Thursday, April 5, 2012

KNU နှင့် ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးမည်


ကိုပေါက် | ကြာသပတေးနေ့၊ ဧပြီလ ၀၅ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၀၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ) ။       ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပြုလုပ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ကရင်အမျိုးသား အစည်းအရုံး KNU ကိုယ်စားလှယ်များနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တနင်္ဂနွေနေ့တွင် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

“၈ ရက်နေ့ တွေ့မယ်လို့ သိရပါတယ်။ တခြားတော့ ဘာမှမသိရသေးပါဘူး။ အစောကြီးကတည်းက ကျနော်တို့ တတ်နိုင်တဲ့ဘက်ကနေ လုပ်ပေးမယ်ဆိုပြီး ပြောနေတာ ကြာလှပါပြီ” ဟု ပါတီပြောခွင့်ရ ဦးဟံသာမြင့် က မဇ္ဈိမကို ပြောသည်။

အထွေထွေအတွင်းရေးမှူး နော်ဇီဖိုးရာစိန် ခေါင်းဆောင်သည့် KNU ကိုယ်စားလှယ်အဖွဲ့သည် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့နှင့် ဒုတိယအကြိမ် ဆွေးနွေးရန် ရောက်ရှိနေကြခြင်းဖြစ်သည်။

အစိုးရအား ၆၃ နှစ်ကြာ လက်နက်ကိုင် တိုက်ခဲ့သည့် KNU မှာ ဇန်နဝါရီလ ၁၂ ရက်နေ့က အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပဏာမ သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး  သောကြာနေ့ ဆီဒိုးနားဟိုတယ်တွင် အစိုးရနှင့် အသေးစိတ် အချက်အလက်များအား ဆက်လက်ဆွေးနွေးကြမည် ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပတ်သက်၍ သမ္မတ ဦးသိန်းစိန်အစိုးရအနေဖြင့် အဆင့်သုံးဆင့် ချမှတ်ပြီး
ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်နေရာ ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲပြီးနောက် ပါတီများထူထောင်ပြီး လွှတ်တော်ထဲ ဝင်ရောက်ကာ ဆွေးနွေးရန် ဖြစ်သည်။

NLD အနေဖြင့်လည်း ကြားဖြတ်ရွေးကောက်ပွဲ ကြွေးကြော်သံတခုအဖြစ် ပြည်တွင်းငြိမ်းချမ်းရေးအတွက်
ဆောင်ရွက်မည်ဟု ဆိုထားပြီး တတ်နိုင်သရွေ့ ပါဝင်ကူညီဆောင်ရွက်ပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ကမ်းလှမ်းထားသည်။

KNU မှ ခွဲထွက်အဖွဲ့တခုဖြစ်သည့် ဗိုလ်ချုပ်ထိန်မောင် ၏ ကရင်ငြိမ်းချမ်းရေးကောင်စီ နှင့်လည်း တကြိမ်တွေ့ဆုံခဲ့ဖူးပြီး ဖြစ်ကြောင်း NLD ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates