ကန့်ဘလူမြို့နယ် ဗုံးကြဲမှုတွင် မိသားစုဝင် ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရ
မဇ္ဈိမ ။ ။ စစ်ကိုင်းတိုင်း ၊ကန့်ဘလူမြို့နယ်အတွင်း စစ်ကော်မရှင်တပ်က လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ အသက်သုံးနှစ်အရွယ် ကလေးနှင့် ၎င်း၏ မိဘနှစ်ပါး သေဆုံးခဲ့ပြီး ဒေသခံ ခုနစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှသိရသည်။
ကန့်ဘလူမြို့နယ် ၊ ထန်းကုန်းတိုက်နယ် ၊မဲသည်ကျေးရွာကို ဇန်နဝါရီလ ၂ရက် ည ၁၀နာရီ ၂၅မိနစ်အချိန်တွင် တံတားဦးမှ တက်လာသည့် ဂျက်လေယာဥ်ဖြင့် ဗုံးကြဲချခဲ့ရာ မောင်ပိုင်ဇေ (အသက် သုံးနှစ်) ၊ မိဘနှစ်ပါးဖြစ်သူ ကိုမင်းမင်းဌေး (အသက် ၄၀ နှစ်) နှင့် မဖြူသီး (အသက် ၄၀ နှစ်) တို့ သေဆုံးခဲ့ရသည်။
၎င်းအပြင် ဒေသခံ ခုနစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ်ရှစ်လုံးပျက်စီးကာ ခိုင်းနွား ခုနစ်ကောင် နှင့် ကျွဲနှစ်ကောင် သေဆုံးခဲ့သည် ဟုဆိုသည်။
“သေဆုံးတဲ့ သူတွေက တမိသားစုတည်းကပါ ၊ လောလောဆယ်တော့ ဒဏ်ရာရတဲ့သူတွေက မစိုးရိမ် ရတဲ့ အခြေအနေကိုရောက်ပါပြီ” ဟု ကန့်ဘလူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးတာဝန်ခံ က မဇ္ဈိမကို ပြောသည်။
ယခင်ရက်သတ္တပတ်အတွင်း ကန်ဘလူမြို့နယ်၌ စစ်ရေးတင်းမာမှုများရှိခဲ့သော်လည်း ယမန်နေ့ည ဗုံးကြဲ မှုတွင် မြေပြင်၌ စစ်ကြောင်းထိုးခြင်း ၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာကို အကြောင်းမဲ့ ဗုံးချသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လာမည်စိုးသဖြင့် ဒေသခံများမှာ ရှောင်တိမ်းမှုများ ပြုလုပ်နေကြကြောင်းလည်း သိရသည်။
စာတည်း။ ။ နောင်နောင်
