Tuesday, April 3, 2012

KNU နှင့် အစိုးရ ပြည်ထောင်စု အဆင့်ဆွေးနွေးမည်


မျိုးသန့် | အင်္ဂါနေ့၊ ဧပြီလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၉ မိနစ်   

ချင်းမိုင် (မဇ္ဈိမ) ။        ။ ကရင်အမျိုးသား အစည်းအရုံး KNU နှင့် အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲကို သောကြာနေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်မည်ဟု KNU ၏ ပြန်ကြားရေးတာဝန်ခံနှင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ် နော်မေဦးက မဇ္ဈိမကို ပြောသည်။

ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ပြုလုပ်မည့် ဆွေးနွေးပွဲတွင် “အပစ်အခတ် ရပ်ဆိုင်းဖို့အတွက် ပဏာမ သဘောတူညီချက်တွေကို လက်တွေ့ အကောင်အထည် ဖေါ်နိုင်ဖို့အတွက် ဘာတွေလိုမလဲဆိုတာ ဆွေးနွေးသွားမှာပါ” ဟု နော်မေဦး က  ပြောသည်။

KNU နှင့် အစိုးရတို့ကြား အပစ်ရပ်ရေးအတွက် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပဏာမ သဘောတူညီချက် ၁၁ ချက်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ အဆိုပါ သဘောတူညီချက်တွင် အပြစ်အခတ် ရပ်စဲရန်၊ နှစ်ဘက်လုံး ငြိမ်းချမ်းရေး
ပြောဆိုမှုများနှင့် တိုးတက်မှုများအတွက် ပူးပေါင်းလုပ်ဆောင်ရန်၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ရန် စသည့် အချက်များ ပါဝင်သည်။

KNU ထိန်းချုပ်နယ်မြေများအတွင်း အစိုးရတပ်များ ပြန်လည် ရုပ်သိမ်းပေးရန် ဖေဖေါ်ဝါရီလ ၂၂ ရက်နေ့တွင် KNU က တောင်းဆိုခဲ့သော်လည်း အစိုးရဘက်မှ တပ်များရုပ်သိမ်းပေးခြင်း မရှိသေးဟု နော်မေဦးက ဆိုသည်။

“တိုက်ပွဲတွေဖြစ်နေတာ မရှိပေမယ့် အပြောင်းမလဲ ကြီးကြီးမားမားကြီးတော့ မရှိပါဘူး။ ဒါ့အပြင် ဆိုးဆိုးရွားရွား အခြေအနေလည်း ဖြစ်မနေပါဘူး တိုက်ပွဲဖြစ်သလိုမျိုးပေါ့။ ကရင်ရွာတွေမှာ အစိုးရရဲ့ တပ်တွေရှိနေတုန်းပဲ၊ စစ်ဒေသ ဆိုတာ သေနတ်တွေ အမြဲတမ်းတဒုန်းဒုန်းနဲ့ ပစ်နေမှ မဟုတ်ဘူး” ဟု မဇ္ဈိမကို ရှင်းပြခဲ့သည်။

သောကြာနေ့ ဆွေးနွေးပွဲသို့ KNU ဘက်မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်တို့နှင့်အတူ ငြိမ်းချမ်းရေးကိုယ်စားလှယ် ၂၁ ဦး လိုက်ပါသွားမည်ဟုလည်း သိရသည်။

KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ဗုဒ္ဓဟူးနေ့တွင်လည်း ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင် ဟိုတယ်၌ ကရင်ပြည်နယ်အတွင်းရှိ အစိုးရတပ်မှ စစ်ဌာနချုပ်များမှ တပ်မှူးများ၊ ဦးအောင်မင်းဦးဆောင်သည့် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကရင်လူထုနှင့်လည်း တွေ့ဆုံရန်ရှိသည်။

KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မတ်လ ၆ ရက် ၇ ရက်နေ့များတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင်၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံနိုင်ဆွေးနွေးနိုင်ရန် စီစဉ်လျက်ရှိပြီး “နိုင်ငံရေး အဖွဲ့အစည်း
တွေရဲ့ ရပ်တည်မှု သဘောထား၊ သူတို့တွေနဲ့ ဘယ်လိုနေရာမျိုးတွေမှာ အင်အားဖြည့်ပြီးတော့ အလုပ် လုပ်လို့ရမလဲ။ ဒီဟာတွေကို ကျမတို့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်ပါတယ်။ နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့နေရာမှာ ကျမတို့အားလုံး စုပေါင်းပြီးတော့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်ပါတယ်” ဟု နော်မေဦးက မဇ္ဈိမကိုပြောသည်။

KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို အစိုးရမှ လွှတ်ပေးခြင်းသည် KNU နှင့် အစိုးရကြား ငြိမ်းချမ်းရေးဆွေးနွေးမှု အတွက် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုကို ရရှိစေပြီး ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရွေးကောက်ပွဲ ဝင်ခဲ့သည့် NLD ပါတီမှ အမတ်များ လွှတ်တော်တွင်း ဝင်ရောက်ခွင့် ရရှိခြင်းကလည်း ငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်စေမည်ဟုလည်း KNU ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တဦးဖြစ်သူ နော်မေဦးက ယူဆသည်ဟု လည်း မဇ္ဈိမကိုပြောသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates