NED အကြီးအကဲ မြန်မာပြည်သွား
ကိုဝိုင်း | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၀၈ ရက် ၂၀၁၁ ခုနှစ် ၂၀ နာရီ ၄၃ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမေရိကန်နိုင်ငံ နိုင်ငံတကာ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့  National Endowment for Democracy NED မှ အကြီးတန်း ညွှန်ကြားရေးမှူး Brian Joseph ဘရိုင်ယန်ဂျိုးဇက်သည် အတိုက်အခံ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD နှင့် မြန်မာနိုင်ငံတွင်း စီးပွားရေး၊ ဥပဒေစိုးမိုး ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။
အမေရိကန်နိုင်ငံ ဝါရှင်တန် ဒီစီ အခြေစိုက် NED သည် လူ့အခွင့်အရေး၊ မီဒီယာလွတ်လပ်ခွင့်၊ ဒီမိုကရေစီဖွံ့ဖြိုးရေး၊ ဥပဒေစိုးမိုးရေးတို့အတွက် အထောက်အပံ့ပေးနေသော အဖွဲ့အစည်းတခုဖြစ်သည်။
ဦးတင်ဦးက “ကျနော်တို့ဘက်ကလည်း ပြောတာက ကျနော်တို့မှာ Lawyers တွေရှိတယ်။ သို့သော်လည်း ဥပဒေ စိုးမိုးရေးနဲ့ ပတ်သက်ပြီး မရခဲ့ဘူးပေါ့။ အထူးသဖြင့် နိုင်ငံရေးရည်မှန်းချက်တွေနဲ့ အကျဉ်းကျတဲ့ နိုင်ငံရေးသမားတွေက တော်တော်လေး ခံစားကြရတဲ့ပေါ် မူတည်ပြီးတော့ ဒီပညာရပ်တွေပေါ်မှာ ပိုတိုးတက်အောင်၊ ခုခံကာကွယ် နိုင်တာတွေနဲ့ ပတ်သက်ပြီး သူတို့က workshop တွေ လုပ်ပေးချင်တယ်ပေါ့။” ဟု မဇ္ဈိမကို ပြောသည်။
NLD ရန်ကုန် ဗဟိုဌာနချုပ်၌ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်၊ ဦးဝင်းမြင့်၊ ဒေါ်မေဝင်းမြင့်တို့နှင့် ဒီဇင်ဘာ ၆ ရက် မနက် ပိုင်းတွင် တနာရီခွဲကျော် တွေ့ဆုံခြင်း ဖြစ်သည်။
NLD ဥပဒေအထောက်အကူပြုအဖွဲ့ဝင် ရှေ့နေများအပါအဝင် ဒီမိုကရေစီအင်အားစုဘက်မှ ဥပဒေ ပညာရှင်များ၏ စွမ်းရည်မြှင့်တင်ရေးကို ပို၍ဦးစားပေးသင့်သည်ဟု ယူဆသူ ဦးတင်ဦးက NED နှင့် ဆက်စပ်နေသည့် ထိုင်း၊ ဥရောပ၊ ဂျာမနီ စသည့်နိုင်ငံများရှိ ဥပဒေဆိုင်ရာ workshop များသို့ တက်ရောက်နိုင်ရေးလည်း ဆွေးနွေးသည်ဟု ဆိုသည်။
စီးပွားရေးလုပ်ငန်းတွင် ပုဂ္ဂလိကပိုင်ပြုရေး လေလံလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း အစိုးရနှင့် နီးစပ်သူများကိုသာ ခွဲဝေပေးနေသည့် လုပ်ဟန်များကို ပြုပြင်နိုင်ရန် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများ ကျင်းပနိုင်ရေးလည်း
ဆွေးနွေးခဲ့ကြသည်။
NLD နှင့်မတွေ့မီ ဒီဇင်ဘာ ၃ ရက်နေ့က မင်္ဂလာမြန်မာ ရန်ကုန်ရုံးတွင် ပြည်တွင်းလူမှုရေး လုပ်နေသည့် မီဒီယာ သမားများ၊ အသေးစားချေးငွေလုပ်ငန်းရှင်များနှင့် အမျိုးသမီးအဖွဲ့တချို့ကို တွေ့ဆုံခဲ့ကြောင်း မင်္ဂလာမြန်မာမှ ဒါရိုက်တာ ဒေါက်တာဖုန်းဝင်းက ပြောသည်။