ခင်မျိုးသွယ် | သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၀၁ ရက် ၂၀၁၃ ခုနှစ် ၁၄ နာရီ ၃၀ မိနစ်
ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ပမှ တင်သွင်းလာသည့် မော်တော်ယာဉ်များအား အခွန်စည်းကြပ် ကောက်ခံ၍ ဆိပ်ကမ်းမှ ၁၅ လ အတွင်း ထုတ်ပေးပြီးယာဉ်စီးရေမှာ တသိန်း သုံးသောင်းခန့် ရှိကြောင်း အကောက်ခွန် ဦးစီးဌာနက ဆိုသည်။
“ပြည်ပမှ ဝယ်ယူတင်သွင်းလာတဲ့ မော်တော်ယာဉ်တွေအပေါ် အကောက်ခွန် လုပ်ထုံးလုပ်နည်းတွေနဲ့အတူ ကျသင့်ခွန်တွေကို စည်းကြပ်ကောက်ခံပြီး ဆိပ်ကမ်းက ထုတ်ပေးပြီးယာဉ် စုစုပေါင်းမှာ ၂၀၁၁ ခုနှစ်၊
အောက်တိုဘာ ၂၅ ရက်မှ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ ၂၅ ရက်အထိ ၁၂၉,၅၁၇ စီး ရှိပြီ ဖြစ်ပါတယ်” ဟု အကောက်ခွန်ဦးစီးဌာနမှ တာဝန်ရှိ သူတဦးက ပြောသည်။
ယင်း အကောက်ခွန် CD နှင့် ကုန်သွယ်လုပ်ငန်းခွန် CT များ စည်းကြပ်ကောက်ခံ၍ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်များအနက် ယာဉ်အိုယာဉ်ဟောင်း အစားထိုး လဲလှယ်ရေး စီမံချက်အတွက် ၆၁,၅၅၃ စီး၊ ကား အရောင်း ပြခန်းများအတွက် ၂၆,၉၂၃ စီး၊ သင်္ဘောသား ပါမစ်များအတွက်၂,၈၁၈ စီး၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပါမစ်များအတွက်၂၈၆ စီး၊ ကုမ္ပဏီ ပါမစ်များအတွက် ၇၂၈ စီး၊ ပြည်ပတွင် အလုပ်လုပ်ကိုင်သူ များ ပါမစ်များအတွက် အစီး ၄၀၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပါမစ်ဖြင့် အစီး ၁,၉၉၀၊ စစ်သံမှူးပါမစ်ဖြင့် ၁၀၈ စီး၊ လွတ်လပ်စွာ ဝယ်ယူခွင့်ပါမစ်ဖြင့် ၃၅,၀၇၁ စီးတို့ ပါဝင်သည်။
အဆိုပါ ယာဉ်များမှ အခွန်ဘဏ္ဍာငွေအဖြစ် အကောက်ခွန် ကျပ် ၂၀၉,၄၈၇.၀၈ သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၁၂,၅၉၄.၇၅ သန်း၊ စုစုပေါင်း ကျပ် ၄၂၂,၀၈၁.၈၃ သန်း ကောက်ခံ ရရှိပြီးဖြစ်ကြောင်း သိရသည်။