Wednesday, May 9, 2012

ဘုရားသုံးဆူ ပြန်ပေးမှု ထပ်ဖြစ်

ကွန်းချမ်း | ဗုဒ္ဓဟူးနေ့၊ မေလ ၀၉ ရက် ၂၀၁၂ ခုနှစ် ၂၁ နာရီ ၁၄ မိနစ်

စံခလပူရီ (မဇ္ဈိမ) ။       ။ လူလေးဦးကို ထိုင်းဘတ်ငွေ ၅ သိန်း (ကျပ်သိန်း ၁၃ဝ ခန့်) ဖြင့် ရွေးယူရန် နိုင်ထွန်း ဦးစီးသည့် ‘မွန်ပြန်လည်ထူထောင်ရေးအဖွဲ့’က ပြန်ပေးဆွဲ ခေါ်ဆောင်သွားသည့် ဖြစ်ရပ်တခု အင်္ဂါနေ့ည ၉ နာရီခန့်တွင် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့၌ ဖြစ်ပွားခဲ့သည်။

ဘုရားသုံးဆူ ရပ်ကွက် ၂၊ ငုဝါ ၁ဝ လမ်းထိပ်ရှိ ရွှေပုဂံ စားသောက်ဆိုင်အတွင်းမှ ဖမ်းဆီးခံရသူများမှာ သုံးဆူ-သံဖြူဇရပ်လိုင်း ယာဉ်မောင်း ကိုဝေယံ၊ ယာဉ်နောက်လိုက် ကိုဘိုဘို၊ ပန်းပုဆရာ ဦးသက်ဦးနှင့် အမျိုးသမီး တဦးတို့ ပါဝင်သည်။

“ဘယ်အိမ်မှာ ဝင်ဖမ်းမယ်ဆိုတဲ့ ပုံစံနဲ့ စနစ်တကျ စီစဉ်ထားပုံ မရှိဘူး။ တွေ့ရာ အားလုံး လိုက်ဖမ်းတာပဲ။ ဖမ်းတာက ၁၂ ယောက်လောက် ရှိတယ်။ ထွက်ပြေးကြလို့ ၈ ယောက်လောက် လွတ်သွားတယ်” ဟု စားသောက်ဆိုင် အနီးတွင် နေထိုင်သူ အမျိုးသားတဦးက ပြောသည်။

ဗုဒ္ဓဟူးနေ့ နေ့လည် ၁၁ နာရီခန့်တွင် ပြန်ပေးသမားများက အဖမ်းခံရသူများ၏ မိသားစုထံသို့ လာရောက်ရွေးယူရန် စာဖြင့် အကြောင်းကြားခဲ့ပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်ကိုလည်း ပေးထားခဲ့သည်။

“ကျနော်တို့က ဆင်းရဲသားမှန်း မသိလို့ ဖမ်းမိတယ်။ ညှိဦးမယ်လေ။ သူတို့က ဘယ်လောက်ပေးနိုင်မလဲ ဆိုတာ” ဟု ပြန်ပေးသမားတဦးက ပြောသည်။

၎င်း၏ အဆိုအရ မိမိတို့အဖွဲ့အတွက် နှစ်စဉ်ကြေး ကောက်ခံသည်ကို သုံးဆူမြို့ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက မပေးဘဲ ပြည်သူ့စစ်ဖွဲ့ခြင်း၊ နှစ်စဉ်ကြေး ပေးရန် နေရာကို ချိန်းဆိုပြီးနောက် မိမိတို့အဖွဲ့အား ဝိုင်းခြင်း စသည့်တို့ကြောင့် ယခုကဲ့သို့ ပြုလုပ်ရခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်း ‘မွန်ပြန်လည်ထူထောင်ရေးအဖွဲ့’ ကို ၂၀၁၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး အင်အား ၁၀ ဦးကျော်သာ ရှိကြောင်း မွန်ပြည်သစ်ပါတီမှ စစ်ဘက်အရာရှိတဦးက ပြောသည်။

ထိုအဖွဲ့က ဘုရားသုံးဆူမြို့နယ်အတွင်း ရွှေဆိုင် အပါအဝင် စီးပွားရေး ချောင်လည်သူများနှင့် ရာဘာခြံရှင်များထံမှ ဆက်ကြေး ကောက်ခြင်းနှင့် ပြန်ပေးဆွဲခြင်းတို့ကို ၆ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ဖူးသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates