ရန်ကုန် (မဇ္ဈိမ) ။ ။ တတိယအကြိမ်မြောက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးများကို
ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပြန်လည်စတင် တော့မည်ဖြစ်ရာ ဘတ်ဂျက်ခွဲဝေသုံးစွဲမှုကို အထူးပြု ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း သိရသည်။
ယခု တတိယအကြိမ် လွှတ်တော်အား ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့အထိ အချိန်ယူ ကျင်းပသွားမည်ဖြစ်၍ ရန်ကုန်တိုင်းအတွင်း ဘတ်ဂျက်သုံးစွဲမှုအား အပြီးသတ် ဆွေးနွေးမည်ဟု ယူဆနေကြခြင်းဖြစ်သည်။
၂ဝ၁၁ ခုနှစ် နိုဝင်္ဘာ လွှတ်တော်အစည်းအဝေးတွင် ကြံ့ခိုင်ရေးနှင့် တပ်မတော်သား ကိုယ်စားလှယ်တို့၏ ကန့်ကွက် ပယ်ချခြင်းခံခဲ့ရသော ရန်ကုန်တိုင်းအတွင်း သောက်သုံးရေ ဖူလုံရေးအဆို တင်သွင်းခဲ့သူ သင်္ကန်းကျွန်း (၁) ကိုယ်စားလှယ် ဦးကျော် က ၎င်းအဆိုကို ဆက်လက် မတင်သွင်းတော့ကြောင်း ပြောသည်။
“အခုတော့ ရန်ကုန်ရေပေးဝေရေးကို တမြို့လုံး လုပ်နေပြီဆိုတာ သိရပါတယ်။ ဒီကိစ္စတော့ ထပ်မဆွေးနွေး ဖြစ်တော့ ဘူး။ ဒီနေ့ခေါ်ပြောတဲ့ အစီအစဉ်အရဆိုရင် ဖေဖော်ဝါရီ ၂၁ ရက်နေ့အထိ အချိန်စာရင်းပါတယ်” ဟု မဇ္ဈိမကို ပြောသည်။
၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ အတွင်းက ကျင်းပခဲ့သည့် လွှတ်တော် အစည်းအဝေးပွဲများ အပြီး သုံးလခန့် ရပ်နားခဲ့ ပြီးနောက် ယခု ပြန်လည်ကျင်းပမည်ဖြစ်သည်။ ဒုတိယအကြိမ် လွှတ်တော် အစည်းအဝေးများကို နိုဝင်ဘာ ၃ ရက်မှ ၈ ရက်အထိသာ ကျင်းပခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးများတွင် အဆိုတင်သွင်းရာတွင် ပထမအကြိမ် အစည်းအဝေးတွင် တင်သွင်းခဲ့သည်များကို ဒုတိယအကြိမ်တွင် ဆွေးနွေးခဲ့ပြီး၊ ဒုတိယအကြိမ်တွင် ဆွေးနွေးခဲ့သည့် ဘတ်ဂျက် ခွဲဝေ သုံးစွဲရေး ကိစ္စကို ယခုအကြိမ်တွင် အချိန်ပိုရရှိသောကြောင့် အပြီးသတ် ဆွေးနွေးဖွယ်ရှိနေသည်။
သို့ရာတွင် ယခု လွှတ်တော်အစည်းအဝေးပွဲသို့ တင်သွင်းသည့် ကိုယ်စားလှယ်များ၏ အဆို များပြားသောကြောင့် အချို့အဆိုများကို တင်သွင်းခွင့်ရမည် မဟုတ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ကိုယ်စားလှယ် ၁၂၃ ဦးဖြင့် ဖွဲ့စည်းထားပြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ ဦးဆောင်သော ၁၂ ဦးပါ အစိုးရအဖွဲ့ ဖွဲ့စည်းပေးထားသည်။