဘဲ ရေရှည် ဖြစ်မသွားမီ ငွေကြေးတန်ဖိုး မာမှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းတို့အကြား ဟန်ချက်မျှအောင် လုပ်ဆောင်ရမည်ပဲ ဖြစ်သည်။
Pattaya Mail မှ When the Thai baht rose and the golden goose disappeared ကို မိုးသဲ ဘာသာပြန်သည်။
