Thursday, May 3, 2012

ဦးအောင်သောင်း၏ ဆောင်ရွက်ချက်အပေါ် KIO သံသယရှိ

ဖနိဒါ | ကြာသပတေးနေ့၊ မေလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၈ မိနစ်

ချင်းမိုင်(မဇ္စျိမ) ။        ။ ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဆွေးနွေးတင်ပြချက်များကို နေပြည်တော် ထိပ်ပိုင်းအရာရှိများထံ တင်ပြမှု ရှိမရှိ သံသယဝင်နေကြောင်း KIO ပြောခွင့်ရသူ ဦးလနန်က ပြောသည်။

ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့က ကချင်လွတ်လပ်ရေးအဖွဲ့ KIO မှ ဆွေးနွေး တင်ပြချက်များကို နေပြည်တော် ထိပ်ပိုင်းအရာရှိများထံ တင်ပြမှု ရှိမရှိ သံသယဝင်နေကြောင်း KIO ပြောခွင့်ရသူ ဦးလနန်က ပြော (ဓါတ်ပုံ မဇ္ဈိမ)

“အမှန်တကယ် အထက်ကို တင်ပြမှု ရှိသလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ကျနော်တို့ အခုတလော စုံစမ်းရရှိတဲ့ သတင်းတွေအရ နေပြည်တော်မှာ ရှိတဲ့ အထက်ပိုင်း လူကြီးတွေ ကျနော်တို့ KIO က တင်ပြတဲ့ ငြိမ်းချမ်းရေးအဆင့် သုံးဆင့်ကို မကြားသိရဘူးဆိုတဲ့ သတင်းတွေ ထွက်နေတယ်” ဟု မဇ္ဈိမကို ပြောသည်။

ထို့ကြောင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် သုံးကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေရခြင်း ဖြစ်နိုင်ကြောင်း “ဒါကြောင့် ရှေ့တန်းတွေမှာက ယုံကြည်မှု ပျက်ပြားပြီးတော့ တိုက်ပွဲတွေ ပိုပြီးတော့ ပြင်းထန်လာတယ်။ တွေ့ဆုံ ဆွေးနွေးမှုအဆင့် မရောက်ပေမယ့် တဖက်နဲ့တဖက် ယုံကြည်မှုရှိအောင်၊ လေးလေး စားစား ရှိလာဖို့ကတော့ ဒီဆွေးနွေးပွဲမှာ ဦးစီးဦးဆောင်ပေးတဲ့ လူပေါ်မှာ အများကြီး မူတည်တယ်လို့ ပြောချင်တယ်” ဟု ဦးလနန် က ပြောသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့သစ်ကို ပြန်လည် ဖွဲ့စည်းမည်ဖြစ်ပြီး ထိုအဖွဲ့သစ်တွင် ၎င်း ပါဝင်တော့မည် မဟုတ်ကြောင်း ကြံ့ခိုင်ရေးပါတီခေါင်းဆောင် ဦးအောင်သောင်း က ဧပြီလ ၃ဝ ရက်နေ့တွင် ပြောဆို ထားသည်။

KIO မှ တင်ပြသည့် အဆင့် သုံးဆင့် ဟူသည်မှာ ပဏာမ နိုင်ငံရေးဆွေးနွေးမှု အဆင့်တွင် နှစ်ဘက်တပ်စခန်းများ ကိစ္စကို နှစ်ဘက် သဘောတူညီမှုရသည်အထိ ဆွေးနွေးသွားရန်၊ အစိုးရနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပါဝင်သည့် ပင်လုံကဲ့သို့ ညီလာခံတရပ် ကျင်းပ၍ သဘောတူညီချက်တရပ် အတည်ပြရန်နှင့် ထိုသဘောတူညီမှုများအား အကောင်အထည် ဖော်သွားကြရန်တို့ ဖြစ်သည်။

