Tuesday, February 14, 2012

တာမွေ မီးလောင်မှု ၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်



ရန်ကုန် (မဇ္ဈိမ) ။      ။ အင်္ဂါနေ့မနက်ပိုင်းက တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း တာမွေ မီးသတ်တပ်ဖွဲ့ရုံးအနီး တာမွေကြီး (ခ) ရပ်ကွက် အတွင်း မီးလောင်မှု ဖြစ်ပွားရာ အိမ်လေးလုံးမှာ လုံးဝလောင်ကျွမ်းသွားပြီး အခြားလေးလုံးမှာ တဝက်စီ မီးလောင်ပျက်စီးသွားသည်။

နံနက် ၉ နာရီတွင် မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းသည့် အဆိုပါ မီးလောင်မှုကို တာမွေနှင့် တိုင်း ဗဟိုမီးသတ် အပါအဝင် အခြား ၁၁ မြို့နယ်မှ မီးသတ်ဌာနများ၊ စည်ပင်မီးသတ်ဌာန တို့မှ မီးသတ်ကားစီးရေ ၃၄ စီး၊ အုပ်ချုပ်မှုယာဉ် ၄ စီး၊ အထောက်အကူပြုယာဉ် ၃ စီး သုံး၍ မိနစ် ၄ဝ ကြာ ငြှိမ်းသတ်ခဲ့ရသည်။

မီးလောင်မှုကြောင့် မီးဘေးဒုက္ခသည် ဖြစ်သွားသည့် အိမ်ထောင်စု ၁၆ စုမှ လူဦးရေ ၆၈ ဦးကို တာမွေဓမ္မာရုံ ယာယီကယ်ဆယ်ရေးစခန်းတွင် လက်တလော ပြောင်းရွှေ့ ထားရှိသည်။

အဆိုပါမီးလောင်မှု အတွက် ဆုံးရှုံးနစ်နာမှု တန်ဖိုးကို အိမ်တလုံး ကျပ် ၅ သိန်း၊ အိမ်တခြမ်း ကျပ် ၁ သိန်း နှုန်းဖြင့် အိမ် ၄ လုံး + အိမ် ၄ ခြမ်းအတွက် စုစုပေါင်း ၂၄ သိန်း ဟု မီးသတ်တပ်ဖွဲ့ အစီရင်ခံစာတွင် မှတ်တမ်းတင်ထားသည်။


အဆိုပါမီးလောင်မှုတွင် သန္ဓေမီးသတ် ၃၀၀ ကျော်၊ အရန်တပ်ဖွဲ့ဝင် ၁၀၀ ကျော် သုံး၍ မီးသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။

မီးစတင်လောင်ကျွမ်းရာ နေအိမ် (တာမွေကြီး(ခ) ရပ်ကွက်၊ အိမ်အမှတ် ၃၆၉) မှ အိမ်ရှင် ဒေါ်သီတာအား တာမွေ ရဲတပ်ဖွဲ့က ပ/၁၄၅/၂ဝ၁၂/ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်ထားသည်။
 

Mizzima Burmese Copyright © 2011 | Template design by O Pregador | Powered by Blogger Templates