အိန္ဒိယ- မြန်မာနယ်စပ်ဂိတ်တွင် ပစ်ခတ်မှုဖြစ်ပွား
နယူးဒေလီ (မဇ္ဈိမ) ။ ။ အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့ နန့်ဖာလုံဈေး အနီးတွင် ဖေဖေါ်ဝါရီလ ၄ ရက်နေ့ နေ့လည်ပိုင်း နှစ်နာရီအချိန်ခန့်က ပစ်ခတ်မှုတခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အိန္ဒိယ အာသံရိုင်ဖယ် Assam Rifle တပ်မှ ကင်းလှည့်စစ်ဆေးစဉ် နယ်စပ်ဂိတ်အမှတ် ၂ ၌ မဏိပူရ (ကသဲ) လူမျိုး အချို့က အစစ်အဆေးမခံဘဲ မြန်မာဘက်ခြမ်း နန့်ဖာလုံ ဈေးဂိတ်သို့ ထွက်ပြေးခြင်းကြောင့် Assam Rifle မှ ပစ်ခတ်ခြင်းဖြစ်ကြောင်း နန့်ဖာလုံဈေး ဒေသခံတဦးက ပြောသည်။
ပစ်ခတ်မှုကြောင့် လူထိခိုက်သေဆုံးမှု မရှိသော်လည်း ကုန်သည်တဦး၏ ကားမှာ ကျည်ဆံများ ထိမှန်ကာ ပျက်ဆီးခဲ့သည်ဟု ဆိုသည်။
“စစ်တပ်က မိုးရေးမြို့ ဂိတ် 2 ဈေး လမ်းပေါ်မှာ၊ မြို့ထဲမှာ ကင်းလှည့်တဲ့အချိန် ကသဲလူမျိုး လေး/ငါးယောက်ကို စစ်ဆေးတာ အစစ်မခံဘဲ ကျနော်တို့ နန့်ဖာလုံဈေးဘက် ထွက်ပြေးလာတာ။ အိန္ဒိယတပ်က နောက်ကနေ လိုက်ပစ်တာ။ ပစ်တဲ့အခါကျတော့ ဒီနန့်ဖာလုံဈေးရောင်းတဲ့ လူတွေရဲ့ ကားတွေ ရပ်ထားတာ ရှိတယ်လေ၊ ထွက်ပြေးလာတဲ့သူတွေက ကွယ်တဲ့အခါကျတော့၊ တဖြောင်းဖြောင်းနဲ့ ဆွဲပစ် ပစ်တာ ထိတဲ့ကားဆို အပေါက် အပေါက်တွေချည်းပဲ။ လူမထိဘူး” ဟု ဒေသခံ ဈေးသည်တဦးက မဇ္ဈိမကို ပြောသည်။
ထိုသို့ ပြေးဝင်လာသည့် ကသဲလူမျိုးများတွင် လက်နက်ပါ/ မပါ မသိရှိရပေ။
အဆိုပါပစ်ခတ်မှုနှင့်စပ်လျဉ်း၍ မြန်မာနှင့်အိန္ဒိယ နှစ်ဖက် ဒေသခံတပ်ခေါင်းဆောင်များ ဆွေးနွေးသွားမည်ဟု သိရသည်။
Assam Rifle တပ်မှ ထိခိုက်ပျက်စီးမှုများအား လျှော်ကြေးပေးများမည် ဆိုသည့် သတင်းများထွက်နေသော်လည်း အင်္ဂါနေ့အထိ မရသေးကြောင်း အဆိုပါဒေသခံက ဆိုသည်။
အိန္ဒိယ ခွဲထွက်သူပုန်များဖြစ်ကြသည့် PLA, ULFA, UPLF, PREPAK, KCP, KYKL, RPF နှင့် UNLF တို့အပါအဝင် ရှစ်ဖွဲ့ထက်မနည်းမှာ မြန်မာ့မြေပိုင်နက် အတွင်းဝယ် ခိုလှုံ နေထိုင်ကြကြောင်း အိန္ဒိယ သတင်းစာများတွင် ရေးသားထား သည်။
၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ခရစ်စမတ်နေ့ကလည်း နန်းဖာလုံဈေးလုံခြုံရေး တာဝန်ကျ မြန်မာစစ်သားတဦး၏ ပစ်ခတ်မှု
ကြောင့် အနီးရှိ အိန္ဒိယပိုင် မိုးရေးမြို့ဘက်တွင် ဘောလုံးကစား နေသည့် လူငယ်တဦးအား သေနတ်ကျည်ဆံ ထိမှန်ခဲ့ဖူးသည်။