လုံခြုံရေးနှင့်တရုတ်ဆိုင်ရာ စိုးရိမ်မှုများကြောင့် ချစ်ပ်အရောင်းအဝယ်ကို ထရမ့် တားမြစ်
အမေရိကန် အလင်းသုံးနည်းပညာကုမ္ပဏီဖြစ်သော HieFo Corp က နယူးဂျာစီအခြေစိုက် လေကြောင်းနှင့် ကာကွယ်ရေးဆိုင်ရာကုမ္ပဏီ Emcore ၏ ပိုင်ဆိုင်မှုများအား ဒေါ်လာ ၃,၀၀၀,၀၀၀ ဖြင့် ဝယ်ယူမည့်ကိစ္စကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမျိုးသားလုံခြုံရေးနှင့် တရုတ်နိုင်ငံဆိုင်ရာ စိုးရိမ်မှုများကို အကြောင်းပြ၍ သောကြာနေ့ (ဇန်နဝါရီ ၂ ရက်) တွင် ပိတ်ပင်လိုက်သည်။
အိမ်ဖြူတော်မှ ထုတ်ပြန်သည့် အမိန့်တွင် ထရမ့်က HieFo ကုမ္ပဏီသည် “တရုတ်နိုင်ငံသားတဦး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း” နှင့် ၂၀၂၄ ခုနှစ်အတွင်း Emcore ၏ လုပ်ငန်းများကို ဝယ်ယူခဲ့မှုသည် “အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ထိခိုက်စေမည့် ခြိမ်းခြောက်မှုများကို လုပ်ဆောင်လာနိုင်သည်” ဟု ၎င်းအနေဖြင့် ယုံကြည်မိကြောင်း ဖော်ပြထားသည်။ သို့သော် အဆိုပါအမိန့်တွင် မည်သူမည်ဝါဖြစ်ကြောင်းနှင့် ထရမ့်၏ စိုးရိမ်ပူပန်မှု အသေးစိတ်ကိုမူ ထည့်သွင်းဖော်ပြထားခြင်း မရှိပေ။
“အရောင်းအဝယ်ပြုလုပ်မှုကို ယခုပင် ပိတ်ပင်လိုက်သည်” ဟု ထရမ့်က ဆိုခဲ့ပြီး HieFo အနေဖြင့် ” နေရာဒေသမရွေးရှိ Emcore ၏ အကျိုးစီးပွားများနှင့် အခွင့်အရေးများအားလုံးကို ရက်ပေါင်း ၁၈၀ အတွင်း ပြန်လည်စွန့်လွှတ်ရန်” အမိန့်ပေးခဲ့သည်။
ထရမ့်၏အမိန့် ထုတ်ပြန်ပြီးနောက် ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အမေရိကန် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကော်မတီ (CFIUS) သည် အဆိုပါအရောင်းအဝယ်ကို စုံစမ်းစစ်ဆေးရာတွင် အမျိုးသားလုံခြုံရေးအတွက် အန္တရာယ်ရှိနိုင်ကြောင်း တွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော် မည်သည့်လုံခြုံရေးအန္တရာယ်ဖြစ်သည်ကိုမူ အသေး စိတ် ဖော်ပြခြင်းမရှိပေ။
အဆိုပါကိစ္စနှင့် ပတ်သက်၍ HieFo နှင့် Emcore ကုမ္ပဏီများထံသို့ မှတ်ချက်ပေးရန် Reuters မှ ဆက်သွယ်သော်လည်း ချက်ချင်း အကြောင်းပြန်ခြင်း မရှိသေးသလို၊ သောကြာနေ့ ညနှောင်းပိုင်းအထိ ၎င်းတို့၏ ဝဘ်ဆိုက်များတွင်လည်း တစုံတရာ တုံ့ပြန်ဖော်ပြထားခြင်း မရှိပေ။
အရောင်းအဝယ်ပြုလုပ်စဉ်က အများပိုင်ကုမ္ပဏီအဖြစ် ရှယ်ယာစျေးကွက်တွင် တင်ထားသော Emcore သည် နောက်ပိုင်းတွင် ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲခဲ့သည်။ HieFo သည် Emcore ၏ ချစ်ပ်ပြားလုပ်ငန်းနှင့် အင်းဒီယမ်-ဖော့စဖိုင်ဒ် ဝေဖာပြားထုတ်လုပ်မှု လုပ်ငန်းများကို ဒေါ်လာ ၂ ဒသမ ၉၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း Emcore က ပြောကြားထားသည်။
HieFo ကမူ ၎င်းတို့ကုမ္ပဏီကို Emcore ၏ အင်ဂျင်နီယာပိုင်းဆိုင်ရာ ဒု-ဥက္ကဋ္ဌဟောင်း ဂျန်ဇောင်ကျန်းနှင့် Emcore ၏ အရောင်းဒါရိုက်တာဟောင်း ဟယ်ရီမိုးတို့က ပူးတွဲတည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ထိုစဉ်က ပြောကြားခဲ့ဖူးသည်။
Reuters မှ Trump blocks chips deal, cites security, China-related concerns အား Brownie ဘာသာပြန်သည်။