လက်ရှိ အစိုးရနှင့် KIO အဖွဲ့များအကြား ငြိမ်းချမ်းရေး ထပ်မံတွေ့ဆုံ ဆွေးနွေးရန်နေရာ ညှိနှိုင်းနေဆဲ ဖြစ်ပြီး KIO ဘက်မှ မိုးမောက်မြို့နယ် လွယ်ဂျယ်အနီးရှိ ပရန်ဝမ်ကျေးရွာတွင် တွေ့ဆုံရန် တင်ပြထားမှုကို အစိုးရဘက်က သဘောတူညီမှု မရှိသလို၊ အစိုးရဘက်က တင်ပြထားသည့် မြစ်ကြီးနားမြို့နှင့် ဗန်းမော်မြို့များတွင် တွေ့ဆုံရန် ကိုလည်း KIO က ငြင်းဆိုထားသည်။

တိုက်ပွဲအခြေအနေ အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့များအကြား မေလ ၂ ရက်နေ့ တရက်တည်းတွင် ဝိုင်းမော်မြို့နယ်၊ ချီဖွေမြို့နယ်နှင့် KIO လိုင်ဇာမြို့နယ်အတွင်း တိုက်ပွဲ ငါးကြိမ် ဖြစ်ပွားခဲ့သည်ဟု KIO မှ ဦးလနန်က ပြောသည်။

မေလ ၁ ရက်နေ့ နံနက်ပိုင်းက KIO၏ တပ်မဟာ ၅ လက်အောက်ခံ တပ်ရင်း ၃ တပ်ဖွဲ့များက မြစ်ကြီးနား-လိုင်ဇာ ကားလမ်းပေါ်ရှိ ဂါးရားယန်ကျေးရွာ အနီးမှ ဝူထော်ကုန်းဘက် အစိုးရတပ်ရင်း ၈၈ နည်းဗျူဟာ ၁ မှ တက်လာသည့် စစ်ကား သုံးစီးမှ နှစ်စီးကို ဗုံးခွဲဖျက်ဆီးခဲ့ရာ ဒုစစ်ကြောင်းမှူး ထိခိုက်ဒဏ်ရာ ရခဲ့သည်ဟု သူက ဆိုသည်။

မေလ ၂ ရက်နေ့တွင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ နမ်ဆန်ယန်ကျေးရွာအနီး အစိုးရတပ်ဖွဲ့နှင့် KIA တပ်ဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ထိုကျေးရွာအနီးရှိ အနီး အဇီးလူမျိုးများ နေထိုင်သည့် ရွာတရွာကို အစိုးရ တပ်ဖွဲ့များ မီးရှို့ဖျက်ဆီးခဲ့ သည်ဟု သိရသည်။

ပန်ဝါမြို့အခြေစိုက်ထားသည့် ဗိုလ်ကြီး Waw Lau ဦးဆောင်သည့် နံပါတ် ၁ဝဝ၂ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များကို နယ်မြေရှင်းလင်းရေးလုပ်ရန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မျိုးတင် က ညွန်ကြားခဲ့သည်ဟု KIO ရှေ့တန်းမှ ရဲဘော်တဦးက ပြောသည်။

“မေ ၁ ရက်နေ့ စည်းဝေးလုပ်ပြီး BGF က KIA ရှင်းလင်းရေးလုပ်။ အခုတလောဘဲ ရောက်တဲ့ စစ်ကြောင်းက လမ်းကြောင်း ရှင်းလင်းရေးလုပ်ပါလို့ ပြောပြီး ကျီးကျန်ဆိုတဲ့ ရွာဘက်ကို ပြန်သွားတယ်”ဟု သူက မဇ္စျိမကို ပြောသည်။

နယ်မြေရှင်းလင်းရေး လုပ်နေသည့် အစိုးရ တပ်ဖွဲ့များက လူအခွင့်အရေးချိုးဖောက်မှုများ  ပြုကျင့်နေကြကြောင်း ကြားသိရသော်လည်း မဇ္စျိမက သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates